10.07.2008

ဆန်ကို ပြည်တွင်းပြည်ပ လွတ်လပ်စွာ ရောင်းခွင့်ပေးသော်လည်း အနုတ်အသိမ်းမရှိဟု ဆန်ကုန်သည်ကြီးများပြော

နာဂစ်မုန်တိုင်းပြီးချိန်မှစ၍ ရန်ကုန်မြို့ရှိ ဆန်များကို နယ်တင်ပို့ခွင့် ကန့်သတ်ထားရာမှ ပြီးခဲ့သည့် သတင်းပတ်ကစပြီး ဆန်ကို ပြည်တွင်းပြည်ပ လွတ်လွတ်လပ်လပ် ရောင်းချခွင့်ပြုသော်လည်း နယ်၌ ဆန်အ၀ယ်မလိုက်သဖြင့် ဆန်အနုတ် အသိမ်းမရှိဖြစ်နေသည်ဟု ရန်ကုန်ဆန်ကုန်သည်ကြီးများက ပြောသည်။

ရန်ကုန်ဆန်ကို ပြည်တွင်းနှစ်သက်ရာဒေသသို့ လွတ်လွတ်လပ်လပ် တင်ပို့ခွင့်ပြုသည့်ပြင် နိုင်ငံခြားသို့လည်း တင်ပို့နိုင် ကြောင်း ရန်ကုန်တိုင်းမှူးက ရန်ကုန်ဆန်ကုန်သည်ကြီးများကို ရှင်းလင်းပြောကြားသည်ဟု ဘုရင့်နောင်ကုန်သည်ကြီး များက ပြောသည်။

ပုဂ္ဂလိက ဆန်ကုန်သည်များအနေဖြင့် နိုင်ငံခြားကို ဆန်တင်ပို့လိုပါက ပို့ကုန်ခွန် (၁၀) ရာနှုန်းကောက်ခံမည် ဖြစ်ကြောင်း လည်း ရန်ကုန်တိုင်းမှူးက ပြောသည်ဟု ဆန်ကုန်ကြီးတဦးက ဆိုသည်။ သို့သော် စစ်အစိုးရ ဆန်လွှတ်ပေးချိန်၌ နယ်က ဆန်အ၀ယ်မလိုက်သဖြင့် ဆန်ဈေးတန်းနေသည်။ လောလောဆယ် ပေါ်ဆန်း တတင်းခွဲတအိတ်ကို (၃) သောင်း (၁) ထောင်မှ (၃) သောင်း (၅) ထောင်ကြားရှိပြီး ဆန်ကြမ်းဈေးမှာ (၁) သောင်း (၈) ထောင်ဝန်းကျင်သာရှိနေသည်။ စစ်ကိုင်းတိုင်းတွင်လည်း ဆန်အရောင်းအ၀ယ် တန်းနေသည်ဟု သိရသည်။

မုန်တိုင်းကြောင့် ဧရာဝတီတိုင်း မြို့နယ်အတော်များများ နွေစပါးပျက်စီးကုန်သည့်ပြင် မိုးစပါးအစိုက်နည်းသွားသော် လည်း မုန်တိုင်းလွတ်ဒေသများဖြစ်သည့် ပုသိမ်၊ ဓနုဖြူ စသည့်ဒေသများတွင် ဆန်လက်ကျန်ရှိနေသေးကြောင်း ရန်ကုန် ဆန်ကုန်သည်ကြီးများက ပြောသည်။

မည်သည့်အတွက် မြန်မာစစ်အစိုးရက ဆန် ရုတ်တရက်လွှတ်ပေးသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း စစ်အစိုးရလက်ထဲတွင် (၃) နှစ်စာ တပ်ရိက္ခာရှိနေသည်ဟု ဆန်ကုန်သည်ကြီးများက ပြောသည်။ ပဲခူးအရှေ့ခြမ်းမှ မိုးစပါးစတင်ထွက်နေပြီဖြစ်သော်လည်း ယခုနှစ် မိုးစပါး အထွက်နည်းမည်ဟု ဘုရင့်နောင် ဆန်ကုန်သည်ကြီးများက မှန်းသည်။

စစ်အစိုးရက ဆန်ကိုလွှတ်ပေးခြင်းမှာ ယာယီသာဖြစ်ပြီး မကြာခင် ပြန်လည်ပိတ်ဆို့ ကန့်သတ်မည်ဟု ယူဆကြောင်း စစ်ကိုင်းတိုင်းမှ ဆန်ကုန်သည်ကြီးများက မှန်းသည်။

No comments:

Post a Comment