10.07.2008

ရန်ကုန်မှ အန်အယ်လ်ဒီ လူမှုအထောက်အကူအဖွဲ့ဝင်တဦး အဖမ်းခံရ

ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ် အန်အယ်လ်ဒီ လူမှုအထောက်အကူအဖွဲ့ဝင် ဦးအေးညွန့်ကို ယခုလ (၄) ရက်နေ့ ည၌ ပြည်ထဲရေးဌာနက လာရောက်ဖမ်းသွားကြောင်း မိသားစုဝင်တဦးက ပြောသည်။

၎င်းက “မေးစရာလေးတွေရှိတယ်ဆိုပြီးတော့ လာခေါ်သွားတာ။ လာတာကတော့ (၉) နာရီခွဲနဲ့ (၁၀) နာရီကြားလောက် ကပေါ့နော်။ ရှာတာဖွေတာ ဘာညာနဲ့ဆိုတော့ (၁၂) ခွဲလောက်ကျတော့ ခေါ်သွားတာပေါ့” ဟု ပြောသည်။

အရပ်ဝတ်များ ၀တ်ဆင်ထားသူ လူ (၃) ဦးပါဝင်သည့်အဖွဲ့က လာရောက်ခေါ်ဆောင်သွားခြင်းဖြစ်ပြီး ယနေ့အထိ တစုံတရာ အကြောင်းကြားလာခြင်း မရှိသေးကြောင်း သိရသည်။

အဆိုပါမိသားစုဝင်က “ဦးဝင်းမောင်ဆိုတာပါလာတယ်။ ပြည်ထဲရေးကတဲ့။ နောက် (၂) ယောက်ထဲမှာကတော့ ကျော်သူ ရှိန်ဆိုလား တယောက်ပါသေးတယ်။ အကုန်လုံး အရပ်ဝတ်တွေပဲ” ဟုပြောသည်။

မိသားစုအနေဖြင့် မိတ်ဆွေအပေါင်းအသင်းများ၏ အကြံပြုချက်အရ တပတ်ခန့်စောင့်ကြည့်ရန် ဆုံးဖြတ်ခဲ့ကြောင်း၊ ဦးအေးညွန့်သည် ဖမ်းဆီးခံရနိုင်လောက်သောလုပ်ငန်းမျိုး လုပ်ကိုင်ထားခြင်းမရှိသောကြောင့် ခေတ္တလာရောက် ခေါ်ဆောင်သွားခြင်းဟုသာ ယူဆထားသည်။

သို့သော် ဦးအေးညွန့်၏ လုပ်ဖော်ကိုင်ဖက်တဦးကမူ အန်အယ်လ်ဒီအဖွဲ့ဝင်တဦးဖြစ်သည့် ဦးအေးညွန့်သည် ရပ်ကွက် အတွင်းရှိ လူမှုရေးစိတ်ဝင်စားသူများ၊ ပံ့ပိုးကူညီလိုသူများဖြင့် စုဖွဲ့ထားသော တောင်ဥက္ကလာမြို့နယ် လူမှုအထောက် အကူအဖွဲ့၏ လုပ်ငန်းများတွင် တက်ကြွစွာ လှုပ်ရှားသူတဦး ဖြစ်သောကြောင့် လာရောက်ဖမ်းဆီးခြင်းဖြစ်နိုင်ကြောင်း ထင်မြင်ချက်ပေးသည်။

ထို့အပြင် ဦးအေးညွန့်သည် သွေးတိုးနှင့် ဆီးချိုရောဂါခံစားနေရသဖြင့် ဆေးပုံမှန်မှီဝဲနေရပြီး ကျန်းမာရေးနှင့် ညီညွတ် မည့် အစားအသောက်များကိုသာ စားနေရသူဖြစ်ကြောင်း သိရသည်။ အဆိုပါ လူမှုအထောက်အကူအဖွဲ့၏ လုပ်ငန်းများ တွင် နိုင်ငံရေးအကျဉ်းသားများ၏ သားသမီးများကို ပညာသင်စရိတ် ထောက်ပံ့ခြင်းလည်း ပါဝင်ကြောင်း သိရသည်။

အန်အယ်လ်ဒီပြောခွင့်ရ ဦးဥာဏ်ဝင်းကမူ အဆိုပါသတင်းနှင့်ပတ်သက်၍ ၎င်းတို့ထံသို့ တင်ပြလာခြင်းမရှိသေးကြောင်း ပြောသည်။

No comments:

Post a Comment