9.08.2008

ကြံ့ဖွံ့ရုံးဗုံးခွဲမှုစွပ်စွဲခံရသူများငြင်းဆို

လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများကွန်ရက်(HRDP)အဖွဲ့ခေါင်းဆောင်ဦးမြင့်အေးနှင့်
အန်အယ်လ်ဒီအဖွဲ့ဝင်(၂)ဦးတို့အားရွှေပြည်သာကြံ့ဖွံ့ရုံးဗုံးဖောက်ခွဲမှုကျူးလွန်သူအဖြစ် စစ်အစိုးရက စွပ်စွဲခဲ့သည်ကို မဟုတ်မမှန်ကြောင်း စွပ်စွဲခံရသူတို့ဘက်က ပြန်လည်ငြင်းဆိုသည်။
ယမန်နေ့က နေပြည်တော်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ရဲချုပ်ဗိုလ်မှူးချုပ် ခင်ရီက ဇူလိုင် (၁) ရက် ရွှေပြည်သာကြံ့ဖွံ့ရုံးကို ဗုံးဖောက်ခွဲမှုကျူးလွန်ခဲ့သူများသည် ထန်းတပင် အန်အယ်လ်ဒီ လူငယ် ရန်ရွှေနှင့် ရွှေပြည်သာအန်အယ်လ်ဒီ ဇော်ဇော်အောင်တို့ဖြစ်ကြောင်း၊ ဗုံးဖောက်ခွဲရန် ပြည်ပက အဓိကစီမံဆောင်ရွက်ပေးသူမှာ FDBမှ ကျော်ထက်ဖြစ်ပြီး ဗုံးပေးသူနှင့် ငွေကြေး တဆင့်ခံ ထောက်ပံ့ပေးသူမှာ ဦးမြင့်အေးဖြစ်သည်ဟု စွပ်စွဲထားသည်။
ရဲချုပ်၏ ဦးမြင့်အေးအပေါ် စွပ်စွဲချက်များသည် လုံးဝဆီလျော်မှုမရှိဘဲ မှားယွင်းသည့်စွပ်စွဲချက် များသာဖြစ်သည်ဟု HRDP အဖွဲ့မှ ဦးမောင်မောင်လေးက ပြောကြားသည်။
၎င်းက “ကျနော်တို့က လူ့အခွင့်အရေးကိစ္စပဲလုပ်တယ်။ မည်သည့်တခြားကိစ္စမှ လက်ခံဆောင် ရွက်ခြင်းမရှိဘူး။ အကြမ်းဖက်မှုကိစ္စတွေ ကျနော်တို့ကိုယ်တိုင်လည်း ဆန့်ကျင်တယ်။ ဘယ်လို အကြမ်းဖက်မှုမျိုးကိုမဆို ဆောင်ရွက်တဲ့ လူပုဂ္ဂိုလ်အဖွဲ့အစည်း၊ အစိုးရ အကုန်ဆန့်ကျင်တယ်။ အဲဒီအပေါ်မှာ ကျနော်တို့က တစုံတရာ အားပေးစရာ၊ ပတ်သက်စရာအကြောင်း ဘာမှမရှိဘူး” ဟု ပြောသည်။
ဗုံးဖောက်ခွဲမှု ကျူးလွန်သည်ဟု စွပ်စွဲခံထားရသည့် ကိုရန်ရွှေ၊ ကိုဇော်ဇော်အောင်တို့နှင့် HRDP အဖွဲ့ ပတ်သက်မှုမရှိကြောင်း၊ ဦးမြင့်အေးအား မည်သည့်နေရာတွင် ဖမ်းချုပ်ထားသည်ကို မသိရှိ သေးဘဲ မိသားစုနှင့်လည်း အဆက်အသွယ်ဖြတ်ခံထားရကြောင်း၊ ထိန်သိမ်းခံနေရစဉ်အတွင်း စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာအရ ညှဉ်းပန်းနှိပ်စက်ခံနေရမည်ကို စိုးရိမ်ပူပန်မိကြောင်း HRDP အဖွဲ့က ပြောသည်။
ဖောက်ခွဲဖျက်ဆီးမှုများကို ကျူးလွန်ရာတွင် အန်အယ်လ်ဒီပါတီဝင်များ ပါဝင်ပတ်သက်နေသည် ဆိုသည့် ရဲချုပ်ဗိုလ်မှူးချုပ်ခင်ရီ၏ စွပ်စွဲချက်အပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက“မနေ့က သတင်းစာရှင်းလင်းပွဲမှာ အန်အယ်လ်ဒီဆိုပြီး ပြောသွားတဲ့တော်တော်များများဟာအန်အယ်လ်ဒီကထုတ်ပယ်ပြီးသားသူတွေဖြစ်တယ်။ ဒီသတင်းစာရှင်းလင်းပွဲမှာ ပြောကြားချက်တွေဟာ စွပ်စွဲချက်အဆင့်ပဲရှိပါတယ်။ သက်သေထင် ရှားတဲ့ အချက်တွေမဟုတ်ပါဘူး။ အန်အယ်လ်ဒီအပေါ်မှာ ပိုပြီးဖိအားပေးတဲ့သဘောလို့ပဲ မြင်ပါတယ်။ ဒီဖောက်ခွဲဖျက်ဆီးရေးသမားတွေနဲ့ အန်အယ်လ်ဒီက ချိတ်ဆက်တယ်ဆိုတဲ့ သဘောမျိုးပါ ” ဟုပြောသည်။
မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစု (FDB) ဒု-အထွေထွေအတွင်းရေးမှူးချုပ် ဦးကျော်ထက်က လည်း ဗုံးဖောက်ခွဲမှုပြုလုပ်ရန်အတွက် ဦးမြင့်အေးအား ငွေကြေးထောက်ပံ့သည်ဆိုသည့် စွပ်စွဲချက် မဟုတ်မှန်ကြောင်း ပြန်လည်ငြင်းဆိုသည်။
ပြစ်မှုကျူးလွန်သူတဦးချင်းကိုဥပဒေနှင့်အညီအရေးယူဆောင်ရွက်နေကြောင်း၊ အန်အယ်လ်ဒီအပေါ် နောင်မည်သို့ သဘောထားရမည်ဆိုသည်မှာ အန်အယ်လ်ဒီ၏ ရှေ့ဆက် ဆောင် ရွက်မှု အပေါ် မူတည်သည်ဟုပြန်ကြားရေးဝန်ကြီးဗိုလ်မှူးချုပ်ကျော်ဆန်းကလည်းယမန်နေ့သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။
၂၀၀၈ ခုနှစ်တွင် ဗုံးပေါက်ကွဲမှု(၅) ကြိမ်ဖြစ်ပွားခဲ့ပြီး (၁) ကြိမ်သာဖော်ထုတ်နိုင်ခဲ့ကြောင်း ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီက သတင်းစာရှင်းလင်းပွဲ၌ ၀န်ခံပြောကြားသည်။

စလင်း အန်အယ်ဒီ အဖွဲ့ဝင်များ ဖမ်းဆီးခံရ

မကွေးတိုင်း စလင်းမြို့နှင့် ပွင့်ဖြူမြို့နယ်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် နှစ်ဦးကို အာဏာပိုင်များက ယခုလ ၆ ရက်နှင့် ၇ ရက်နေ့တွင် ဖမ်းဆီးခေါ်ဆောင်သွားသည်။၆ ရက်နေ့က စလင်းမြို့နယ် ဆင်ဖြူကျွန်းရပ်နေ ကိုသိန်းအောင်၊ ကိုငြိမ်းမောင်တို့အား မြို့နယ်ရဲတပ်ဖွဲ့များ၊ ထောက်လှမ်းရေးအဖွဲ့ (အက်စ်ဘီ)နှင့် စွမ်းအားရှင် ၁၀၀ ခန့်က ခဏလိုက်ခဲ့ပါဟုဆိုကာ နေအိမ်မှ ဖမ်းဆီးသွားသည်။
"၆ ရက်နေ့ ည ၁၁ နာရီနဲ့ ၁၂ နာရီကြားမှာ တပြိုင်နက်ထဲ အိမ်မှာ ၀င်ပြီး ခဏ လိုက်ခဲ့ပါတဲ့။ သူတို့က နှစ်ဖွဲ့ခွဲပြီး ခနပါ ပြောပြီး ဒီလကုန်ရင် ပြန်လွတ်ပေးပါ့မယ်လို့ ပြောတယ်။ လောလောဆယ် အပေါ်ကနေ ထိန်းခိုင်းတဲ့ သဘောနဲ့ ဖမ်းသွားတယ်" ဟု စလင်းမြို့မှ မိသားစုဝင်များနှင့် နီးစပ်သူတဦးက ပြောသည်။ စလင်းမှ အန်အယ်ဒီ ပါတီဝင်နှစ်ဦးသည် ယမန်နှစ်က စက်တင်ဘာလ လှုပ်ရှားမှုတွင် ကုလား-ဗမာ အဓိကရုဏ်းတွင် ပါဝင်သဖြင့် သရက်ထောင်တွင် ဖမ်းဆီးထိန်းသိမ်းထားရာမှ မကြာသေးခင်က ပြန်လွတ်လာသူများဖြစ်သည်။သူတို့အား စလင်းမြို့ရဲစခန်းတွင် ချုပ်နှောင်ထားကာ ခြေချုပ်နှင့် ခံဝင်ဥပဒေ ပုဒ်မ ၅၁ (စ၊ ဆ)ဖြင့် လာမည့် ၁၉ ရက်နေ့တွင် ရုံးထုတ်ရန် ရက်ချိန်းပေးထားသည်။
အလားတူပင် မကွေးတိုင်း ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာမှ အဖွဲ့ချုပ် လူငယ်တာဝန်ခံ ကိုဌေးမြင့်၊ ကနီကျေးရွာမှ ကိုသန်းထွန်း၊ မဒဲကျေးရွာမှ ကိုကြည်ဌေးမောင်နှင့် ကိုကိုဦးတို့အား အာဏာပိုင်များက စက်တင်လာလ ၅ ရက်နှင့် ၆ ရက်နေ့များတွင် ဖမ်းဆီးခဲ့သည်။"ဖမ်းတာကတော့ ညနေ ၆ နာရီလောက်မှာ။ ရွာမှာ ဆေးလိုက်ကုနေရင်း ဖမ်းသွားတာပဲလေ။ အဲဒီမှာ တရားမ၀င် ဆေးကုမှုနဲ့ ဖမ်းတယ် ပြောတာပဲ။ ထောင်ချမယ်လို့လည်း ပြောနေတာပဲ" ဟု မဒဲကျေးရွာ ဒေသခံတဦးက ပြောသည်။ဖမ်းဆီးခံရသူများထံ သွားရောက်မည့်သူဆိုလျှင် အာဏာပိုင်များက တားမြစ်နေကြောင်း သူက ယခုလို ပြောသည်။ သူက "ဒီနေ့ဆိုလည်း ဖမ်းထားတဲ့ လူတွေကို သွားတွေ့ဖို့ ရွာကနေ ပွင့်ဖြူကို သွားခွင့် မရဘူး။ မဒဲရွာထိပ်မှာ မြို့သွားမယ့် ပုံစံပေါ်ရင် အသွားမခံဘူး။ လက်နက်ပါတယ်ခင်ဗျာ" ဟု ပြောသည်။
ယခုကဲ့သို့ အဖမ်းအဆီးများနှင့် ပတ်သက်ပြီး ယခုလသည် သံဃာ-လူထု ပူးပေါင်းလှုပ်ရှားခဲ့သည့် တနှစ်မြောက်ကာလ ဖြစ်သဖြင့် ထပ်မံ လှုပ်ရှားလာမည်ကို စိုးရိမ်သဖြင့် လိုက်လံဖမ်းဆီးခြင်း ဖြစ်နိုင်သည်ဟု ဒေသခံများက သုံးသပ်ပြောဆိုကြသည်။ပွင့်ဖြူမြို့လွတ်တော်ကိုယ်စားလှယ် ဒေါက်တာ အောင်မိုးညိုက သူတို့အား ဖမ်းဆီးသွားသည့် အကြောင်းကို ယခုလို ထင်ကြေးပေးသည်။သူက "သူတို့ကို ဖမ်းတဲ့အကြောင်းအရင်းက ကျနော်တို့ရွာက ဆန္ဒခံယူပွဲမှာ ၂၀ ရာခိုင်နှုန်းလောက်က ကြက်ခြေခတ်မဲ များတယ်။ မြို့နယ် မယက က မကျေနပ်ဘူး။ ကိုကြည်ဌေးမောင်က နိုင်ငံရေးမှာ တော်တော် ပြောနိုင်ဟောနိုင်တဲ့ လူပဲဗျာ။ အဲဒီအကြောင်းအရင်းနဲ့ ဖမ်းတာပဲ" ဟု ပြောသည်။
ပြီးခဲ့သည့် လူထုဆန္ဒခံယူပွဲအတွက် ကြက်ခြေခတ်မဲများ ထည့်ရန် စည်းရုံးခဲ့သူ လက်ပံနွယ်ကျေးရွာ
ကိုဝင်းမောင်ကိုလည်း ပြီးခဲ့သည့် နှစ်လခန့်တွင် အာဏာပိုင်များက တရားဝင် ဆေးထိုးခွင့်မရမှုနှင့်
ဖမ်းဆီးခဲ့ရာ သူ့အား ထောင်ချရန် ပွင့်ဖြူမြို့ ရဲစခန်းတွင် ချုပ်နှောင်ထားဆဲဖြစ်ကြောင်း သိရသည်။ စလင်းမြို့တွင် ည ၁၀ နာရီထိသာ စားသောက်ဆိုင်များ ဖွင့်ခွင့်ပြုကာ ညတိုင်း စွမ်းအားရှင်များ၊ ရဲတပ်ဖွဲ့
များမှ ဧည့်စာရင်းစစ်ခြင်း၊ လူစည်ကားရာ နေရာများ၊ ဘုန်းကြီးကျောင်းများတွင် အင်အား ၃၀၀ ခန့်
လုံခြုံရေး ချထားကြောင်းနှင့် ပွင့်ဖြူတွင်လည်း လက်နက်ကိုင် ရဲများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့်
စွမ်းအားရှင်များ စုစုပေါင်း ၁၀၀ ခန့်သည် မြို့ပေါ်တွင် လုံခြုံရေးယူထားကြောင်း ဒေသခံများအဆိုအရ သိရသည်။