6.27.2010

မဟာချိုင် တစ်ထောင်တစ်ညပုံပြင်

ထိုင်းနိုင်ငံဘန်ကောက်မြို့တောင်ဘက်ကီလိုမီတာ ၅၀ အကွာမှာရှိတဲ့မဟာချိုင်ဆိုတာ၊ ပင်လယ်ဆိပ်ကမ်း ငါးဖမ်းလှေတွေ ဆိုက်ကပ်ပြီး ထိုင်းနိုင်ငံအတွက် အဓိက ငါးပုဇွန်လုပ်ငန်း (ပင်လယ်အစားအစာ) ကုန်ချော ထုတ်လုပ်တဲ့ ဒေသမြို့ကြီး တစ်ခုဖြစ်ပါတယ်။ နယ်မြေကျယ်ကျယ်ပြန့်ပြန့်မှာ ရေတွက်လို့မရနိုင်တဲ့ မြောက်များ စွာသော၊ စက်ရုံအလုပ်ရုံတွေ သီးသီးခြားခြား တည်ဆောက်ထားပါတယ်။ မြို့အခင်းအကျင်းအရ အလုပ်ရုံ အနီးအပါးမှာ အလုပ်လုပ်တဲ့ အလုပ်သမားတွေ နေထိုင်ဖို့ အိမ်ခန်းများ ဈေးများဈေးဆိုင်များ ရောင်းချနေထိုင်ကြတဲ့ အခင်းအကျင်းဖြစ်ပါတယ်။ မဟာချိုင်နယ်မြေကို ၀င်သွားတာနဲ့ တပြိုင်နက် ငါးပိနံ့/ငါးနံ့အပုပ်နံ့ ဆက်တိုက်နံ့စော်နေပါတယ်။ ရေမြောင်းကြီးငယ်တွေမှာ အကုန်လုံး ငါးပုဇွန်စွန် စွန့်ပစ် အညစ်ကြေးအရည်တွေနဲ့ မည်းနက်နေပါတယ်။ မြို့လယ်ကောင်မှလွဲရင် အခြားရပ်ကွက်တွေ စက်ရုံတွေ အနားမှာ ဒီရေရောက် သစ်ပင်ကြီးငယ်တွေ ပေါက်ရောက်နေပါတယ်။ အထူးသဖြင့် ဓနိတောကြီးတွေ ဟီးထနေအောင် ရှိပါတယ်။
တိုးတက်ဖွံ့ဖြိုးမှု အရှိန်အဟုန်နဲ့ ပြေးနေတဲ့ တိုင်းပြည်ဖြစ်တာကြောင့်သာ လမ်းတွေ၊ အဆောက်အဦးတွေ ဆက်သွယ်ရေးတွေ၊ စားသောက်နေထိုင်ရေးတွေ ၂၄နာရီလင်းနေတဲ့ မီးတွေကြောင့်သာ နေထိုင်ချှင်စရာ ဖြစ်နေတာပါ။ ကျနော်တို့ မြန်မာပြည် ပိုက်ဆိပ်လိုပါပဲ။ အနံ့အသက်တွေက လေထုထဲမှာ စွဲနေတာပါ။ ဒီလုပ်ငန်းခွင်မှာ မြန်မာအလုပ်သမားတွေ၊ သိန်းချီရှိနိုင်တယ်လို့ မဟာချိုင်အခြေစိုက် အင်ဂျီအိုတွေက ခန့်မှန်းထားကြပါတယ်။ စရိုက်အထူးကြမ်းတမ်းတဲ့ နယ်မြေအဖြစ်လည်း အထူးထင်ရှားပါတယ်။
မဟာချိုင်မှာရှိတဲ့ မြန်မာအလုပ်သမားတွေဟာ ထိုင်းလုပ်ငန်းရှင်တွေ၊ ထိုင်းရဲတွေ၊ ထိုင်းလမ်းသရဲတွေ နိုင်ချင်တိုင်းနိုင်၊ လုပ်ချင်တိုင်းလုပ်နိုင်တဲ့ အရပ်ဒေသဖြစ်ပါတယ်။ ဆယ်စုနှစ်နဲ့ချီပြီး မဟာချိုင်မှာ မတရားပြုကျင့် ခံနေကြရ ၊ဘာမသိညာမသိ အသတ်ခံရ၊ ထိုင်းရဲဖမ်း၊ ထိုင်းလမ်းသရဲဖမ်း၊ အခန်းထဲကိုဝင်ပြီး ယူချင်တာယူ၊ လမ်းမှာ ပိုက်ဆံအိပ်တို့၊ လက်ဝတ်လက်စားတို့ကို လုယူခံနေရတာက နေ့တိုင်းပါ။
ရှင်းရှင်းပြောရရင် မြန်မာတွေကို ဒီလူတွေက လုပ်ချင်သလိုလုပ်လို့ရတဲ့ အရပ်ဒေသက မဟာချိုင်ပါ။ မဟာချိုင်မှာ အတော်အသင့်နာမည်ရှိနေတဲ့ လူမှုရေးအဖွဲ့အစည်းတစ်ခုက ခေါင်းဆောင်တစ်ယောက်က အလုပ်သမားတစ်ယောက် လက်ပြတ်သွားတယ်၊ အင်ဂျီအိုတစ်ခုနဲ့ တရားစွဲတယ်၊ အမှုတွဲ တရားရုံးဖြစ်ဖြစ် သူဌေးဆီကိုပဲဖြစ်ဖြစ် ရောက်သွားတာနဲ့ အဲဒီအင်ဂျီအိုက ဆက်ပြီးမလုပ်ရဲတော့ဘူးလို့ ဆိုပါတယ်။
မဟာချိုင်၊ နကပထုန်မှာ လုပ်ငန်းခွင် ထိခိုက်မှုကြောင့် လက်ပြတ်သွားတာကို ဘာကိုမှမတိုင်ပဲ၊ ကိုယ့်ကို ကိုယ်ဆေးကု၊ လုပ်နိုင်ရင်ဆက်လုပ်၊ မလုပ်နိုင်ရင် မြန်မာပြည်ပြန်တာက အေးချမ်းအုံးမယ်၊ ခုအဲဒီလက်နှစ်ဖက်ပြတ်တဲ့ ကောင်မလေးက မနေရဲမထိုင်ရဲ ဖြစ်နေရတယ်။ သူ့အတွက် အကာ အကွယ်မဲ့သွားတယ်။ မိသားစုက ဗမာပြည်ပြန်ပို့ဖို့ လည်း အိုးမရှိအိမ်မရှိ၊ ဒီမှာထားတော့လည်း သူဌေးလူတွေက လာခြိမ်းခြောက်နေတယ်။ ပစ်သတ်မယ် ဘာညာဖြစ်နေတယ်။ အင်ဂျီအိုတွေကို ဖုန်းဆက်တော့ ဖုန်းမကိုင်တော့ဘူး။ အဲဒါကြောင့် မဟာချိုင်က အလုပ်သမားတွေက အဖွဲ့အစည်းတွေက ကူညီမယ်ဆိုရင် လန့်သွားပြီလို့ ဆိုပါတယ်။ မဟာချိုင်မှာ အဖွဲ့အစည်းတွေများတယ်။ မဟာချိုင်မှာ မြန်မာ အလုပ်သမားတွေရဲ့ ကျမ္မာရေးကို ကူညီတယ်ဆိုပြီး သတင်းမီဒီယာတွေမှာ အတော်နာမည်ယူတဲ့ အဖွဲ့အစည်းအကြီးကြီး ရှိပါတယ်။ တကယ့်တကယ်ကျတော့ မဟုတ်ဘူးလို့ ဆိုပါတယ်။
အသက်၁၉နှစ်အရွယ် သထုံမြိ့၊ အလံတစ်ရာက မခင်ဝင်းဆိုသည့် အလုပ်သမငယ်တစ်ဦး လုပ်ငန်းခွင်မှာ ထိခိုက်ပြီး ခြေထောက်အရိုးကျိုး ဒဏ်ရာကြောင့် ပုပ်ပွနေတဲ့ လူနာတစ်ယောက်ကို အဆိုပါ လူမှုရေးအဖွဲ့ကလူက ဈေးအနီးက စီဝိချိုင်အမှတ်(၅)ဆေးရုံကို သွားပြီးပို့ဆောင်ပါတယ်။ အဲဒီမှာ လုပ်သက်ရင့် နေပြီးဖြစ်တဲ့ အသက်၃၀ကျော်အရွယ်ခန့် မြန်မာဘာသာပြန်ဝန်ထမ်း အမျိုးသမီးက မောက်မောက်မာမာ ဆက်ဆံလိုက်တာ တော်တော်ခံပြင်းဖို့ ကောင်းပါတယ်။ ပုဂ္ဂလိက ဆေးရုံဖြစ်တာကြောင့် လာပို့လို့မရကြောင်း ပြောပါတယ်။ ပြန်သွားတာနဲ့ လမ်းဘေးကို ထိုးချ ထားလိုက်တော့မယ်လို့ ဆိုပါတယ်။ လိုက်ပို့သူက အစိုးရဆေးရုံကို မသိတာကြောင့် ဒီဆေးရုံကို လာခဲ့ခြင်းဖြစ်တယ်။ အဲဒီအစိုးရဆေးရုံကို ခင်ဗျားကိုယ်တိုင် လိုက်ပို့မလားဆိုတော့လည်း ပို့စရာမလိုဘူးလို့ ပြောပါတယ်။ ထိုင်းပြောရင် ခံသာနိုင်ပေမယ့် မြန်မာနိုင်ငံသား အချင်းချင်း အခုလိုပြောတာကို စိတ်မကောင်းဖြစ်ရတယ်လို့ လူမှုရေးအဖွဲ့က ပုဂ္ဂိုလ်ကပြောပါတယ်။ အလုပ်သမားတွေဆီက အလှူခံပြီး၊ အစိုးရဆေးရုံမှာ ဆေးဝါးကုသပြီး မခင်ဝင်းရောဂါပျောက်သွားပြီး ဖြစ်တာကြောင့် နေရပ်ကို ပြန်ပို့လိုက်ပြီး ဖြစ်ပါတယ်။
မခင်ဝင်းပြောပြခဲ့တာက သူအရိုးကျိုးသွားတယ်၊ ဆေးကုဖို့ မေးတော့ သိန်းချီကုန်မယ်လို့ ပြောတာကြောင့် ထိုင်းသူဌေးက ပရုပ်ဆီဗူးပေးပြီး အခန်းထဲသော့ပိတ်ထားလိုက်တယ်။ ခြေထောက်တွေ ပုပ်ပွလာတော့ လမ်းမှာ သွားပစ်ထားလိုက်တာဖြစ်ပါတယ်။ လူတွေဝိုင်းအုံနေပြီး ငိုနေတာကိုမြင်လို့ အဲဒီမှာ အစောက အဖွဲ့ကလူနဲ့ သွားဆုံတာဖြစ်ပါတယ်။
မိုလင်းခါနီး နံနက်၂နာရီမှာ ဆင်းရတဲ့ အလုပ်ရုံ မိုးလင်းခါနီး ၃နာရီနဲ့၎နာရီမှာ ဆင်းရတဲ့ အလုပ်ရုံတွေ ရှိပါတယ်၊ ညဘက်ကျတော့လည်း ညနေ၈နာရီပြန်လာတဲ့လူ၊ ညသန်းခေါင်၁၂နာရီမှာ ပြန်လာရသူတွေ ရှိပါတယ်။ ဒီလို အချိန်မရွေး အလုပ်သွား အလုပ်ပြန်လုပ်နေတဲ့ မြန်မာအလုပ်သမလေးတွေ အုပ်စုလိုက် ရှိပေမယ့် ထိုင်းလမ်းသရဲတွေ ကြိုက်နှစ်သက်ရာကို ဖမ်းပြီးကားပေါ်ကို ဆွဲတင်သွားခဲ့တဲ့ ဖြစ်ရပ်တစ်ခုလည်း ပြီးခဲ့တဲ့တစ်ပတ်က မဟာချိုင်မှာဖြစ်ခဲ့ပါတယ်။ အတူသွားလာကြတဲ့ မြန်မာအလုပ်သမား အချင်းချင်း ကာကွယ်စောင့်ရှောက်ဖို့ နေနေသာသာ ကိုယ်ပါ ပါမှာစိုးလို့ အားလုံးထွက်ပြေးကြတယ်လို့ ဆိုပါတယ်။ အလုပ်ကိုအချိန်မရွေးလုပ်နေကြရတဲ့ မြန်မာအလုပ်သမားတွေကို ထိုင်းလုပ်ငန်းရှင်တွေက လုပ်အားခကို ကျသင့်သလောက် ရှင်းမပေးပေမယ့် အလုပ်သမားတွေမှာ တောင်းဆိုပိုင်ခွင့်မရှိပဲ ရှင်းသလောက် ယူရတယ်လို့ ဆိုပါတယ်။ အပြင်မထွက်ရပဲ လှောင်ပိတ်ပြီးခိုင်းထားတဲ့ အလုပ်ရုံတွေနဲ့ အချို ကုမ္ပဏီတွေမှာ သူဌေးဆွေမျိုးတွေက ဈေးဆိုင်တွေ ရောင်းချတတ်ကြပါတယ်။ သူတို့ဆိုင်မှာက အပြင်မှာထက် ဈေးကြီး တတ်ပါတယ်။ မ၀ယ်ရင် စိတ်ဆိုးတာကြောင့် မ၀ယ်ချင်ပဲ ၀ယ်ကြရပါတယ်။ ကုမ္ပဏီတစ်ခုမှာဆိုရင် အဲဒီအလုပ်ရှေ့မှာ ပလပ်စတစ်နဲ့ ထုတ်ထားတဲ့ ကော်ဖီကိုသောက်ရင် အလုပ်လုပ်တာမှာ ရွှင်လမ်းတက်ကြွတယ်လို့ ပြောပါတယ်။ အချို့အလုပ်ရုံက လုပ်ငန်းရှင်တွေမှာ အငယ်အနှောင်းတွေက ထမင်းဟင်းတွေ ရောင်းပါတယ်။ ရောင်းမစွံသမျှ ရောင်းနေတာကြောင့်တစ်ရက်နှစ်ရက်ကြတော့ အထုတ်ကိုဖွင့်လိုက်တော့ သိုးနေတဲ့ဟင်းထုတ်တွေက များပါတယ်။ အခြားမှာလည်း ၀ယ်စားလို့ မဖြစ်နိုင်တာကြောင့် မြန်မာအလုပ်သမားတွေ အတော် အခက်ကြုံကြရတယ်လို့ ဆိုပါတယ်။
မြ၀တီ/မဲဆောက်က လူကုန်ကူးသူတွေက လာရောက်ရောင်းချထားတဲ့ ရာချီရှိတဲ့ မြန်မာအလုပ်သမားတွေ၊ ကလေးအလုပ်သမားတွေကို မ၀ရေစာကျွေးမွေးပြီးတော့ တစ်နေ့ကို နာရီ၂၀ လောက် ခိုင်းနေတဲ့ အလုပ်ရုံတွေ၊ အချို့စက်ရုံမှာ တုတ်နဲ့ရိုက်ခိုင်းတဲ့ အလုပ်ရုံတွေလည်းရှိပါတယ်။ မြန်မာအလုပ်သမား တစ်ထောင် ၀န်းကျင်လောက် လုပ်ကိုင်နေတဲ့ ၀ပ်ကန်ဖါအရပ်မှာရှိတဲ့ စီလဖုန်း ငါးပုဇွန်အလုပ်ရုံမှာ အယင်တုန်းက ကီလိုစား လုပ်တဲ့လူတွေဟာ ကိုယ်လုပ်တဲ့ အချိန်ပေါ်မူတည်ပြီးတော့ ၀င်ငွေတွေကို ခန့်မှန်းလို့ ရပါတယ်။ ခုတလောမှာတော့ ၅၀၀ဘတ်လောက် ရမယ်လို့ မှန်းထားတာ ၃၀၀ကျော်ပဲ ရှင်းပေးလာပါတယ်၊ ဘာကြောင့်လဲဆိုတာ မသိရပါဘူး။ ပြီးခဲ့တဲ့နှစ်က အဆိုပါ ငါးပုဇွန်ရုံကို နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုက လာစစ်တဲ့အခါ အခန်းခမပေးရဘူးလို့ မှာထားပါတယ်။ ရေခမီးလလောက်ပဲ ပေးရတယ်လို့ ပြောခိုင်းပါတယ်။ အလုပ်ရုံက ပြောခိုင်းတိုင်း မပြောတဲ့လူတွေကိုတော့ အဲဒီစစ်ဆေးတဲ့နေ့မှာ အလုပ်နားခိုင်းထားပါတယ်။ ခုအလုပ်ရုံမှာ လူပေါင်း၃၀၀လောက်က ယာယီပတ်စပို့ လုပ်ပြီးပါပြီ။ ခုဘာဖြစ်နေလဲ ဆိုတော့ မဲဆောက်သွားသွား၊ ကန်ချနဘူရီကိုပဲသွားသွား တံဆိပ်တုံး ထုခ ဘတ်၁၀၀၀ ပေးရပါတယ်။ အစတုန်းကတော့ ထိုင်းနိုင်ငံအတွင်း သွားလာလို့၇တယ်လို့ ပြောခဲ့ပေမယ့် ခုဒီလိုပေးရမယ်၊ တစ်နှစ်ပတ်လုံး မြန်မာပြည်ကို သွားချင်သလို သွားလို့ရအောင် ဘတ်၄၀၀၀ တစ်နှစ်စာပေးထားရင် ရတယ်လို့ ထမင်းစားဆောင်မှာ ကပ်ထားပါတယ်။ ဘယ်မှမသွားပဲ ရိုးရိုး သုံးလတစ်ကြိမ် သက်တမ်းတိုးတဲ့ လူတွေဆိုရင် တံဆိပ်တုံးထုခ ဘတ်၅၀စီပေးရပါတယ်။ မဟာချိုင်မှာ ဧပြီလက ယာယီပတ်စပို့လုပ်တဲ့ ကုမ္ပဏီတစ်ခု လူထောင်ချီပြီးတော့ ငွေတွေရယူပြီးတော့ ထွက်ပြေးသွားတဲ့အတွက် မြန်မာအလုပ်သမား ထောင်ချီပြီး ငွေတွေ ဆုံးရှုံးခဲ့ကြရပါတယ်။
လူကုန်ကူးနေသူတွေ ဘယ်သူလဲဆိုတာကို မဟာချိုင်က အာဏာပိုင်တွေသိပါတယ်။ ဘန်ကောက်က အထူး တပ်ဖွဲ့တွေလည်း သိပါတယ်။ ၂၀၀၉အစောပိုင်းက ဘန်ကောက်က အလုပ်သမားအရေးလုပ်တဲ့ အဖွဲ့တစ်ခုနဲ အဲဒီအထူးတပ်ဖွဲ့တို့ မဟာချိုင်က လူကုန်ကူးခံနေရတဲ့ မြန်မာအလုပ်သမား ၅၀ကျော် ပိတ်လှောင်ထားတဲ့ နေရာကို ဖမ်းဆီးဖို့ သွားရောက်ခဲ့ပါတယ်။ မဟာချိုင်ဝင်ဝ ဓါတ်ဆီိဆိုင်နားမှာ အဖွဲ့တွေ နားနေ စားသောက်နေတုန်း၊ မဟာချိုင်က ပုလိပ်တစ်ယောက် ရောက်လာပါတယ်။ ဗဟိုအဆင့်က ဆင်းပြီး ဖမ်းဆီးစရာမလိုကြောင်း၊ မဟာချိုင်မှာ အင်ဂျီအိုတွေ၊ လူကုန်ကူးမှု တိုက်ဖျက်တဲ့ အဖွဲ့တွေရှိပြီးသား ဖြစ်ကြောင်း၊ သူတို့ကိုယ်တိုင် နှိမ်နင်းနိုင်ကြောင်း ပြောဆိုပြီး ပထုတ်ခံခဲ့ဖူးပါတယ်။ မဟာချိုင်မှာရှိတဲ့ ကျမ္မာရေး၊ပညာရေးအင်ဂျီအို အချို့တွေ၊နာရေးကူညီမှုအဖွဲ့ အချို့တွေ၊ စာကြည့် တိုက်တွေ အသင်းအဖွဲ့တွေ အနည်းငယ်ရှိပါတယ်။ သူတို့တွေကလည်း ကိုယ်လုပ်နိုင်တာထက် အထင်ကြီးပြီး၊ ပူးပေါင်းဆောင်ရွက်မှု အားနည်းတာတွေ၊ ရဲရဲရင်ရင့် လုပ်နိုင်တာတွေ အထူးနည်းပါးကြတယ်လို့ တလာကုန့်က အလုပ်သမားတွေက ပြောပြကြပါတယ်။
မြန်မာအလုပ်သမားတွေ အားကိုးအားထားပြုလောက်တဲ့ အဖွဲ့အစည်းတွေမရှိပဲ၊ လူမှုရေး၊ ဘာသာရေး၊ စတဲ့
အဖွဲ့တွေဟာလည်း မတရားလုပ်နေတဲ့ ထိုင်းပုလိပ်နဲ့ ပုလိပ်တပည့် မွန်ဗမာတွေကို ကြောက်နေကြရတယ်လို့
ချဲစာရွက်နဲ့ စွတ်စွဲပြီး ဘတ်၆၀၀၀ ပေးလျှော်လိုက်ရသူ မဟာချိုင်မူစီနယ်မြေက ကိုမျိုးကပြောပါတယ်။ မူစီစံကျေက်က ကိုဝိုင်းကတော့ မဟာချိုင်က အချို့အဖွဲ့တွေဟာ ဗမာပြည်က တရားဟော ဆရာတော် တွေကို ပင်ပြီးတော့ တရားပွဲတွေလုပ်ကြတယ်၊ ပြီးတော့ အလှူငွေ အချို့ထက်ဝက်ကို ရံပုံငွေအဖြစ်ယူ ထားလိုက်ကြတယ်၊ အဲဒီယူထားလိုက်တဲ့ ငွေတွေ ဘာလုပ်လို့လုပ်မှန်း မသိတော့ဘူး။ ဒါပေမယ့်၊ ပြည်ပ တိုင်းပြည်တစ်ခုမှာ မိမိတို့တိုင်းပြည့် သံဃာတော်တွေကို ဖူးမြင်ကြည်ညိုခွင့်ရတာကြောင့် သဒ္ဒါတရား ထက်သန်စွာ လှူဒါန်းကြတာဖြစ်တယ်လို့ ပြောပါတယ်။ အခြားလူမှုရေး လုပ်ငန်းအချို့မှာ မြန်မာအလုပ် သမားတွေကို ကူညီပေးသလိုနဲ့ ခေါင်းပုံဖြတ်မှုတွေရှိနေတာဟာ အထူးအရုပ်ဆိုး အကျည်းတန်တယ်လို့ မဟာချိုင်က အလုပ်သမားတွေက ညဉ်းတွားကြပါတယ်။
မဟာချိုင် တလာကုန့်အလွန် လမ်းခွဆုံကားမှတ်တိုင်မှာ အသက်၄၀၀န်းကျင် အရွယ်အသားလတ်၊ အရပ် ငါးပေကျော် ဘယ်နားရွက်ပြတ်နဲ့ ထိုင်းနတ်ကလိမ်(လမ်းသရဲ) တစ်ယောက်ဆိုရင် ခါးပတ်အိပ်တစ်လုံးကို ပတ်ပြီး၊ နေ့တိုင်း ထိုင်နေတတ်ပါတယ်။ ကားပေါ်က ဆင်းလာတဲ့ဗမာမြင်သမျှကို ဘတ်စစ်ပါတယ်။ မဟာချိုင်က ဘတ်မဟုတ်တဲ့လူဖြစ်ဖြစ်၊ ဘတ်မရှိတဲ့ မဟာချိုင်က မြန်မာအလုပ်သမားပဲဖြစ်ဖြစ် ငွေတောင်း ပါတော့တယ်။ ခပ်ကြမ်းကြမ်း ကိုင်တွယ်၇မယ်ဆိုရင်တော့ သူ့ဆရာပုလိပ်ကို ဖုန်းဆက်ပြီး ခေါ်လိုက်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက နိုင်ငံခြားသတင်းထောက်တစ်ယောက်နဲ့ မြန်မာ အလွတ် သတင်းထောက် တစ်ယောက်တို့ မဟာချိုင်မှာ ပုလိပ်ဖမ်းဖို့ကြောက်လို့ တောထဲပုန်းနေ၇တဲ့ မြန်မာ အလုပ်သမားတွေကို ဗွီဒီယိုသတင်းသွား ရိုက်ခဲ့ကြပါတယ်။ ဒေသခံ အလုပ်သမားတစ်ယောက်လိုက်ပြလို့ ကားမှတ်တိုင်မှာ သောင်းကျမ်းနေတဲ့ နတ်ကလိမ်ကို ဓါတ်ပုံသွားရိုက်တော့ နတ်ခေါင်နတ်ခေါင် (သတင်းထောက်၊ သတင်းထောက်) ဆိုပြီး ထွက်ပြေးသွားတယ်လို့သိရပါတယ်။
မဟာချိုင်မှာ ခရီးသည်ပါတဲ့ တက္ကစီ ကိုမြင်တာနဲ့တပြိုင်တည်း မဟာချိုင်မှ ပုလိပ်များမှာ အမဲကောင် နောက်ကို လိုက်သည့် အမဲလိုက်ခွေးကဲ့သို့ မရမက လိုက်ပါတော့တယ်။ ကားကိုမီလိုက်တာနဲ့ တပြိုင်တည်းလူရှင်းတဲ့ နေရာကိုခေါ်သွားပြီး တစ်ခုမဟုတ်တစ်ခု အပြစ်ရှာပြီး ငွေမရရအောင် တောင်းခံ ပါတော့တယ်။ မဟာချိုင်မှာ အဆိုးဆုံးနဲ့ အပက်စက်ဆုံး ပုလိပ်တွေကတော့ ၄ထပ်က ပုလိပ်များဖြစ်တယ်လို့ ပြောကြပါတယ်။ ဒီ၎ထပ်က ထိုင်းပုလိပ်တွေဟာ ရဲယူနီဖေါင်း ၀တ်စရာမလိုပဲ ဖမ်းလို့ရတယ်လို့ ပြောပါတယ်။ အဆိုပါ၎ထပ်က ပုလိပ်တွေ ဘာကြောင့် ယခုလောက်ထိ ဆိုးဝါးသောင်းကျန်းနေတယ် ဆိုတာကို ဆက်လက်ရှင်းပြရာမှာ။ ပြီးခဲ့တဲ့ ၂၀၀၆/၂၀၀၇ တုန်းက မဟာချိုင်ဂွင်တွင် အထူး နာမည်ကြီးခဲ့သည့် (ညွန့်ဝင်း၊ သီဟ ၊တောင်ကြီးနှင့်ငနိုင်) တို့တွေနဲ့ ပေါင်းပြီး မဟာချိုင်မှာ ရှိသမျှ မြန်မာ အလုပ်သမားတွေကို ဖမ်းစားခဲ့တဲ့ ဒီလူတွေရဲ့ဆရာက ခု --- . . ……..ထပ်မှာ အရာရှိ ဖြစ်နေပါတယ်။ (မဟာချိုင်ရဲစခန်းကြီးမှာ အထပ်ငါးထပ်ရှိပြီး တစ်ထပ်ချင်းစီ ဆာလာဝပ် (စခန်းမှူး)တစ်ဦးစီရှိပါတယ်။ ဒီလူလုပ်လို့ ထောင်ကျနေတဲ့ မြန်မာတွေ၊ သေသွားတဲ့ မြန်မာတွေ အတော်များတယ်လို့ ခံဖူးတဲ့လူတွေက ပြောပါတယ်။ ယခုတစ်လော မဟာချိုင်မှာ သေနတ်နဲ့ ပစ်သတ်ခံရတဲ့ မြန်မာအလောင်းတွေဟာ မဟာချိုင်ပုလိပ်တပည့်တွေဖြစ်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
မဟာချိုင်မှာ မြန်မာပြည်သားကိစ္စတွေနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့ပဲလာလာ သူ့ကိုပေးရတယ်။ တရားပွဲလုပ်
မယ်ဆိုရင်တောင် မဟာချိုင်က ဗမာဂေါပကလူကြီးတွေက သူ့ကိုသွားပြီး လာဘ်ထိုးတယ်။ ဆိုတော့ ဘုန်း
ကြီး တရားပွဲလုပ်ရင်တောင် သူကပိုက်ဆံရနေတယ်။ ဒါမျိုးက မလုပ်သင့်တဲ့အလုပ်လို့လူငယ်တွေကပြောပါ
တယ်။ ရုံးပိုင်းဆိုင်ရာ တစ်ခုခုလုပ်မယ်ဆိုရင် သူ့ကိုပေးရပါတယ်။
ခုနာရေးကူညီမှုအတွက် ရံပုံငွေတွေကောက်နေတဲ့ လူတွေကို ဖမ်းပြီး ပိုက်ဆံတောင်းပါတယ်။ ပတ်စပို့ရှိရှိ မရှိရှိ ဖမ်းလာတဲ့မြန်မာအလုပ်သမားတွေကို ဖမ်းတယ် တနင်္ဂနွေနေ့ဆိုတော့ သူဌေးတွေက မလာဘူး၊ အလုပ်သမားတွေက အချုပ်ထဲမှာ တစ်ညမအိပ်ချင်ကြဘူးလေ။ ပိုက်ဆံပေးပြီး လွတ်လာတယ်။ ဟိုအဖွဲ့ဒီအဖွဲ့ တွေဆိုပြီး ကြောက်ကြောက်လန့်လန့်နဲ့ လုပ်နေမယ့်အစား မြန်မာအလုပ်သမားတွေ တစ်ခုခုဖြစ်ရင် အားလုံးဝိုင်းပြီး ဖြေရှင်းတာတို့တွေ လုပ်သင့်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ၂၁ ရက်နေ့ ညနေပိုင်းက ညဆိုင်းဆင်းတဲ့ မြန်မာအလုပ်သမား ၃၀ ကို ချပ်ကျင် တံတား အောက်မှာဖမ်းပြီးတော့ ဆီးစစ်တယ်၊ မူးယစ်ဆေးဝါးသုံးစွဲမှုရှိ/မရှိပေါ့လေ။ အလုပ်သမားတွေက မူးယစ် ဆေးဝါး ဘယ်လိုလုပ်ပြီးသုံးနိုင်မလဲ ဆိုတော့ သုံးစွဲထားတာမတွေ့တော့ ဆီးစစ်ခဆိုပြီး တစ်ယောက်ကို ဘတ်၂၀၀စီ ပေးလိုက်ရတယ်။ မပေးမချင်း ကားကိုရပ်ထားရပါတယ်။ အလုပ်သမားတွေကလည်း အလုပ်မပျက်ရင်ပြီးရော၊ ရဲစခန်းလိုက်သွားရင် အချုပ်ထဲမှာ တစ်ညအိပ်ရမယ်၊ အလုပ်လည်း တစ်ညပျက်မယ်ပေါ့။
စီမံကိန်းနဲ့ လုပ်တာတော့လုပ်ပေါ့၊ စစ်ပါ ၊စစ်ဆေးလို့ ဘာအပြစ်မှမတွေ့ရင် ပြန်လွှတ်ပေါ့၊ ခုဟာက အဲလိုမ ဟုတ်ဘူး၊ ဆီးစစ်ခပေးရတယ်လို့ ကိုယ်တိုင်ပေးခဲ့ရသူတစ်ဦးက ပြောပါတယ်။ လမ်းမှာမပေးပဲ ရဲစခန်းကို ရောက်သွားရင် လေးငါးထောင်ပေးရတယ်လို့လည်း ပြောကြပါတယ်။ သူဌေးလိုက်မလာရင် လေးငါးရက် အချုပ်ထဲမှာ နေရတယ်လို့ ဆိုပါတယ်။
နောက်တစ်နည်း သုံးနေတာက တနင်္ဂနွေနေ့တွေမှာ ဘတ်ရှိရှိ/မရှိရှိ ဖမ်းပါတယ်။ ပြီးခဲ့တဲ့ဇွန်လ၂၀ ရက်တနင်္ဂနွေနေ့က မဟာချိုင် ထိုင်းယူနစ် ပုဇွန်အလုပ်ရုံအနီးက သစ်စက်ဝင်းအတွင်းက မြန်မာ အလုပ်သမားများ နေထိုင်တဲ့ အိမ်ခန်းတွေကို ရဲကားသုံးစီး လာရောက်ဖမ်းဆီးတာ လူ၁၄ဦး ဖမ်းဆီးခံခဲ့ရတယ်။ တနင်္ဂနွေနေ့ဆိုတော့ သူဌေးက ဖုန်းပိတ်ထားတယ်။ ပုလိပ်က အိုကေ မင်းတို့ ဒီညလွတ်ချင်လား၊ လွတ်ချင်ရင် ဘတ်၅၀၀ ပေး၊ အဲလိုလုပ်တာပါဆိုတော့ မြန်မာအလုပ်သမားတွေကလည်း အချုပ်ခန်းထဲမှာ မအိပ်ချင်တော့ ငွေပေးပြီးထွက်လာကြတော့ ပုလိပ်တွေက တနင်္ဂနွေနေ့ဖမ်းတဲ့ဗျူးဟာ သုံးနေကြပါတယ်။ ပတ်စပို့ရှိတဲ့လူကို ဖမ်းတင်သွားပြီး လမ်းမှာချထားခဲ့တယ်။ ငွေတောင်းတာတော့ မတွေ့ရသေးဘူးလို့ ဆိုပါတယ်။
မဟာချိုင်မှာ သိန်းချီရှိတဲ့ မြန်မာအလုပ်သမားတွေအတွက် မြန်မာဈေးဆိုင်တွေ အမြောက်အများရှိပါတယ်။
တရားဝင် အခွန်ပေးရတဲ့အပြင် ရဲစခန်းကို တစ်လကို ဘတ်၅၀၀၀စီ အနည်းဆုံးပေးရတာကြောင့် စားသောက်ကုန်တွေမှာ အမြတ်တင်ကြပါတယ်။ တန်းလျှားမှာနေတဲ့ အလုပ်သမားတွေကိုလည်းေ၇ာင်းရင်းကိုယ်လည်း စားချင်တာကြောင့် ကွမ်းဗူးကလေး ဆောင်ပြီးစားတာကိုတောင် ပုလိပ်ကို ငွေပေးရပါတယ်။ အဓိကစားသုံးသူ မြန်မာအလုပ်သမားတွေသာ နစ်နာပါတယ်။ ဒါ့အပြင် ဈေးဆိုင်တွေက အနီးအနားမှာရှိတဲ့ မြန်မာတွေ ဘာလုပ်လဲ၊ဘယ်မှာနေလဲ၊ ဘတ်ရှိလား ကွန်ပျူတာရှိလား၊ စီဒီခွေကူးလား အစရှိသဖြင့် ပုလိပ်သတင်းပေးအဖြစ် လုပ်ပေးရပါတယ်။ ဒါကြောင့် မဟာချိုင်က မြန်မာအလုပ်သမားတွေ အတော်သတိထားနေရတယ်လို့ ဆိုပါတယ်။
အလုပ်ရုံတွေမှာ ဆဲတာတွေကတော့ ရိုးအီနေပါပြီ။ အနံ့အသက်တွေ နံစော်နေတဲ့ ငါးပုဇွန်အလုပ်ရုံတွေမှာ တစ်နေကုန် တစ်နေခန်း၊ နေ့နေ့/ညည ပင်ပင်ပန်းပန်း လုပ်ကိုင်တဲ့ငွေတွေ၊ ထိုင်းမှာပဲ ကုန်ကျနေပါတယ်။ ဘတ်လုပ်၊ ယာယီပတ်စပို့လုပ်၊ တက်လာတဲ့စရိတ်၊ နေထိုင်စရိတ်တွေကို လုပ်လိုက်ဆပ်လိုက်၊ စားသောက်လိုက်နဲ့ လုံးခြာလိုက်နေကြပါတယ်။ အခန်းမလုံလို့၊ အခန်းကို မပိတ်မိလို့ အိပ်ပျော်နေတဲ့ မြန်မာအလုပ်သမလေးတွေကို အဓ္ဓမပြုကျင့်ပြီး သတ်ပစ်တာတွေ၊ ကားပေါ်တင်သွားပြီးတော့ အုပ်စုလိုက် အဓ္ဓမပြုကျင့်တာတွေ၊ ပြီးတော့ အသက်ကိုပါ သတ်ပစ်ခဲ့တာတွေ ရှိပါတယ်။ လင်ရှိမယားရော၊ အဖေ၊အမေနဲ့ တစ်အိမ်တည်းနေတဲ့ မိန်းမပျိုလေးတွေကို ဆွဲခေါ်သွားပေမယ့် ဘယ်သူမှ တားမြစ်ခြင်းငှါ မစွမ်းသာပါ။ မြို့တစ်မြို့ရဲ့ အခင်းအကျင်းနဲ့ တည်ထောင်ထားတဲ့ ငါးပုဇွန် (ပင်လယ်အစားအစာ) ထုတ်လုပ်တဲ့ မြို့ဖြစ်ပေမယ့် ထိုင်းလုပ်ငန်းရှင်တွေ၊ ထိုင်းရဲတွေ၊ ထိုင်းလမ်းသရဲတွေ၊ ဒေသခံ ထိုင်းလူမျိုးတွေက အလုပ်လုပ်နေကြတဲ့ မြန်မာရွေ့ပြောင်းအလုပ်သမားတွေကို ပြုမူနေတဲ့ အခင်းအကျင်းကို ကြည့်ရင် သူပုန်/ဓါးပြတွေထူပြောတဲ့ ဗဟိုအုပ်ချုပ်မှု ယန္တရားနဲ့ ဝေးကွာတဲ့ နယ်စွန်နယ်ဖျား ရွာတစ်ရွာလို ဖြစ်နေပါတယ်။ ကိုယ့်အခန်းမှာ အတူတူနေတဲ့ ကိုယ့်ရဲ့ဇနီးကိုတောင်မှ ကိုယ်စိတ်ချလက်ချ နေထိုင်လို့ မရသလောက်ကို ဆိုးဝါးပါတယ်။
ဒီလိုမတရားမှုတွေ ဆိုဝါးသောင်းကျန်းတဲ့ မဟာချိုင်ကို မဲဆောက်မြို့က လူကုန်ကူးသူတွေက နေ့စဉ် ရာချီ ရှိတဲ့ မြန်မာအလုပ်သမားတွေ လာရောက်ရောင်းချနေတာကြောင့် တရားမ၀င်မြန်မာအလုပ်သမားတွေ အလျှံပယ်ပေါများပါတယ်။ မွန်ဗမာပွဲစားတွေကလည်း ထိုင်းရဲများနဲ့ပေါင်းပြီး မြန်မာအလုပ်သမားတွေအ တွက် ဗူးလေးရာမှာ ဖရုံဆင့်ပါတယ်။ ပူးဆွေးလို့ ငိုကြွေးနေသူကို ငိုချင်းရှည်အောင် ဆက်၇ိုက်ပေးသလို ဖြစ် နေပါတယ်။ မဟာချိုင်က ရှိသမျှထိုင်း၇ဲတွေမှာ မွန်ဗမာတပည့်တစ်ယောက်စီအနည်းဆုံးမွေးထားပါတယ်။
ဗမာအချင်းချင်းဖမ်းစားပါတယ်။ နေထိုင်အလုပ်လုပ်ကိုင်ခွင့် (ဘတ်)မရှိတဲ့ မြန်မာအလုပ်သမား ရှိတယ်လို့ သတင်းပို့လိုက်တာနဲ့ မဟာချိုင်ပုလိပ်က ချက်ခြင်းကို ရောက်လာပါတယ်။ မဟာချိုင်က မြန်မာ အလုပ်သမားတွေမှာ ထိုင်းပုလိပ်မြင်လည်းကြောက်၊ ပုလိပ်တပည့်ကိုလည်း ကြောက်ရတဲ့ အနေအထားပါ။
ပုလိပ်ဖမ်းခြင်း သံသရာနဲ့ အကြွေးတွေများလွန်းလို့ ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားတာတွေတောင် ရှိခဲ့ပါ တယ်။
မဟာချိုင်မှာ ထိုင်းစကားတတ်တဲ့ မွန်ဗမာအတော်များများတို့ဟာ မော်တော်ဆိုင်ကယ်တစ်စီးနဲ့ ရပ်ကွက် တိုင်း၊ လမ်းတိုင်းကို လိုက်လံပြီးတော့ ဘတ်မရှိတဲ့ မြန်မာအလုပ်သမားတွေကို လိုက်လံရှာဖွေပါတယ်။ မြန်မာအလုပ်သမား တစ်ယောက်ဖမ်းမိမှ သူတို့အတွက် နေ့တွက်ကိုက်တယ်လို့ ဆိုပါတယ်။ ယခု နောက်ဆုံးပေါ် ဖြစ်ပျက်နေတဲ့ ဖြစ်ရပ်တွေက မဟာချိုင်မှာ အလုပ်သမား အတော်များများက နေထိုင်အလုပ်လုပ်ကိုင်ခွင့် (ဘတ်)အပြင် ယာယီပတ်စပို့တွေ လုပ်ကိုင်ထားပြီး ဖြစ်တာကြောင့် ထိုင်းပုလိပ်တွေက၊ စားကွက်တစ်ခု ထွင်လိုက်ကြပါတယ်။ အလုပ်သမားတွေနေတဲ့ အိမ်တန်းလျားတွေကို ၀င်ရောက်ပြီးတော့ (ဘတ်)ရှိလားမေးပါတယ်။ ဘတ်ကိုပြနိုင်ပေမယ့် တစ်အိမ်လုံးကို ရှာပါတယ်။ အတော်အသင့်ကောင်းတဲ့ ဖုန်းတွေ၊ ကင်မရာတွေတွေ့ရင် ဘောင်းဘီအိပ်ထဲကို ဘာမပြောညာမပြောနဲ့ ကောက်ပြီးထည့်လိုက်ပါတယ်။ အလုပ်သမားတွေပေါင်းနေတဲ့ အခန်းတွေမှာ စားစရိတ်တွေ မှတ်ထားတာတွေ၊ ဖုန်းနံပါတ်မှတ်ထားတာတွေကို ကဏန်းသုံးလုံးယူပြီး ဆုတ်ဖြဲလိုက်ပါတယ်။ ပြီးတော့ ချဲထီလောင်းကစားမှုနဲ့ ဖမ်းပါတော့တယ်။ ဘတ်တစ်သောင်းတောင်းပေမယ့် ဘတ်၆၀၀၀ကတော့ ပေါက်ဈေးဖြစ်နေပါတယ်။
ယခင်က လလယ်ရက်တွေနဲ့ လကုန်ရက်တွေမှာ ချဲဖိုးရှာပါတယ်။ ယခုလိုကမ္ဘာ့ဘောလုံးပွဲတို့ အပြင် အခြားသော နိုင်ငံတကာဘောလုံးပွဲတွေမှာ ထိုင်းပုလိပ်အတော်များများတို့က လောင်းကြတာကြောင့် အပိုငွေတိုးပြီး ရှာကြရပါတယ်။ ပြီးခဲ့တဲ့ တစ်ရက်နေ့က မဟာချိုင် မူမိုင်ဘက်မှာ ကိုအေးဆိုတဲ့ အလုပ်သမားတစ်ယောက်ကို ချဲစာရွက်နဲ့ ဖမ်းတယ်ဆိုပြီး ပုလိပ်ရေးတဲ့ စာရွက်နဲ့ ဖမ်းဆီးခံရပါတယ်။ ဘတ်၇၀၀၀ ပေးရမယ်လို့ပြောပြီးမဟာချိုင် ၄ထပ်ရဲစခန်းကြီးကို ခေါ်သွားခဲ့ပါတယ်။ ရဲစခန်းရောက်တော့ ဘတ်၆၀၀၀နဲ့ ဈေးညှိပြီး ပြန်လွှတ်ပေးခဲ့ပါတယ်။ ဖမ်းတဲ့ပုလိပ်က အိမ်မှာကတည်းက ၆၀၀၀/ပေးရင် အလုပ်မပျက်ဘူး။ ရဲစခန်းရောက်တော့ ပေးလည်းပေးရ၊ အလုပ်လည်းပျက်တော့ အလုပ်သမားပဲ နစ်နာတာပေါ့လို့ ဖမ်းတဲံ ပုလိပ်က စီးပွားတွက်ပြပြီး ပြောပါသေးတယ်။
ထိုင်းပုလိပ်တွေဟာ နေ့စဉ်ပုံမှန်သုံးဖို့ ၊ ဘီယာသောက်ဖို့ ၊ အိမ်မှာခိုင်းထားတဲ့ အိမ်ဖေါ် အလုပ်သမဖို့၊ အချို့ဆို အငယ်အနှောင်းဖို့ အမြဲကိုရှာကြရပါတယ်။ နိုင်ငံအနှံ့ ရွေ့ပြောင်းအလုပ်သမား ဖမ်းဆီးရေး စီမံကိန်းတွေ အပါအ၀င် နယ်ထိန်း(ဆိုင်ကယ်စီး)ပုလိပ်တွေက တစ်နေ့ကို ဘယ်ရွေ့ဘယ်မျှစခန်းကို ရှာသွင်းရမယ်ဆိုတာတောင် ရှိမယ်ထင်ပါတယ်။ ခြုံပြောရရင် မြန်မာအလုပ်သမား အကုန်လုံးဟာ ထိုင်းပုလိပ်တွေရဲ့ အစာအာဟာရဖြစ်ပါတယ်။ ထိုင်းတွေဟာ မြန်မာ အလုပ်သမားတွေ အနားကို ကပ်လာပြီးဖြစ်စေ၊ အခန်းတွင်းကိုဝင်လာပြီးဖြစ်စေ၊ လက်ကိုင်ဖုန်းကို ငှါးပါတယ်။ ဖုန်းဆက်မယ်ပေါ့၊ အဲလိုယူသွားပြီး ပြန်မပေးပဲနေတာက မဟာချိုင် နေရာတိုင်းမှာလို့လည်း ပြောကြပါတယ်။ မြန်မာတွေမဖမ်းရင် ထိုင်းပုလိပ်တွေ ရပ်တည်လို့ မရနိုင်ဘူး ထင်ပါတယ်။ ထိုင်းနိုင်ငံမြို့တိုင်းမှာ လက်ကိုင်ဖုန်းတွေရောင်းတဲ့ ဆိုင်တွေအနားမှာ သတိထားပြီး စောင့်ကြည့်နေပါ။ နေ့တိုင်းနေ့တိုင်း မြန်မာအလုပ်သမားတွေဆီက မတရားသိမ်းဆည်းလာတဲ့ လက်ကိုင်ဖုန်း တစ်လုံးကို ဘတ်၂၀၀ ကနေ ဘတ်၅၀၀ အတွင်း ရောင်းချနေတာ တွေ့ရမှာဖြစ်ပါတယ်။
လမ်းကိုထွက်လာတဲ့ မြန်မာအလုပ်သမား တစ်ယောက်မှာ ပါသွားတဲ့ ရွှေ၊ ငွေ၊ လက်ဝတ်လက်စား၊ ဖုန်း၊ ကင်မရာအပါအ၀င် အခြားသော ပစ္စည်းတွေဆိုတာ ထိုင်းပုလိပ်တွေ မယူချင်လို့ လွှတ်လိုက်လို့သာ ပြန်ပါနိုင်ပါတယ်။ နေထိုင်ခွင့် စာရွက်စာတမ်းတွေ ဘယ်လောက်ပဲပြည့်စုံပြည့်စုံ အနည်းဆုံး ဘီယာဖိုး ပေးခဲ့ပါလို့ မျက်နှာပြောင်တိုက် တောင်းပါတယ်။
ရေးပြလို့မဆုံး တစ်ထောင်တစ်ညပုံပြင်လို ပြောမဆုံးနိုင်တဲ့ မဟာချိုင်မှာ မြန်မာအလုပ်သမားတွေရဲ့ ကျမ္မာရေး၊ ပညာရေးနဲ့ အလုပ်သမားများအခွင့်အေ၇းဆိုင်ရာ ကိစ္စရပ်တွေကို ဖြေရှင်းပေးဖို့ ဖွဲ့စည်း တည်ထောင်ထားတဲ့ အဖွဲ့ အနည်းငယ်ရှိပါတယ်။ ဘဲအုပ်က တစ်ရာနှစ်ရာ မဗေဒါက တစ်ပင်တည်းအဖြစ်ပါ။ ဘယ်လိုမှ ကာကွယ်စောင့်ရှောက်နိုင်စွမ်း မရှိပါဘူး။ သာရေးနာရေး အဖွဲ့ ကလေးတွေ၊ စာကြည့်တိုက်ကလေးတွေ တည်ထောင်ထားကြပါတယ်။ အခက်အခဲတွေ အန္တရာယ်တွေကြားထဲမှာ လုပ်နေကြရတဲ့ မြန်မာအလုပ်သမား အရေး ဆောင်ရွက်နေကြတဲ့ အဖွဲ့တွေမှာလည်း နောက်ကြောမလုံ။ နတ်ကလိမ်နဲ့ ထိုင်းပုလိပ်ကအစ ကြောက်နေရတာပါ။
မဟာချိုင်က မြန်မာအလုပ်သမားတွေရဲ့ ဘ၀တွေက ဟင်းလင်းပြင်မှာရှိနေတဲ့ အရာဝတ္ထုတစ်ခုလို့ လုံးဝအကာအကွယ်မရှိတဲ့ အနေအထားပါ။ နယ်မြေကြီးမားကျယ်ပြန့်ပြီး သီးခြားစီရှိနေတဲ့ တည်ဆောက်ထားမှု အနေအထားတွေ၊ ဘယ်သူသတ်လို့ သတ်ခဲ့မှန်းမသိတဲ့ မြန်မာအလုပ်သမားတွေ၇ဲ့ အလောင်းတွေ လမ်းဘေး ဓနိတောစပ်မှာ မကြာမကြာတွေ့ရတတ်ပါတယ်။ ရွေ့ပြောင်း အလုပ်သမားတွေရဲ့ အားကိုးရာမဲ့တဲ့ အနေအထားတွေ ဒီအတိုင်းသာ ရှိနေအုံးမယ်ဆိုရင်၊ မဟာချိုင်မှာရှိတဲ့ မြန်မာရွေ့ပြောင်း အလုပ်သမားတွေဟာ ဒုက္ခပေါင်းစုံကို မဟာ့မဟာ ဆက်လက်ခံစားနေရအုံးမှာပါ။
ကျော်သောင်း