7.31.2008

ဝန်ကြီးချုပ်ဟောင်း တပ်ဆင်၏ဇနီးကို အခွန်ရှောင်မှုဖြင့် ထောင်သုံးနှစ်ချ

တပ်ဆင်၏ဇနီး ပွတ်ဂျမန် တရားရုံးသို့ မိသားစုနှင့်အတူ ရောက်လာစဉ်
ထိုင်းဝန်ကြီးချုပ်ဟောင်း တပ်ဆင်၏ဇနီး ပွတ်ဂျမန်သည် အခွန်ရှောင်လွှဲမှုဖြင့် အပြစ်ရှိကြောင်း ထိုင်းတရားရုံးတခုမှ ထောင်ဒဏ် (၃) နှစ် ကျခံစေရန် အမိန့်ချမှတ်လိုက်သည်။
ပွတ်ဂျမန်၏ မောင်နှင့် သူမ၏ အတွင်းရေးမှူးသည်လည်း ၁၉၉၇ ခုနှစ်တွင် တပ်ဆင်မိသားစုပိုင် တယ်လီကွမ်းလုပ်ငန်းတွင် အစုရှယ်ယာများလွှဲပြောင်းရာ၌ အခွန်ငွေ ထိုင်းဘတ် (၅၄၆) သန်း ရှောင်တိမ်းမှုဖြင့် အပြစ်ရှိသည်ဟု တွေ့ရှိရသည်။
ပွတ်ဂျမန်၏မောင် ဘန်နာပေါ့ကိုလည်း ထောင်ဒဏ် (၃) နှစ် အပြစ်ပေးခံရပြီး အတွင်းရေးမှူးကို လည်း ထောင်ဒဏ် (၂)နှစ် ချမှတ်ခဲ့သည်။ ထိုအမှုသည် တပ်ဆင်မိသားစုကို စွဲဆိုထားသည့် အမှုတွဲများတွင် ပထမဆုံးအမှုဖြစ်ပြီး တပ်ဆင်သည် ယခု သူ့မိသားစု၏ အခွန်ရှောင်လွှဲမှုအပါအ၀င် သူ့ကို စွပ်စွဲထားသော အဂတိလိုက်စားမှုများ အားလုံးကို ငြင်းဆန်ခဲ့သည်မှာ ကြာပြီဖြစ်သည်။
ထိုင်းတရားရုံးက တပ်ဆင်၏ဇနီး ပွတ်ဂျမန်နှင့် အပေါင်းအပါ နှစ်ယောက်အား အာမခံငွေ ထိုင်းဘတ် (၅) သန်းဖြင့် ပြန်လွှတ်ထားသည်ဟု တရားရုံးအရာရှိတဦးက ပြောသည်။ ပွတ်ဂျမန်အနေဖြင့် ထိုအမှုကို အယူခံဝင်မည်ဟုလည်း အများက မျှော်လင့်နေကြသည်။
တပ်ဆင်၏ နိုင်ငံရေးလက်တွဲဖော်လည်းဖြစ်၊ စီးပွားရေးလက်တွဲဖော်လည်းဖြစ်သည့် ပွတ်ဂျမန်ကို ထိုင်းတရားရုံးက အပြစ်ရှိသည်ဟု အမိန့်ချမှတ်ခဲ့မှုတွင် ပွတ်ဂျမန်အနေဖြင့် သတိလစ်မတတ် ဖြစ်သွားသည်။
ထိုင်းနိုင်ငံ ရာဇ၀တ်တရားရုံးသို့ ပွတ်ဂျမန်သွားရာတွင် တပ်ဆင်သည် ဇနီးဖြစ်သူနှင့် အဖော်လိုက်ပါ သွားခဲ့ရာ တပ်ဆင်မိသားစုပြန်အလာကို ထောက်ခံသူ ရာပေါင်းများစွာသော ပရိသတ်များက လက်ခုပ်လက်ဝါးတီးကာ ကြိုဆိုကြသည်။ ၎င်းတို့နှင့်အတူ သားသမီးသုံးယောက်လည်း လိုက်ပါ လာသည်။
တရားရုံးတ၀ိုက်တွင် တပ်ဆင်ကိုထောက်ခံသူများနှင့် ဆန့်ကျင်သူများ ရုန်းရင်းဆန်ခတ် ဖြစ်ပွားမည်စိုးသောကြောင့် လုံခြုံရေးရဲဝန်ထမ်း (၃၀၀) ကျော် နေရာချထား ရသည်။
ယနေ့အမှုမှာ ၁၉၉၇ ခုနှစ်တွင် ရှင်နာဝါထရာ ကွန်ပျူတာ ကုမ္ပဏီ (နောင်တွင် ရှင်းကော်ပိုရေးရှင်း ဖြစ်လာသည်။ ရှင်းကော်ပိုရေးရှင်းသည် ထိုင်းနိုင်ငံတွင် အကြီးဆုံး ကြေးနန်းဆက်သွယ်ရေး ကုမ္ပဏီဖြစ်သည်) အတွင်း အစုရှယ်ယာ လွှဲပြောင်းမှုတွင် အဓိကထားသည်။ ၂၀၀၆ ခုနှစ်တွင် ထိုကုမ္ပဏီကို စင်ကာပူအစိုးရပိုင် ကုမ္ပဏီတခုအား ဒေါ်လာ (၂.၂) ဘီလီယံဖြင့် ရောင်းချခဲ့သည်။
ထိုကုမ္ပဏီတွင်း အစုရှယ်ယာ လွှဲပြောင်းမှုတန်ဖိုးပမာဏမှာ ဘတ်ငွေ (၇၃၈) သန်းရှိပြီး အခွန် ဆောင်ခြင်းမရှိဟု ယူဆထားသည်။ တပ်ဆင်မိသားစုသည် ထိုအစုရှယ်ယာ လွှဲပြောင်းမှုကို အခွန်ကင်းလွတ်ခွင့်ရှိသော စတော့ဈေးကွက်အတွင်း ရှယ်ယာလွှဲပြောင်းခြင်းဟုသာ စာရင်းပြခဲ့သည်။
တပ်ဆင် ၀န်ကြီးချုပ်ရာထူးမှ ရပ်ဆိုင်းခံရပြီးနောက်တွင် ထိုကိစ္စအား စုံစမ်းစစ်ဆေးခဲ့ရာမှ အမှုမှန် ပေါ်ပေါက်လာခြင်းဖြစ်သည်။ သူမသည် မိသားစု၏ အိမ်စေ တယောက်ထံမှ ရှယ်ယာများကို ၀ယ်ယူကာ ထိုရှယ်ယာများကို မွေးစားမောင်ဖြစ်သူ ဘာနပေါ့ ဒါမာပေါင်အား လွှဲပြောင်းပေး ခဲ့ခြင်းဖြစ်ပြီး ထိုလုပ်ရပ်မှာ ထိုင်းဥပဒေအရ အခွန်ကောက်ခွင့်မရှိဟု ပွတ်ဂျမန်ကလည်း ၎င်း၏ရှေ့နေမှတဆင့် ပြောကြားခဲ့သည်။
သို့ရာတွင် အိမ်စေသို့ပေးသော ငွေများမှာ နောင်တွင် ဘဏ်အသစ်တခု၌ ပွတ်ဂျမန်၏ ဘဏ်စာရင်းဖြင့် အပ်နှံထားသည်ကို တွေ့ရှိရသည်ဟု ထိုင်းပိုင်ဆိုင်မှုစစ်ဆေးရေးကော်မတီက ဆိုသည်။
ပွတ်ဂျမန်နှင့် မောင်ဖြစ်သူသည် အခွန်ရှောင်လွဲလိုခြင်းကြောင့် ငွေလွှဲပြောင်းမှုသဘာဝကို မှားယွင်းစွာ လုပ်ဆောင်ခဲ့သောကြောင့် ၎င်းတို့အနေဖြင့် အခွန်ငွေ ဘတ် (၅၄၆) သန်း ပေးသင့်သည်ဟု ကော်မတီက ပြောသည်။ ထိုအခွန်ရှောင်လွဲမှုတွင် တပ်ဆင်အနေဖြင့် ငြိစွန်းခြင်း မရှိချေ။
အကျိုးစီးပွားချင်း ပဋိပက္ခဖြစ်မှုဆိုင်ရာ ဥပဒေများကို ရှောင်လွဲလိုသောကြောင့် တပ်ဆင်သည် ၀န်ကြီးချုပ်မဖြစ်မီကတည်းက ရှင်းကော်ပိုရေးရှင်းမှ ရှယ်ယာများကို သူ့ အိမ်စေ၊ ဒရိုင်ဘာ၊ ဆွေမျိုးသားချင်းများနှင့် အခြားသူများထံ လွှဲပြောင်းမှု ပြုလုပ်ထားခဲ့ကြောင်း သိရှိရသည်။
တပ်ဆင်သည် အာဏာအလွဲသုံးစားပြုလုပ်သည့် အမှု (၃) ခုဖြင့်လည်း တရားစွဲဆိုထားခြင်း ခံနေရပြီး ၎င်း၏ အမှုများကို ဗဟိုတရားရုံးချုပ်မှ ကြားနာမည်ဖြစ်သည်။ အပြစ်ရှိကြောင်း တွေ့ရှိရ ပါက သူ့အနေဖြင့် အယူခံဝင်၍ ရနိုင်မည်မဟုတ်ပေ။
ပြီးခဲ့သည့်နှစ်တွင် စစ်တပ်မှတင်သွင်းသော ဖွဲ့စည်းပုံအခြေခံဥပဒေသစ်အောက်တွင် နိုင်ငံရေး သမားများနှင့် ပတ်သက်လျှင် တရားစီရင်မှုရေးရာတွင် လုပ်ပိုင်ခွင့်များတိုးမြှင့်ထားသည်ကို တွေ့ရသည်။
ဝန်ကြီးချုပ်ဟောင်း တပ်ဆင်မိသားစုနှင့် ပတ်သက်ပြီး စွဲဆိုထားသည့်အမှုများ ပုံနေသောကြောင့် ယခုလက်ရှိအချိန်တွင် ထိုင်းနိုင်ငံ၌ အာဏာအကြီးဆုံးအဖွဲ့အစည်းမှာ တရားစီရင်ရေးအဖွဲ့ပင် ဖြစ်နေသည်ကို တွေ့ရှိရသည်။ ။

နိုင်ငံရေးဒုက္ခသည်အဖြစ်အသိအမှတ်ပြုရန် ဘန်ကောက်၌ ဆန္ဒပြတောင်းဆို

ဘန်ကောက်မြို့ရှိ နိုင်ငံရေးလှုပ်ရှားသူများကို ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး (ယူအန်အိတ်ခ်ျစီအာ) ရုံးက နိုင်ငံရေးဒုက္ခသည်အဖြစ် အသိအမှတ်ပြု၍ ကာကွယ်စောင့်ရှောက် ပေးရန် မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူများက ယနေ့နံနက်ပိုင်းက ဘန်ကောက်မြို့ ကုလသမဂ္ဂ ရုံးရှေ့၌ ဆန္ဒပြတောင်းဆိုကြသည်။
မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူ (၆၀) ကျော်တို့သည် ဘန်ကောက်မြို့ ကုလသမဂ္ဂရုံးရှေ့ သို့သွားရောက်၍ မြန်မာပြည်လွတ်မြောက်ရေး၊ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး၊ ကုလသမဂ္ဂက မြန်မာ့အရေးဝင်ရောက်ဖြေရှင်းပေးရေး စသည့်ပိုစတာများနှင့် ကြွေးကြော်သံများ အော်ဟစ်ကာ (၁) နာရီကျော်ကြာ ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။
ဆန္ဒပြသူတဦးဖြစ်သည့် မြန်မာ့ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေးအဖွဲ့ဝင် ကိုစိုးအောင်က“ကျနော်တို့ အဓိကဆန္ဒပြတာတော့ ကျနော်တို့မြန်မာနိုင်ငံမှာကြုံတွေ့နေတဲ့ပြဿနာတွေကို ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ အမြန်ဆုံးဝင်ရောက်ဖြေရှင်းပေးဖို့ပါ။ နောက်တခုက ထိုင်းနိုင်ငံမှာရှိတဲ့ ကုလသမဂ္ဂရုံးကနေပြီးတော့ ကျနော်တို့မြန်မာနိုင်ငံသားတွေကို ဒုက္ခသည် အဖြစ်အသိအမှတ်ပြုဖို့ ကျနော်တို့တောင်းဆိုပါတယ်ခင်ဗျာ” ဟု ပြောသည်။
ဘန်ကောက်ရှိ နိုင်ငံရေးလှုပ်ရှားသူတို့၏ ဒုက္ခသည်အဖြစ် အသစ်လျှောက်ထားမှုများကို ယူအန်အိတ်ခ်ျစီအာက ၂၀၀၅ ခုနှစ်ကတည်းက အသစ်လက်မခံတော့သည့်အပြင် လျှောက် ထားပြီးသူတို့၏ လျှောက်လွှာများကိုလည်း အရေးယူဆောင်ရွက်ပေးခြင်းမရှိတော့ကြောင်း သိရသည်။
နိုင်ငံရေးဒုက္ခသည်အဖြစ် အသိအမှတ်ပြုမခံရဘဲ ဘန်ကောက်မြို့၌ အခက်အခဲတွေ့နေသူ (၁) ထောင်ဝန်းကျင်ရှိနိုင်ပြီး ၎င်းတို့အနေဖြင့် ထိုင်းနိုင်ငံ၌နေထိုင်ခွင့် အထောက်အထား တစုံတရာ မရှိသဖြင့် ထိုင်းရဲ၏ ဖမ်းဆီးခြင်းခံရပါက မြန်မာနိုင်ငံဘက်ပြန်ပို့ခံရနိုင်သည့် အန္တရာယ်ရှိနေသည်ဟု ဆန္ဒပြသူ ကိုဆန်ကြီးက ပြောသည်။
ဇိုမီးအမျိုးသားကွန်ဂရက် လူငယ်အဖွဲ့ဝင် ကိုဇော်မင်းက “ကျနော်တို့ကို ယူအန်က ဘာမှ လုပ်မပေးဘဲ ဒီအတိုင်းပဲထားထားတယ်။ တကယ့်ဒုက္ခသည်မဟုတ်တဲ့ လူတွေကျတော့ ပိုက်ဆံယူပြီး ယူအန်က တတိယနိုင်ငံကို ပို့ပေးနေတယ်။ ကျနော်တို့ နေရေးထိုင်ရေးအခက် အခဲတွေ့နေတယ်။ အလုပ်လုပ်မယ်ဆိုလည်းမလွယ်ဘူး။ ယူအန်အနေနဲ့ တခုခုလုပ်ပေးဖို့ တောင်းဆိုတာပါ” ဟု ပြောသည်။
ဆန္ဒပြသူအချို့ကို ကုလသမဂ္ဂရုံးမှ တာဝန်ရှိသူတဦးက တွေ့ဆုံပြီး တောင်းဆိုချက်များကို လက်ခံယူခဲ့ပြီး သက်ဆိုင်ရာသို့ ဆက်လက် တင်ပြပေးမည်ဟုသာ ပြန်လည်တုံ့ပြန်ခဲ့ကြောင်း သိရသည်။ ။