6.19.2009

အခက်အခဲများကြားမှ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲ NLD ကျင်းပ

E-mail Print
“မင်း အသိုင်းအ၀ိုင်းက တုန်လှုပ်ခြောက်ခြားပြီး … ဒါတွေ မင်းကြောင့်လို့ ၀ိုင်းပြီး အပြစ်တင်တဲ့အခါ … မင်းဟာ ခေါင်းအေးအေးနဲ့ … ရင်ဆိုင်နိုင်မယ်ဆိုရင်…” ဟူသည့် သီချင်းသံနှင့် တေးသွားသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ခန်းမအတွင်း ပျံ့လွင့်လျက်ရှိသည်။

အကယ်၍သာ “ if ”သီချင်း ကို NLD မှ လူငယ်အမျိုးသမီးလေးတဦးကသီဆိုပြီး အမျိုးသား ၃ ဦးက ဂစ်တာနှင့် အော်ဂင်ကို တီးခတ်၍ ၆၄ နှစ်ပြည့် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ပွဲ အခမ်းအနားကို နံနက် ၁၀ နာရီတွင် စတင်ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်။

ပင်နီအင်္ကျီ၊ ဒေါ်အောင်ဆန်းစုကြည် ပုံပါ အ၀ါရောင် တီရှပ်အင်္ကျီများ ၀တ်ဆင်ထားကြသောလူ ၅၀၀ ခန့်ဖြင့် ပြည့်နေသည့် ခန်းမအတွင်း သတင်းဓာတ်ပုံ ရိုက်ကူးနေကြသော သတင်းသမားများမှအပ ကျန်လူများ အားလုံး တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ထိုသီချင်းကို ခံစားနားထောင်လျက်ရှိသည်ကို တွေ့မြင်ရသည်။

သူတို့ကို မြင်ရသည်မှာ တေးသွားထဲတွင် နစ်မျောနေဟန်ရှိသလို၊ ဒေါ်အောင်ဆန်းစုကြည် မပါဝင်နိုင်သော ၆၄ နှစ်ပြည့် မွေးနေ့ ကျင်းပရခြင်းအပေါ်လည်း စိတ်မကောင်းဖြစ်နေကြဟန်တူသည်။

ထိုအခမ်းနားမစခင်တုန်းကတော့ ဗဟိုအမျိုးသမီးအဖွဲ့ဝင်တဦးဖြစ်သော ဒေါ်အေးအေးမာက “ဒေါ်အောင်ဆန်းစုကြည် မပါဘဲနဲ့ အခုလို မွေးနေ့ပွဲ ကျင်းပရတိုင်း ကျမတို့စိတ်မကောင်းဖြစ်ရပါတယ်”ဟု ပြောဆိုခဲ့သည်။

ထို့အပြင် အခမ်းအနားမစတင်မီက မွေးနေ့ ကိတ်ကို ဗဟိုအမျိုးသမီးအဖွဲ့မှ တာဝန်ရှိသူ တဦးက လှီးပေးခဲ့ပြီး
“ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံးလွတ်မြောက်ပါစေ…ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံး လွတ်မြောက်ပါစေ…” ဟူသော ဆုတောင်းသံတို့ဖြင့် လှိုက်လှိုက်လှဲလှဲ ရွတ်ဆိုရင်း ဆုတောင်းပေးခဲ့ကြသေးသည်။

နံနက် ၉ နာရီ မိနစ် ၄၀ အချိန်ကလည်း ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားများအားလုံးကို ရည်စူးကာ ချိုးငှက် ၁၀ ကောင်နှင့် စာကလေးငှက် ၆၅ ကောင်တို့ကို အဖွဲ့ချုပ်ရုံးရှေ့မှ လွှတ်ပေးခဲ့ကြသေး သည်။

သူတို့အနေနှင့် ချိုးငှက်ကောင်ရေကို များများလွှတ်ပေးချင်သော်လည်း ၀ယ်မရခဲ့ကြောင်း၊ အဖွဲ့ဝင် မဟုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည်ကို အားပေးထောက်ခံသူများ၏ အကူအညီကြောင့်သာ ယခုကဲ့သို့ စာကလေး အကောင် ၆၀ ကျော် ရရှိခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ အမျိုးသမီးအဖွဲ့က ပြောပြသည်။

“အာဏာပိုင်တွေ ဘက်ကတော့ နှောင့်ယှက်ကြတာပဲ၊ အမျိုးမျိုးပဲ၊ မနက်ကလည်း သံဃာ ၅ ပါး မပြည့်ဘဲ ၄ ပါးပဲ ကပ်ရတယ်၊ ဘာဖြစ်လို့လဲဆိုတော့ အရင် ကြိုလျှောက်ထားတဲ့ သံဃာတွေက အစိုးရကသွားတားထားလို့ မလာရဲ တော့လို့ အခြားသံဃာတွေကို ရှာပင့်ခဲ့ရတယ်”ဟု NLD ရန်ကုန်တိုင်း လူမှုထောက်ကူပြုအဖွဲ့ဝင်တဦးက ပြောဆို သည်။

မနက်ပိုင်းတွင် သံဃာ ၅ ပါးကို ဆွမ်းကပ်လှူရန်အတွက် မဟာစည်ကျောင်းတိုက်မှ သံဃာ ၅ ပါးအား ကြိုတင် လျှောက်ထားခဲ့သော်လည်း အစိုးရကတားမြစ်ခဲ့၍ တခြားကျောင်းတိုက်မှ ၄ ပါးသာ ဆွမ်းကပ်ရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ သံဃာ ၄ ပါး အား ကျောင်းတိုက်သို့ ပြန်ပို့အပြီးမှာပင် သက်ဆိုင်ရာမှ ချက်ခြင်းခေါ်ဆောင်သွားခဲ့သည် ဟု ကြားသိရကြောင်း NLD အဖွဲ့ဝင်တဦး၏ ပြောပြချက်အရ သိရသည်။

NLD ရန်ကုန်တိုင်း၊ လူမှုထောက်ကူပြုအဖွဲ့အနေနှင့် ဒေါ်အောင်ဆန်းစုကြည်၏ ဆန္ဒတခုဖြစ်သော အကျဉ်းကျခံ မိသားစုဝင်များ၏ ကျောင်းသူကျောင်းသားများအား ပညာရေးထောက်ပံ့ကြေးပေးအပ်ခြင်းကို မွေးနေ့တိုင်းပြုလုပ် ပေးခဲ့ကြောင်း၊ ယခုနှစ်သည် ၈ ကြိမ်မြောက်ပေးအပ်ခြင်းနှစ် ဖြစ်ကြောင်း အဆိုပါ လူမှုထောက်ကူပြုအဖွဲ့မှ တာဝန်ရှိသူ ဦးလှသိန်းက ပြောပြသည်။

“ဒီနှစ်က အကျဉ်းကျခံ မိသားစုတွေရော၊ အထိန်းသိမ်းခံ မိသားစုဝင်တွေရောဆိုတော့ ထောက်ပံ့ကြေးပေးရတဲ့သူ က စုစုပေါင်း ၁၃၀ ကျော်လောက်ရှိတယ်၊ မနှစ်တုန်းကတော့ ၈၀ ကျော်ပဲ ရှိခဲ့တဲ့ အတွက် တယောက်ကို ငွေ ၅ သောင်း၊ ဖယောင်းတိုင်၊ စာအုပ်စာတမ်း ခဲတံ ဘောပင် တွေပါ ပေးနိုင်ခဲ့တယ်၊ အခုနှစ်တော့ လူကလည်းများ တော့ တဦးကို ငွေ ၂ သောင်းနှုန်း ပေးမယ်လို့စီစဉ်ထားပါတယ်”ဟု သူက ပြောပြသည်။

အခမ်းအနားတွင် အမျိုးသမီးအဖွဲ့မှ ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ကို မြန်မာ အမျိုးသမီးနေ့အဖြစ် သတ်မှတ် ခဲ့ရာ ယနေ့ဆိုလျှင် ၁၀ ကြိမ်မြောက်နေ့ ဖြစ်ကြောင်း ပြောဆိုခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးရန် ထပ်မံတောင်းဆိုသည့် ကြေငြာချက်ကို ထုတ်ပြန်ခဲ့သည်။