5.28.2010

နိုင်ငံတကာ ဘေးဒုက္ခသယ်များအား အမြန်ဆုံး ကူညီနိင်ရန် စတုဒီသာ သံဃာစည်းဝေး


မေ၂၈

ထိုင်းနိုင်ငံ၊မဟာချိုင်မြို့နှင့် ၁၂ကီလိုအကွာ ၀ပ်ခေါင်မဒေးရား ကျောင်းတိုက်တွင် နိုင်ငံတကာ ဘေးဒုက္ခများအား ကူညီဖြေရှင်းနိုင်ရန်အတွက် နိုင်ငံပေါင်းဆယ်နိုင်ငံကျော်မှ ဗုဒ္ဓဘာသာခေါင်းဆောင် သံဃာတော်များက စတုဒီသာ သံဃာ့အစည်းအဝေးကြီးအား ကျင်းပနေကြောင်း သိရသည်။

မြန်မာ၊ ထိုင်း၊ကမ္ဘောဒီယား၊ သြစတေလျ ၊ ဂျပန်၊မလေးရှား၊ဗီယက်နမ်၊ သိရိလင်္ကာ ၊ လာအို၊ မွန်ဂိုလီးယား၊ တိဘက်၊ ရုရှား၊  ကမီကီယာ (kalmykia) ၊ ထိုင်ဝမ်၊တရုတ်၊ ဘင်္ဂလားဒေ့ခ်ျ၊တောင်ကိုးရီယား၊ အိန္ဒိယတို့ ပါဝင် ဖွဲ့စည်းထားသော စတုဒီသာ သံဃာအဖွဲ့အစည်းက စတုတ္ထအကြိမ် နိုင်ငံတကာညီလာခံတစ်ရပ်ကို မေလ၂၆ ရက်နေ့ ညနေမှာ မိတ်ဆက်ပွဲ ကျင်းပတာ အပါအ၀င် ၂၉ရက်နေ့ အထိ ကျင်းပမည်ဖြစ်သည်။

မဟာချိုင်အခြေစိုက် မဟာချိုင်အခြေစိုက် CSမြန်မာအဖွဲ့ခေါင်းဆောင် ရွှေတွံ့တေး ဆရာတော်က ဖြစ်မြောက်အောင် ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး ဖိတ်ကြားထားသည့် အဖွဲ့ ဝင် ၁၈နိုင်ငံအနက် ၁၆နိုင်ငံက ဗုဒ္ဓဘာသာ သံဃာတော်များ၊ ကိုယ်စားလှယ်များ အပါအ၀င် မဟာချိုင်က မြန်မာအလုပ်သမား စုစုပေါင်း တစ်ရာကျော် တက်ရောက်ခဲ့ကြသည်။

ဆရာတော်က “ထေရ၀ါဒ၊ မဟာယာန မခွဲခြားပဲ စုပေါင်းပြီးတော့ ကမ္ဘာပေါ်မှာ ငွေကြေးအရ၊ နည်းပညာအရ၊ စိတ်ဓါတ်အရ ဘာတွေလုပ်ပေးနိုင်မလဲ ဆိုတာကို ညှိနှိုင်းဖို့အတွက် ဒီပွဲကိုလုပ်တာ ဖြစ်ပါတယ်။ နာဂစ်ဒေသကို ဘတ်သိန်းဆယ်ချီပြီးတော့ လှူခဲ့ပြီ၊ ခုလည်း လယ်ထွန်စက်တွေ၊ ကျွဲတွေ၊ ဆန်အိပ်တွေ လှူနေတဲ့အပြင် ရေလိုနေကြလို့ ရေပါလှူခဲ့ပါတယ်။ နာဂစ်ဘေး ဒုက္ခသည်တွေကို မြန်မာတွေ မေ့ချင်နေကြပေမယ့် နိုင်ငံတကာမိသားစုတွေက ခုထိပြောဆိုကြတုန်း၊ အလှူတွေရှာဖွေကြတုန်း ဖြစ်တယ်၊ ခုဆက်ပြီး အကူအညီပေးလိုသူရှိရင် ဦးဇင်းကို ဆက်သွယ်ကြပါ” ဟု မိန့် တော်မူသည်။

စတုဒီသာ သံဃာကို တိုက်ရိုက်ရေးထားသည့် (Catuddisa Sangha) CS အကူအညီပေးရေးအဖွဲ့ ကြီးက မြန်မာ၊ ကမ္ဘောာဒီယား၊ လာအိုနဲ့ ဘင်္ဂလားဒေ့ခ်ျနိုင်ငံတို့ လို ဆင်း ရဲသည့် နိုင်ငံများအား ကူညီပေးသည့်အပြင် သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့ သော ဟီတီရေကြီးမှု၊ အင်ဒိုနီးရှားနှင့် ဂျပန်တို့ မြေပြိုမှုတို့ကဲ့သို့ ဘေးဒုက္ခများကိုလည်း အကူအညီပေးကြောင်း CS အဖွဲ့ ခေါင်းဆောင် ဂျပန်ဘုန်းတော်ကြီး အိမိုတိုစံ က ပြောသည်။

၂၀၀၃ခုနှစ်က ဂျပန်နိုင်ငံမှာ ဂျပန် ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေက စတင်ဖွဲ့ စည်းခဲ့တာဖြစ်ပြီး ယခုအခါ နိုင်ငံတကာမှာ CSအဖွဲ့ ဝင်ပေါင်း တစ်သိန်းကျော်သွားပြီလို့  ဂျပန်ဘုန်းတော်ကြီးက ပြောသည်။

မြန်မာပြည်တွင် ဒုက္ခရောက်နေကြသော မြန်မာနိင်ငံသားအပြင် CSအဖွဲ့ မှ ဘတ်လေးသိန်းကို မတည်၍ ထိုင်းနိုင်ငံ မဟာချိုင်တွင်ရှိသည့် အခက်အခဲရောက်နေသည့် မြန်မာအလုပ်သမားများအား အတိုးမယူပဲ ငွေချေးပေး နေပြန်သည်။

BOBလို့ ခေါ်တဲ့ Bank of Buddha မှာ ဒါရိုက်တာအဖြစ် တာဝန်ယူလုပ်ကိုင်တဲ့ ဦးလှခိုင်က “CSအဖွဲ့ ကနေပြီ
၃လတစ်ကြိမ်၊ အတိုးမယူပဲ အလုပ်သမားတွေကို ငွေတွေထုတ်ချေးပေးပါတယ်။ အတိုးမယူပါဘူး။ ပြန်ဆပ်တဲ့ အခါ တစ်ထောင်စီဆပ်ရပါမယ်။ သူတို့ သတ်မှတ်ထားသလို ဒေါ်လာ၁၀၀ကနေ ဒေါ်လာသုံးရာအထိ ချေးပါတယ်။ အလုပ်ရှိတယ်၊ ဈေးဆိုင်တွေရှိတဲ့ အာမခံကောင်းတဲ့လူဆိုရင် ဘတ်တစ်သောင်းအထိ ထုတ်ချေးပါတယ်” ဆန်တွေ၊ လယ်ထွန်စက်တွေအပြင် ခိုင်းကျွဲ၊ ခိုင်းနွားတွေကိုပါ ၀ယ်ပြီးလှူဒါန်းပါတယ်။ ပြည်တွင်းမှာအပြင် မဟာချိုင်က အလုပ်သမားတွေကို သူတို့ လှူဒါန်းထားတဲ့ငွေနဲ့ အတိုးမယူပဲ အခက်အခဲကြုံနေတဲ့ မြန်မာအလုပ်သမားတွေကို ကျနော်တာဝန်ယူပြီးတော့ ထုတ်ချေးပေးပါတယ်” ဟု ပြောသည်။

ကမ္ဘောဒီယား ဘုန်းတော်ကြီး ကိုယ်စားလှယ်နှင့် လာအိုဘုန်းတော်ကြီး ကိုယ်စားလှယ်၊ ဘင်္ဂလားဒေ့ခ်ျ ဘုန်းတော်ကြီး ကိုယ်စားလှယ်တို့က သူတို့တိုင်းပြည်မှာ ကူညီဆောင်ရွက်ပေးနေသည့် အစီအစဉ်များ ၊ လုပ်ငန်းစဉ်များကို တင်ပြကြသည့်အပြင် လိုအပ်ချက်များကိုလည်း ဓါတ်ပုံ၊ ဗွီဒီယို အထောက်အထားများဖြင့် အစည်းအဝေးတွင် ပြသကြသည်။

ညီလာခံဒုတိယနေ့ ဖြစ်တဲ့ဒီကနေ့ မနက်က မဟာချိုင်နယ်မြေ ၁၂ကီလိုမှာရှိတဲ့ ၀ပ်ခေါင်မဒေးရား ကျောင်းတိုက်အနီးက ရပ်ကွက်ကို နိုင်ငံတကာသံဃာတွေနဲ့ ကျောင်းရှိ သံဃာတော်တွေ စုပေါင်းပြီးတော့ ဆွမ်းဆန်စိမ်း အလှူခံထွက်ကြသည်။

အစည်းဝေးကြီးကို ၄ရက်ကျင်းပမှာဖြစ်ပြီး ၃၀ရက်နေ့တွင် ထိုင်းမြန်မာ နယ်စပ် မဲဆောက်၊ ချင်းမိုင်နဲ့  ကမ္ဘောဒီးယားနယ်စပ်များတွင် အုပ်စုလိုက်ခွဲ ပြီး ငြိမ်းချမ်းရေး ဆုတောင်းပွဲများကျင်းပကြမည်ဖြစ်ကြောင်း သိရသည်။

GHRE ပညာရေးဌာန ပညာရေးလမ်းညွှန် အလုပ်ရုံ ညှိနှိုင်းဆွေးနွေးပွဲကျင်းပ

မေလ ၂၈

ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငအခြေစိုက် အခြေခံ လူထုအခြေပြု လူ့အခွင့်အရေး ပညာပေးဌာန အတွင်း ပညာရေး ဆရာ/မတို့အား ၂၀၁၀ ပညာသင်နှစ်အတွက် လိုအပ်သည့် လမ်းညွှန်သင်ရိုးများ နှီးနှောဖလှယ်ပွဲကို ယနေ့ တွင် စတင်ကျင်းပကြသည်။

အဆိုပါအဖွဲ့ ၏ ပညာရေးဆိုင်ရာ အတိုင်အပင်ခံ ပညာရေးအကြံပေးပုဂ္ဂိုလ် ဆရာ ဦးသိန်းနိုင်က“GHRE အဖွဲ့  ပညာရေးဌာနက ပညာရေးဝန်ထမ်းတွေနဲ့ ပြီးခဲ့တဲ ၂၀၀၉ ပညာသင်က ကြုံခဲ့ရတဲ့ အခက်အခဲတွေ၊ လိုအပ်ချက်တွေကို ခေါင်းစဉ် ၁၂ ခုခွဲပြီးတော့ ၃ ရက်တိုင်တိုင် အပြန်အလှန် ဆွေးနွေးကြမှာဖြစ်ပါတယ်။ အလုပ်ရုံ ဆွေးနွေးချက်တွေအရ နောက်ဆုံးနေ့မှာတော့ လူငယ်သိပ္ပံ သင်ရိုးညွှန်းတမ်းနဲ့အနာဂတ် ရည်မှန်းချက် ဆိုတာတွေကို ချမှတ်သွားမှာဖြစ်ပါတယ်” ဟု ပြောသည်။

ထိုင်းနိုင်ငံတောင်ပိုင်းတွင် ပြည်တွင်းမှာရောက်ရှိနေကြသည့် မြန်မာအလုပ်သမားများ၏ ကလေးငယ်များအား သင်ကြားရန် ဖွင့်လှစ်ထားသည့် GHRE ပညာရေးကျောင်းတွင် အခြေအနေအရ မြန်မာနိုင်ငံ သင်ရိုးညွှန်းတမ်း၊ ထိုင်းသင်ရိုးညွှန်းတမ်းတို့ အား လက်တွေ့ သင်ကြားနေသည့် ဆရာ/မ တို့ က တက်ရောက်သင်ကြားနေသည့် မြန်မာအလုပ်သမားကလေးငယ်များ၏ အနေအထားအပေါ် မူတည်၍ လက်တွေ့ အကျဆုံး အဆင်အပြေနိုင်ဆုံး သင်၇ိုးညွှန်းတမ်းကို အတည်ပြု သတ်မှတ်ကြမည်ဖြစ်ကြောင်း၊ ဆရာဦးသိန်းနိုင်က ပြောသည်။

“လူတိုင်း ဘွဲ့ရ ပညာတတ်ဖြစ်မှာ မဟုတ်ပါဘူး၊ ယှဉ်ပြိုင်မှုနဲ့ ရွေးချယ်မှုအရေးကြီးပါတယ်။ ဒါပေမယ့် ကျနော်တို့ ဆီမှာ စာသင်ခွင့်၇ရှိတဲ့ ကလေးငယ်တစ်ယောက်ဟာ ဝေဖန်ပိုင်းခြားနိုင်တဲ့ အဆင့်၊ ဆုံးဖြတ်ချက်ချနိုင်တဲ့ အဆင့်။ အမှားအမှန် ခွဲခြားနိုင်တဲ့အဆင့် စသဖြင့်ပေါ့လေ။ ကျနော်တို့ ကျောင်းပညာရေးက တစ်စုံတစ်ရာ အဆင့်အတန်းတော့မှီပါတယ်။ ပညာရေးစနစ်ကို ကျနော်တို့ တိုင်းတာတဲ့အခါ ဘွဲ့ ရမှမဟုတ်ပါဘူး” ဟု ဆက်လက် ရှင်းပြသည်။

ဒေသတွင်း မြန်မာအလုပ်သမား အတော်များများတို့မှာ ပင်လယ်ငါးဖမ်းလုပ်ငန်း၊ ရာဘာခြံလုပ်ငန်း၊ ပန်းရံလုပ်ငန်းနှင့် အခြားအိမ်အလုပ်များတွင် လုပ်ကိုင်လေ့ရှိကြသည်။ မိမိ၏ သားသမီးများအတွက် ပညာရေးကို ဂရုစိုက်တိုက်တွန်းမှု အထူးနည်းပါးကြသည်။ GHRE တွင်ပညာသင်ရင်း အင်္ဂလိပ်စကားနှင့် ထိုင်းဘာသာစကား အသင့်အတင့် ကျွမ်းကျင်တတ်မြောက်သွားသည့် မိမိတို့၏ သားသမီးများကို အဆင့်မြင့်ပညာကို ဆက်လက်သင်ကြားနိုင်ရန် ရည်ရွယ်ချက်မရှိတော့ကြပေ။

ထိုင်းတောင်ပိုင်း ခရီးသွားလုပ်ငန်းများတွင် ဘာသာပြန်နှင့် ၀င်ငွေကောင်းသည့် အလုပ်နေရာများတွင် အလုပ်အကိုင် လုပ်ကိုင်နိုင်ရေးတို့ကိုသာ အထူးအာရုံပြုကြတော့သည်။ အရည်အချင်းရှိပြီး ပညာသင်ကြားလို သေးသည့် ကလေးများရှိကြသော်လည်း နေထိုင်ရပ်တည်ရေးအတွက် ရုန်းကန်လှုပ်ရှားနေသည့် မိဘများကို

ကူညီရင်းဖြင့် အလုပ်သမားဘ၀တွင် ကျင်လည်နေသည်က များကြကြောင်း GHREတွင် ပညာသင်ကြားနေ

သည့် ကျောင်းသားမိဘတစ်ဦးက ပြောပြသည်။ GHREတွင် ယခုပညာသင်နှစ်အတွက် ကျောင်းသား ခြောက်ရာကျော် စာရင်းပေးသွင်းထားပြီး ဆရာ/မ ၄၀ နီးပါး ရှိကြောင်းသိရှိရသည်။
ကိုကျော်သောင်းမှ ပေးပို့ပါသည်။