6.03.2008

Post Cyclone ,Questions and answers about Nargis

မုန်တိုင်းအလွန် နိုင်ငံရေး
မင်းဇင် | ဇွန် ၂၊ ၂၀၀၈

နာဂစ် ဆိုင်ကလုန်းမုန်တိုင်းက မြန်မာနိုင်ငံကို တိုက်ခတ်ဖျက်ဆီးခဲ့ချိန်တွင် နိုင်ငံရေးအကျဉ်းသားများကိုလည်း ချမ်းသာ မပေးခဲ့ပါ။ ရာနှင့်ချီသော နိုင်ငံရေးအကျဉ်းသားများ ချုပ်နှောင်ခံထားရသည့် နာမည်ဆိုးဖြင့် ကျော်ကြားလှသော အင်းစိန် အကျဉ်းထောင်သည်လည်း ရန်ကုန်မြို့၏ အဆိုးရွားဆုံး ထိခိုက်ပျက်စီးခံခဲ့ရသည့် နေရာတခု ဖြစ်ခဲ့ရသည်။

ပြင်းထန်လွန်းသည့် လေလှိုင်းများက သစ်ပင်ကြီးများကို အမြစ်ကျွတ်အောင် ချွတ်ယူခဲ့ပြီး ထောင်အခန်းများတွင် မိုးရေများ ဖြင့် ပြည့်လျှံလာခဲ့သည်။ လျှပ်စစ်မီးများ ပြတ်တောက်ခဲ့ပြီ။ မိုးရေစိုစွတ်၍ အေးချမ်းနေသည့် အကျဉ်းသားများစွာက စတင် ၍ အမှောင်ထဲတွင် ဆူပူ အော်ဟစ်ကြတော့သည်။

မုန်တိုင်းပြင်းထန်နေဆဲ၌ပင် ထောင်ဆူမှု ဖြစ်ပေါ်ခဲ့ပြီး အစောင့်များက စတင်ပစ်ခတ်ခဲ့ကြသည်။ ထောင်အခန်းတခုရှိ အကျဉ်းသားများက ထောင်ကို စတင်မီးရှို့လိုက်ကြရာ မီးခိုးများက တခြားအခန်းများသို့လည်း ကူးစက်ပျံ့နှံ့လာခဲ့သည်။

မျက်စိ ရောဂါခံစားနေရသည့် အထင်ရှာဆုံး အကျဉ်းသား ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် အဖို့လည်း မီးခိုးများ ကြောင့် အသက်ရှုကျပ်လာခဲ့ရသည်။ မျက်စိများကလည်း မီးတောက်လုမတတ် နာကျဉ်ခံစားလာရသည်။ အချို့သော သူ၏ ရဲဘော် အကျဉ်းသားများမှာ မီးခိုးငွေ့များကြောင့် မေ့မျောနေကြပြီ။

တချို့သော စာနာသနားကြသည့် ထောင်အစောင့်များက ထောင်အခန်း တံခါးကို ပိတ်ဆို့နေသည့် လဲကျနေသော သစ်ပင် များ၊ သစ်ကိုင်းများကို ဘေးဖယ်ပစ်ကြပြီး နိုင်ငံရေးအကျဉ်းသားများကို ထောင်ဆေးရုံနေရာသို့ ပြောင်းရွှေ့ပေးခဲ့၍သာ ကံကောင်း ထောက်မသည်ဟု ဆိုကြရမည်။

"ကိုမင်းကိုနိုင်ရော၊ အခန်းထဲက တခြားအကျဉ်းသားတွေရော အကယ်၍ အချိန်မီ လာမကယ်နိုင်ဘူးဆိုရင် မီးခိုးတွေနဲ့ သေသွားနိုင်တယ်"ဟု နိုင်ငံရေး အကျဉ်းသားဟောင်းတဦးဖြစ်သူ ကိုဘိုကြည်က ပြောသည်။ သူက ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) (AAPP)ကို ဦးဆောင်နေသူတဦးလည်း ဖြစ်သည်။

ဤရုန်းရင်းဆန်ခတ်မှုအတွင်း အကျဉ်းသားများ မည်မျှသေဆုံးရသည်၊ ဒဏ်ရာ ရရှိသည်ဟူ၍ အစိုးရက တရားဝင်ထုတ်ပြန် ကြေညာချက်များ မရှိခဲ့ပါ။ သို့သော် (AAPP) အဖွဲ့က အကျဉ်းသားအနည်းဆုံး ၃၆ ဦး ပစ်သတ်ခံခဲ့ရသည်ဟု ယုံကြည်ရ ကြောင်း ဆိုသည်။

ဆိုးဆိုးရွားရွား မုန်တိုင်းသင့်ခံခဲ့ရသောဒေသများရှိ နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုဝင်များလည်း သေဆုံးခဲ့ရကြောင်း နောက်ပိုင်းတွင် သူတို့ ကြားသိခဲ့ကြရပါသည်။

နိုင်ငံရေးအကျဉ်းသားတဦး ဖြစ်သူ ကိုသီဟသက်ဇင်၏ မိသားစုဝင် ၉ ဦးအနက် ၈ ဦး မုန်တိုင်းအတွင်း သေဆုံးခဲ့ရကြောင်း ပြန်ပြောပြကြပါသည်။ သူ၏ မိဘများနှင့်အတူ အဘွားဖြစ်သူ၊ သားဖြစ်သူနှင့် မောင်နှမများ မုန်တိုင်းအတွင်း အသက်ဆုံးပါး ခဲ့ကြရပါသည်။ သူ၏ ဇနီးတဦးသာ အသက်ရှင် ကျန်ရစ်ပါသည်။

မုန်တိုင်းတိုက်ခတ်နေစဉ်အတွင်း အင်းစိန်အကျဉ်းထောင်အတွင်း ဖြစ်ပွားခဲ့ရသော အခြေအနေသည် မြန်မာ့နိုင်ငံရေးကို ပုံပြုဖော်ပြနိုင်သည့် လောက အငယ်စားကလေးဟုပင် ဆိုနိုင်ပါသည်။

လူပေါင်း ၁၃၄,၀၀၀ ဦး အသက်ဆုံးရှုံးရပြီး အနည်းဆုံး လူတသန်းနီးပါးအိုးအိမ်မဲ့ဖြစ်စေခဲ့သည့် နာဂစ်ဆိုင်ကလုန်း မုန်တိုင်း တိုက်ခတ်ပြီးနောက်တွင် စစ်အစိုးရက ကပ်ဘေးဒုက္ခ ကယ်ဆယ်ရေးလုပ်ငန်းများအတွက် လျစ်လျူရှုထားမှု၊ ဖင့်လေး လုပ်ဆောင်နေမှုများကို ကမ္ဘာက မြင်တွေ့ခဲ့ကြရပြီး ဤသို့လူအများအပြား အသက်ဆုံးရှုံးစေရလောက်အောင် တာဝန်ရှိမှု အပေါ် "လူသားမျိုးနွယ် တရပ်လုံးအပေါ် ရာဇ၀တ်မှု" ကျူးလွန်နေပြီဟု ဆိုခဲ့ကြသည်။

နိုင်ငံအတွက် အရေးပါသည့် အချိန်တွင် မုန်တိုင်းက တိုက်ခတ်ဖျက်ဆီးခဲ့ပြီး နိုင်ငံရေးအရ အကျိုးဆက်များလည်း မလွှဲ မရှောင်သာ ဖြစ်ပေါ်စေလိမ့်မည် ဖြစ်သည်။ မည်သို့ ဆက်လက်ဖြစ်ပေါ်လာမည်ကို မည်သူမှ ခန့်မှန်းနိုင်ခြင်း မရှိပါ။

"အခြေအနေတွေကတော့ အရင်အတိုင်း ပိုနေမြဲ ကျားနေမြဲ အခြေအနေကိုတော့ ပြန်မသွားတော့ဘူး"ဟု မြန်မာနိုင်ငံတွင် ၁၉၉၉ ခုနှစ်မှ ၂၀၀၂ ခုနှစ်အထိ အမေရိကန်ပြည်ထောင်စုသံရုံး တာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့သူ ပရစ်ဆီလာ ကလပ် (Priscilla Clapp) က ပြောပါသည်။

စစ်အစိုးရက နိုင်ငံတကာ၏ စာနာမှုအပေါ် အမြတ်ထုတ်ရန် ကြိုးစားနေစဉ်၌ပင် ၎င်း၏ "စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ လမ်းပြမြေပုံ" ကိုလည်း မုန်တိုင်းဒဏ်ကြောင့် မည်သို့မှ သက်ရောက်မှုမရှိကြောင်း ပြသရန် လုပ်ဆောင်နေသည်။

"သူတို့က ဆန္ဒခံယူပွဲကို အတင်းဇွတ်တိုးဆက်လုပ်ပြီး အောင်မြင်တယ် ကြေညာလိုက်တာဟာ သူတို့ကိုယ်သူတို့ ခုခံတဲ့ အနေအထားမျိုးနဲ့ လုပ်တာပဲ၊ သူတို့က ဒီ (ဖွဲ့စည်းပုံ)ကိစ္စကို ချက်ချင်းမလုပ်ရင် မုန်တိုင်းကြောင့် ကိစ္စတခုလုံး လမ်းကြောင်း လွဲသွားနိုင်တယ်ဆိုတာ သိထားတော့ လုပ်တာပေါ့"ဟု မစ္စ ကလပ်က ဆိုပါသည်။

မယုံကြည်နိုင်လောက်စရာပင် ယခုဖွဲ့စည်းပုံ အခြေခံဥပဒေကို မဲဆန္ဒရှင်များ၏ ၉၈ ရာခိုင်နှုန်း ကျော်က ထောက်ခံမဲ ပေးခဲ့ ကြသည် ဟု စစ်အစိုးရက ထုတ်ပြန်ကြေညာခဲ့ပါသည်။

"ဆိုင်ကလုန်းပြီးတဲ့ နောက်ပိုင်းမှာ လမ်းပြမြေပုံ လုပ်ငန်းစဉ် တခုလုံးဆိုတာက မြန်မာ့နိုင်ငံရေးနဲ့ ဆီလျော် စပ်အပ်မှု မရှိ တော့ဘူးလို့ ကျနော်ထင်တယ်"ဟု လူသိများသည့် ကျောင်းသားခေါင်းဆောင်ဟောင်း ကိုမိုးသီးဇွန်က ပြောပါသည်။

"အရေးအကြီးဆုံးကတော့ အခု နာဂစ်မုန်တိုင်းက စာမေးပွဲစစ်လိုက်တာပဲ၊ သူတို့ခေါင်းဆောင်မှုအပေါ် စစ်တပ်က ဘယ်လောက် သစ္စာ ဆက်ရှိမလဲဆိုတာကို စမ်းသပ်လိုက်တာပဲ၊ စစ်တပ်အတွင်း အကွဲအပြဲတွေပေါ်လာလိမ့်မယ်"ဟုလည်း သူက ဆိုသည်။

တချို့သော လေ့လာသုံးသပ်သူများက ဆန္ဒစွဲအရဖြစ်စေ ခန့်မှန်းတွက်ချက်ကြရာတွင် စစ်အစိုးရ၏ မုန်တိုင်းအပေါ် တုံ့ပြန်မှု၊ ညံ့ဖျင်းလွဲချော်မှုများသည် သူတို့ စစ်အစိုးရကို ချိနဲ့အားလျော့စေမည်ဟု သုံးသပ်ကြပါသည်။ အထူးသဖြင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ခေါင်းဆောင်မှုကို ထိခိုက်စေလိမ့်မည်ဟု ဆိုကြသည်။ သေချာသည်မှာ "သံဃာများ၏ ရွှေဝါရောင်လှုပ်ရှားမှု ကြီး" ကို အကြမ်းဖက်ဖြိုခွဲနှိမ်နင်းပြီးချိန် လွန်ခဲ့သည့်နှစ် စက်တင်ဘာလမှစ၍ စစ်အစိုးရအပေါ် လူထုထောက်ခံမှု သိသိ သာသာ ကျဆင်းလာနေခဲ့ပါသည်။

"ကျနော်တို့ ကြားသိရသလောက် စစ်တပ်ထဲမှာ သဘောထားကွဲလွဲမှု သိသိသာသာရှိနေတယ်" ဂျော့တောင်းတက္ကသိုလ်မှ မြန်မာ့အရေး ကျွမ်းကျင်သူ ဒေးဗစ် စတိန်းဘာ့ဂ် (David Steinberg) က ဆိုသည်။ " ဒါပေမယ့် အခုလိုတင်းမာမှုတွေက စစ်တပ် ကွဲစေလောက်အောင် ဖြစ် မဖြစ်၊ ဘယ်လိုအဆင့်မျိုးတွေမှာ ဖြစ်ပေါ်နေတယ် ဆိုတာတော့ ကျနော် အသေအချာ မသိဘူး။ အခုလက်ရှိခေါင်းဆောင်မှုကို ခြိမ်းခြောက်မှု ဖြစ်စေလောက်အောင် အထက်ပိုင်းမှာ ဖြစ်နေတာလား မသေချာဘူး။ သို့သော်လည်း အပြောင်းအလဲတွေ ဖြစ်လာခဲ့မယ်ဆိုရင်တော့ စစ်တပ်ကပဲ စတင်ဖြစ်လာရမှာပဲ"ဟု သူက သုံးသပ်ပါသည်။

သို့သော်လည်း စစ်တပ်အရေး လေ့လာသုံးသပ်နေကြသူများက ဗိုလ်ချုပ်သန်းရွှေကို ခြိမ်းခြောက်စိန်ခေါ်မည့်သူများ ၎င်း အနီး လက်အောက်ရှိ စစ်တပ်အရာရှိများတွင် ရှိမနေဟု ဆိုကြသည်။ ဗိုလ်ချုပ်သန်းရွှေ သေဆုံးပြီးမှသာလျှင် အပြောင်း အလဲ ဖြစ်ပေါ်လာဖွယ်ရှိသည်ဟု သူတို့က ဆိုကြသည်။

အတိုက်အခံခေါင်းဆောင် အများစုကမူ အပြောင်းအလဲများ ဖြစ်ပေါ်လာစေရေးအတွက် လူထုလှုပ်ရှားမှုများဖြင့် ဖော်ဆောင် လျှင် ဖြစ်နိုင်သေးသည်ဟု ယူဆနေကြပါသည်။ အကယ်၍ လူထုအုံကြွလှုပ်ရှားမှုဖြင့် ခြစားပြိုယွင်းနေသည့် စစ်တပ် ခေါင်းဆောင်မှုကို စိန်ခေါ်ခဲ့လျှင် စစ်တပ်အတွင်း အကွဲအပြဲများက ပေါ်ထွက် ရှေ့တန်းရောက်လာမည်ဟု တွက်ဆ နေကြသည်။

"စစ်တပ်က လူထုဘက်ကို ရပ်တယ်၊ မရပ်ဘူးဆိုတာက မြန်မာ့နိုင်ငံရေးကို အဆုံးအဖြတ်ပေးလိမ့်မယ်"ဟု ဗမာပြည် ကွန်မြူနစ်ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဖိုးသံချောင်းက ပြောပါသည်။ " လူထုအုံကြွလှုပ်ရှားမှုကြီးဆိုတာက စစ်တပ်အတွင်း အပြောင်းအလဲတွေ ဖြစ်လာအောင် တွန်းဆော်ပေးမယ့် ကိစ္စပဲ"ဟု သူက ဆက်ပြောသည်။

သို့သော်လည်း လူထုအုံကြွမှုကြောင့် ဖြစ်စေ၊ မုန်တိုင်းနောက်ဆက်တွဲ ဆိုးကျိုးများကြောင့်ဖြစ်စေ စစ်အစိုးရ အင်အားချိနဲ့ လာမည့် အနေအထားကို လူအများထင်သာမြင်သာ တွေ့ရမှု အနည်းငယ်မျှသာ ရှိပါသည်။ စစ်အစိုးရက နိုင်ငံခြားအရန်ငွေ သန်း ၄,၀၀၀ ကိုင်၍ ရပ်တည်နေပြီး သဘာဝဓာတ်ငွေ့ရောင်းရငွေမှ လစဉ် ဒေါ်လာငွေ သန်း ၁၅၀ ကျော် ရရှိနေပါသည်။ သို့သော်လည်း လေ့လာသူများက ဤငွေများကို လူသားချင်းစာနာမှုကယ်ဆယ်ရေး အကူအညီများအဖြစ် ဖြစ်စေ၊ ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများအတွက်ဖြစ်စေ သုံးစွဲရန်အလားအလာမရှိဟု ဆိုကြပါသည်။ စစ်အစိုးရက မုန်တိုင်းပြီးပြီးချင်း ဒေါ်လာငွေ ၄. ၅ သန်း ချပေးခဲ့သော်လည်း ဤငွေအများစုမှာ စစ်အစိုးရကို ထောက်ခံပံ့ပိုးနေကြသူများထံမှ လာသည့် အလှူငွေများသာ ဖြစ်ပါသည်။

တခြားတဘက်တွင် ပြန်ကြည့်ပါကလည်း မြန်မာနိုင်ငံ၏ အရပ်ဘက် လူမှုအဖွဲ့အစည်းများမှာ ချိနဲ့နေနှင့်ကြပြီး ဖြစ်သည်။ ရုပ်ဝတ္ထုအရ ဖြစ်စေ၊ စိတ်ဓာတ်ရေးရာအရ ဖြစ်စေ အားပျော့ချိနဲ့နေကြပါသည်။ စီးပွားရေးအရလည်း ကာလကြာရှည် ဆက်လက်၍ ထိခိုက်နစ်နာနေရဦးမည့် အလားအလာ ရှိနေပါသည်။

သို့သော်လည်း ဆိုင်ကလုန်းနာဂစ် မုန်တိုင်း၏ရှေ့တန်းစစ်မျက်နှာတွင်မူ သာမန်ပြည်သူအများစုက တတ်အားသရွေ့ အကူ အညီအထောက်အပံ့များ ပေးနေကြပါသည်။ သို့သော်လည်း ဤအကူအညီများဖြင့် ပြန်၍ ထူထောင်နိုင်လိမ့်မည်ဟု တွက်ဆ ထား၍ မရပါ။ စနစ်တကျ ဆောင်ရွက်သည့် ရေရှည် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ အမှန်လိုအပ်နေပါသည်။ ကုလ သမဂ္ဂ ဌာနများ၏ တွက်ချက်မှုအရ နိုင်ငံ၏ နေရာတချို့တွင် ရိက္ခာပြတ်လပ်မှုများ ဖြစ်ပေါ်နိုင်သည်ဟု ခန့်မှန်းထားကြ ပါသည်။

လူထုက စစ်အစိုးရအပေါ် စိတ်ဆိုးဒေါသဖြစ်ကြသော်လည်း သူတို့၏ အကြောက်တရားက ဒေါသထက်ပို၍ လွှမ်းမိုးထားပုံ ရပါသည်။ အကယ်၍ ယခုလတ်တလောကာလတွင် လူထုအုံကြွဆန္ဒပြပွဲများ ဖြစ်ပေါ်လာပါကလည်း အချိန်တို ဆန္ဒပြပွဲ များနှင့် အကြမ်းဖက်မှုများ ကြုံတွေ့ရကာ နိဂုံးချုပ်ရဖွယ် ရှိနေပါသည်။

ထိုမျှမက ဒေါ်အောင်ဆန်းစုကြည်နှင့် ကိုမင်းကိုနိုင်တို့ ထိန်းသိမ်းချုပ်နှောင် ခံထားရသမျှ အတိုက်အခံအင်အားစုများ၏ အခန်းကဏ္ဍကလည်း ဆက်လက်၍ ကန့်သတ်ခံထားရဖွယ်၊ ဘေးရောက်နေဖွယ် ရှိပါသည်။ ယခုမုန်တိုင်းကယ်ဆယ်ရေး လုပ်ငန်းများကြားထဲမှ လူထုခေါင်းဆောင်သစ်များ ထွက်ပေါ်လာပါကလည်း တနည်းအားကိုးဖွယ် ရှိပါသည်။ သို့မဟုတ်ပါ က အားမရှိလှပါ။

လူထုကြားထဲမှ ခေါင်းဆောင်သစ်များ ထွက်ပေါ်လာရန် ဖြစ်နိုင်ခြေတော့ ရှိနေပါသည်။ သို့သော်လည်း လက်ငင်းနိုင်ငံရေး ကိစ္စများအပေါ် သြဇာသက်ရောက်နိုင်လိမ့်ဦးမည် မဟုတ်ပါ။ ပိုအရေးကြီးသည့်အချက်မှာ ယခုလိုပေါ်ထွက်လာသည့် ခေါင်းဆောင်သစ်များအပေါ် စစ်အစိုးရ၏ ဖိနှိပ် ခြိမ်းခြောက်ပြီး အညွန့်ခြွေ အကင်းသတ်လိုက်နိုင်ပါသေးသည်။

တချိန်တည်းမှာပင် ကုလသမဂ္ဂကလည်း ၎င်း၏ပြဌာန်းထားချက်ဖြစ်သည့် "ကာကွယ်မှုပေးရေးဆိုင်ရာ တာဝန်ရှိမှု" (Responsibility to Protect) မူအတိုင်း အရေးယူမှု မရှိကြောင်း ထင်ရှားပြသခဲ့ပါသည်။ အနောက်နိုင်ငံများ အနေဖြင့် မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးအတွက် ဆက်လက်တိုက်တွန်း အားပေး ထောက်ခံနေကြမည် ဖြစ်သော်လည်း စိတ်ဓာတ် ရေးရာအရ၊ စကားလုံးများအရ ထောက်ခံအားပေးမှုများသာ ဆက်လက်ရှိနေပါလိမ့်မည်။ လက်တွေ့ဆောင်ရွက် ပေးနိုင်ရန် အလားအလာ မမြင်ရသလောက် ဖြစ်ပါသည်။ သူတို့က တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများ၏ ပူးပေါင်းကူညီမှု၊ ဖိအားပေး လာမှုကိုသာ အဓိကမျှော်လင့် အားကိုးနေကြပါသည်။

ဤအချိန်တွင် စစ်အစိုးရက စုပြုံကျဆင်းလာမည့် နိုင်ငံတကာ လူသားချင်းစာနာမှု အကူအညီများကို ထီပေါက်သည့် သဖွယ် မြင်နေပါလိမ့်မည်။ အထောက်အပံ့များ ဆက်လက် စီးဆင်းစေရုံလောက်သာ ကယ်ဆယ်ရေးလုပ်သားများ ခွင့်ပြုထား၍ ပြန်လည်တည်ဆောက်ရေးအတွက် ငွေများကို စိတ်ကူးယဉ် စောင့်စားနေနိုင်ပါသည်။

မြန်မာပြည်သူများနှင့်အင်းစိန်အကျဉ်းထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသားများ၏ ကံကြမ္မာမှာမူ ဆိုးရွားဒုက္ခရောက်နေဆဲ ဖြစ်သည်။ လက်ရှိအချိန်တွင် နိုင်ငံရေးမုန်တိုင်းထန်လာမည့် အစပျိုးလက္ခဏာများ မတွေ့မြင်ကြရသေးသော်လည်း လေထန် လှိုင်းကြီးနေသည်ကိုတော့ သိမြင်နိုင်ပါသည်။ မြန်မာနိုင်ငံတွင် ခိုလှုံနိုင်စရာ လုံခြုံသည့် ဆိပ်ကမ်းဟူ၍ အနည်းငယ်မျှသာ ရှိပါလိမ့်မည်။

နာဂစ်မုန်တိုင်း တလပြည့် အမေးအဖြေ (၁)

မေး။ ။ မြန်မာနိုင်ငံကို နာဂစ်မုန်တိုင်းတိုက်ပြီး တလအကြာမှာ လူအသေအပျောက်နှုန်း တိတိကျကျ သိပြီလား။

ဖြေ။ ။ မြန်မာစစ်အစိုးရ မေလ (၁၆) ရက် ထုတ်ပြန်ချက်အရ စုစုပေါင်း သေဆုံးသူ (၇၈,၀၀၀)၊ စုစုပေါင်း ပျောက်ဆုံးသူ (၅၆,၀၀၀) နဲ့ သေဆုံး (ဒါမှမဟုတ်) ပျောက်ဆုံးသူ (၁၃၃,၀၀၀) ရှိ တယ်လို့ သိရပါတယ်။ ဒီစာရင်းကို တလပြည့်တဲ့အချိန်ထိ စစ်အစိုးရဘက်က ပြင်ဆင်ထုတ်ပြန်တာ မရှိသေးပါ။ ကုလသမဂ္ဂကတော့ သေဆုံးသူ (၁) သိန်းထိ ရှိနိုင်ပြီး ပျောက်ဆုံးသူ (၂၂၀,၀၀၀) ရှိတယ်လို့ မှန်းပါတယ်။

မေး။ ။ နာဂစ်မုန်တိုင်းကြောင့် မြန်မာနိုင်ငံမှာ လူပေါင်း ဘယ်လောက် ဒုက္ခရောက်ခဲ့ပါလဲ။

ဖြေ။ ။ မုန်တိုင်းကြောင့် စုစုပေါင်း လူ (၂.၄) သန်း ဒုက္ခရောက်တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှု ကူညီရေးဆိုင်ရာအဖွဲ့ (UNOCHA) က မှန်းပါတယ်။ အစိုးရဘက်ကတော့ (၅.၅) သန်း ဒုက္ခရောက်တယ်လို့ ပြောပါတယ်။ UNOCHA ရဲ့ စာရင်းအရ တိုင်းအလိုက်ပြောရရင် ရန်ကုန်တိုင်းက (၃၄) ရာနှုန်းနဲ့ ဧရာဝတီတိုင်းက (၆၆) ရာနှုန်း ဒုက္ခရောက်ပါတယ်။ မုန်တိုင်းထိတဲ့ ဧရာဝတီတိုင်း (၁၁) မြို့နယ်မှာ မြို့နယ်အလိုက် မုန်တိုင်းဒဏ်သင့်ဦးရေ ရာနှုန်းကို ကြည့်ရင် ဘိုကလေးက စုစုပေါင်း (၁၁) မြို့နယ်ရဲ့ (၁၉) ရာနှုန်းနဲ့ အများဆုံး ခံရတဲ့မြို့ဖြစ်တယ်လို့ UNOCHA က မေလ (၂၉) ရက်နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

မေး။ ။ မုန်တိုင်းကြောင့် ကျောင်းတွေ အပျက်အစီး သိပါရစေ။

ဖြေ။ ။ စစ်အစိုးရ ပညာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ ကျောင်း (၃,၀၀၀) ပျက်စီးပြီး ကလေး(၅,၀၀၀) အခက်အခဲဖြစ်သွားတယ်လို့ သိရပါတယ်။ ဒါပေမယ့် UNOCHA ကတော့ ကျောင်း (၂,၄၀၀) ပျက်စီးပြီး ကျောင်းသား (၃၆၀,၀၀၀) အခက်အခဲဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။ မုန်တိုင်းကြောင့် ပညာရေးအဆောက်အဦအားလုံးရဲ့ (၈၅) ရာနှုန်း ပျက်စီးတယ်လို့ပါ ယူနီဆက်က ပြောပါတယ်။ ဒါ့အပြင် သေဆုံး ဒါမှမဟုတ် ပျောက်ဆုံးနေတဲ့ ဆရာ ဆရာမအရေအတွက် ခုထိ မသိရသေးဘူးလို့ ယူနီဆက်က ပြောပါတယ်။

မေး။ ။ လေဘေးသင့်တဲ့သူတွေကို ဘယ်လိုနေရာချထားပါသလဲ

ဖြေ။ ။ ကုလသမဂ္ဂ ကလေးသူငယ်များ အရေးပေါ် ရန်ပုံငွေအဖွဲ့ (ယူနီဆက်) ရဲ့ မေလ (၂၃) ရက် ထုတ်ပြန်ချက်အရဆိုရင် လပွတ္တာ ကယ်ဆယ်ရေး စခန်း (၄၉) ခုမှာ လူ (၄၀,၀၀၀)၊ ဘိုကလေး ကယ်ဆယ်ရေးစခန်း (၆) ခုမှာ လူ (၅,၀၀၀) နဲ့ (၆,၀၀၀) ကြား၊ ဖျာပုံကယ်ဆယ် ရေးစခန်း (၁၅) ခုမှာ လူ (၃,၀၀၀)၊ မြောင်းမြမှာ ကယ်ဆယ်ရေး စခန်း (၃) ခု၊ မအူပင် ကယ်ဆယ် ရေးစခန်း (၈) ခုမှာ လူ (၄,၀၀၀) စသဖြင့် နေရာချထားပါတယ်။ ဒီကြားထဲ စစ်အစိုးရက ဒုက္ခသည်တွေကို နေရင်းဒေသ အဓမ္မပြန်ပို့တာ၊ စခန်းအပြောင်းအရွှေ့ လုပ်တာတွေ မကြာခဏ ရှိပါတယ်။

မေး။ ။ မုန်တိုင်း ဒုက္ခသည်တွေအတွက် နိုင်ငံတကာ ကယ်ဆယ်ရေးလုပ်ငန်းတွေ ထိထိ ရောက်ရောက် ကူညီခွင့်ရရဲ့လား။

ဖြေ။ ။ ကယ်ဆယ်ရေး အကူအညီတွေ ပေးရာမှာ ကုလသမဂ္ဂအဖွဲ့အစည်းတွေ၊ ကြက်ခြေနီ၊ ပြည်တွင်းပြည်ပ NGO တွေ၊ လူထုအဖွဲ့အစည်းတွေ မျိုးစုံရှိပါတယ်။ မေလ (၂၄) ရက် မတိုင်ခင်ထိ စစ်အစိုးရ နိုင်ငံတကာ အကူအညီတွေ ကြန့်ကြာအောင် အမျိုးမျိုး လုပ်ပါတယ်။ မုန်တိုင်း တလပြည့်တဲ့အချိန်မှာ စုစုပေါင်း လေဘေးသင့် ဦးရေ (၂.၄) သန်းအနက် (၄၂) ရာနှုန်းသာ အကူအညီရပြီး မုန်တိုင်းဒဏ် အဆိုးဆုံးခံရတဲ့ (၁၅) မြို့နယ်က ဒုက္ခသည် (၂) သန်းအနက် (၂၃) ရာနှုန်းသာ အကူအညီရသေးတယ်လို့ UNOCHA အဖွဲ့က ထုတ်ပြန်ထားပါတယ်။

မေး။ ။ ဧရာဝတီတိုင်းမှာ မုန်တိုင်းကြောင့် စပါးအပျက်အစီး ဘယ်လိုရှိပါလဲ။

အဖြေ။ ။ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မေ (၁၆) ရက် နေ့စွဲနဲ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဧရာဝတီတိုင်း စပါးအပျက်အစီးကို တန်ချိန် (၇၀၀,၀၀၀) ကျော်ရှိပြီး ဆန်အပျက်အစီးမှာ ၂၀၀၇-၂၀၀၈ ခုနှစ် အထွက်နှုန်း၏ (၂.၃) ရာနှုန်းသာရှိတယ်လို့ ဖော်ပြ ပါတယ်။ ဒါပေမယ့် မုန်တိုင်းကြောင့် နွေစပါးအပျက်နှုန်းက ပြည်နယ်နှင့်တိုင်း (၅) ခုမှာ စုစုပေါင်း ထုတ်လုပ်မှုရဲ့ (၆၆) ရာနှုန်းရှိပြီး မိုးစပါးအပျက်နှုန်းက စုစုပေါင်း ထုတ်လုပ်မှုရဲ့ (၆၂) ရာနှုန်း ရှိနိုင်တယ်လို့ မြန်မာစီးပွာေးရး ပညာရှင်များက တွက်ချက် ခန့်မှန်းပါတယ်။ ဒါ့အပြင် နွေစပါး စိုက်ဧက ပျက်စီးမှုက စုစုပေါင်း စိုက်ဧကရဲ့ (၆၅) ရာနှုန်းရှိပြီး မိုးစပါး စိုက်ဧက ပျက်စီးမှုက စုစုပေါင်းစိုက်ဧကရဲ့ (၆၀) ရာနှုန်းထိ ရှိနိုင်တယ်လို့ပါ မြန်မာစီးပွားရေး ပညာရှင်တွေက မှန်းပါတယ်။ ။


နာဂစ်မုန်တိုင်း တလပြည့် အမေးအဖြေ (၂)




မေး။ ။ မြန်မာနိုင်ငံရောက်နေတဲ့ နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့တွေ လုပ်ငန်း ဘယ်လို ဆောင်ရွက်ပါသလဲ။

ဖြေ။ ။ မုန်တိုင်းဒုက္ခသည်တွေ ကူညီတဲ့နေရာမှာ ကဏ္ဍတွေခွဲပြီး ကဏ္ဍအသီးသီးမှာ စုပေါင်း တာဝန်ယူတဲ့စနစ်ကို သုံးပါတယ်။ ဥပမာ-ထောက်ပံ့ရေးကဏ္ဍ၊ အစားအစာ ဖြန့်ဝေရေးကဏ္ဍ၊ အမိုးအကာ ဆောက်ပေးရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ WASH လို့ အတိုကောက်ခေါ်တဲ့ ရေ၊ ရေဆိုးနုတ်စနစ်နဲ့ သန့်ရှင်းမှုကဏ္ဍ၊ စိုက်ပျိုးရေးဆိုင်ရာကဏ္ဍ၊ ကလေးနဲ့ အမျိုးသမီးကာကွယ်ရေး ကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ဆက်သွယ်ရေးကဏ္ဍနဲ့ ကနဦး ပြန်လည်ထူထောင်ရေးကဏ္ဍဆိုပြီး အသီးသီးခွဲ ကူညီကြတာ ဖြစ်ပါတယ်။

မေး။ ။ ဒီကဏ္ဍတွေကို ဘယ်အဖွဲ့အစည်းတွေက တာဝန်ယူပါသလဲ။

ဖြေ။ ။ ထောက်ပံ့ရေးကဏ္ဍအတွက် WFP ခေါ် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က ဦးဆောင်ပြီး
UNJLC ခေါ် ကုလသမဂ္ဂ ပူးတွဲထောက်ပံ့ရေးအဖွဲ့က ကူညီပံ့ပိုးပေးပါတယ်။ ဒီအဖွဲ့က ကယ်ဆယ်ရေးပစ္စည်းတွေ ဒုက္ခသည်တွေရှိရာ ဒေသ ပို့ပေးရေး၊ မုန်တိုင်းသင့်ဒေသ အသီးသီးမှာ ရိက္ခာထားဖို့ ဂိုဒေါင်တွေငှားရမ်း တည်ဆောက်ရေး၊ မုန်တိုင်းသင့်ဒေသတွေနဲ့ ပတ်သက်တဲ့ ခရီးစဉ်အချက်အလက်တွေ ထုတ်ပြန်ရေး စတဲ့ တာဝန်တွေ ယူပါတယ်။ ဒီအချက်အလက်တွေ အခြေခံပြီး ခေတ်ပြိုင်က ရေးဆွဲထားတဲ့ Diagram တွေ၊ Chart တွေကို ခေတ်ပြိုင် ၀က်ဘ်ဆိုက်မှာ ကြည့်ရင် ပိုရှင်းပါလိမ့်မယ်။

အစားအစာ ဖြန့်ဝေရေးကဏ္ဍကိုလည်း WFP က တာဝန်ယူပါတယ်။ အမိုးအကာ ဆောက်ပေးရေး ကဏ္ဍကိုတော့ UNHCR ခေါ် ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံးအဖွဲ့က ဦးဆောင်ပြီး နိုင်ငံတကာ ကြက်ခြေနီအဖွဲ့က ပံ့ပိုးပါတယ်။ ဒုက္ခသည်တွေအတွက် ကျန်းမာရေး ကိုတော့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဦးဆောင်တာဝန်ယူထားပြီး ဒီအဖွဲ့မှာ ကုလအဖွဲ့ အစည်းတွေ၊ နိုင်ငံတကာ NGO (၂၀) ကျော် ပါဝင်ပါတယ်။

WASH လို့ အတိုကောက်ခေါ်တဲ့ ရေ၊ ရေဆိုးနုတ်စနစ်နဲ့ သန့်ရှင်းမှုကဏ္ဍကိုတော့ ကုလသမဂ္ဂ ကလေးသူငယ်များ အရေးပေါ်ရန်ပုံငွေ (ယူနီဆက်) အဖွဲ့က ဦးဆောင်ပါတယ်။ မေလ (၂၆) ရက်ထိ လူ (၁) သန်းကို ရေသန့် ပေးဝေနိုင်တဲ့ ရေသန့် စက် (၂၇) လုံး ဆောက်ပေးနိုင်ခဲ့ပါပြီ။

ဒုက္ခသည်တွေအတွက် စိုက်ပျိုးရေးကဏ္ဍကိုတော့ FAQ ကုလသမဂ္ဂ အစားအစာနဲ့ စိုက်ပျိုးရေး အဖွဲ့က ဦးဆောင်တာဝန်ယူပါတယ်။ ကလေးနဲ့ အမျိုးသမီးကာကွယ်ရေး ကဏ္ဍကိုတော့ ယူနီဆက်နဲ့ Save The Children အဖွဲ့က တာဝန်ယူပါတယ်။ ပညာရေးကဏ္ဍကိုလည်း ယူနီဆက်က တာဝန်ယူပါတယ်။ ဆက်သွယ်ရေးကဏ္ဍအတွက် ယူနီဆက်နဲ့ WFP တို့က
တာဝန်ယူသလို လပွတ္တာမှာ IPSTAR ဂြိုဟ်တုသုံး အင်တာနက်စနစ်ကို ယူနီဆက်က လုပ်ပေးခဲ့ တာပါ။ ကနဦး ပြန်လည် ထူထောင်ရေးကဏ္ဍကိုတော့ UNDP ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ်က
တာဝန်ယူပါတယ်။

မေး။ ။ မြန်မာမုန်တိုင်းဒုက္ခသည်တွေအတွက် ဒီနိုင်ငံတကာအဖွဲ့တွေရဲ့ လုပ်ငန်းတိုးတက်မှု အခြေအနေကို ကမ္ဘာက ဘယ်လိုသိနိုင်ပါသလဲ။

ဖြေ။ ။ ကဏ္ဍတွေခွဲလုပ်ကိုင်နေပေမယ့် ဒီအဖွဲ့တွေ တခုနဲ့တခုကြား လုပ်ငန်းညှိနှိုင်းမှု ရှိသလို အဖွဲ့အသီးသီးကနေ မကြာခဏ လုပ်ငန်း တိုးတက်မှုအစီရင်ခံစာ အကျဉ်းချုပ်တွေ ထုတ်ပြီး ကမ္ဘာကို ဖြန့်ဝေပါတယ်။ ဒီအဖွဲ့တွေရဲ့ အစီရင်ခံစာပါ အချက်တွေကို အခြေခံပြီး ကမ္ဘာ့စာနယ်ဇင်း တွေက သတင်းရေးကြသလို နိုင်ငံတကာအစိုးရအဖွဲ့တွေ အလှူငွေကူညီမယ့်နိုင်ငံတွေကပါ ဒီအစီ ရင်ခံစာတွေ ကြည့်ပြီး လိုမယ့် ငွေပမာဏ ဘယ်လောက်ဖြည့်ဆည်းသင့်သလဲ ဆုံးဖြတ်ပါတယ်။

မေး။ ။ မြန်မာစစ်အစိုးရဘက်လည်း ဒုက္ခသည်တွေအတွက် တာဝန်ယူ ကူညီတာတွေရှိတယ် လို့ ပြောပါတယ်။ နိုင်ငံတကာအဖွဲ့တွေ ကုလအဖွဲ့တွေလို စနစ်တကျ ကမ္ဘာက သိအောင် အစီရင် ခံစာ ထုတ်ပြန်တာ ရှိပါသလား။

ဖြေ။ ။ စစ်အစိုးရသတင်းစာတွေမှာပါတဲ့ ၀ါဒဖြန့် သတင်းဆောင်းပါးမျိုးကလွဲပြီး စနစ်တကျ ကမ္ဘာကသိအောင် ထုတ်ပြန်တဲ့ ပုံမှန်လုပ်ငန်းတိုးတက်မှု အစီရင်ခံစာမျိုး မရှိပါ။

မေး။ ။ မုန်တိုင်းအပျက်အစီး ပြန်လည်ထူထောင်ဖို့ မြန်မာစစ်အစိုးရဘက်က ဘယ်လောက် လိုတယ်လို့ ပြောပါသလဲ။

ဖြေ။ ။ အမေရိကန်ဒေါ်လာ သန်းပေါင်း (၁) သောင်းကျော် လိုမယ်လို့ ရန်ကုန်မှာ ကျင်းပခဲ့တဲ့ နိုင်ငံတကာ အလှူရှင်အစည်းအဝေးမှာ ပြောပါတယ်။ ဒါပေမယ့် အလှူရှင်တွေဘက်က ဒေါ်လာ သန်း (၅၀) ပဲ ကတိပေးခဲ့ပါတယ်။ သဘောကတော့ စစ်အစိုးရတောင်းတဲ့ ကိန်းဂဏန်း ယုတ္တိ မရှိတဲ့အချက်၊ ဒုက္ခသည်တွေ ကူညီမယ့် နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့တွေကို နှောင့်နှေးအောင် လုပ်တဲ့အချက်တွေကြောင့် စောင့်ကြည့်လေ့လာပြီးမှ သင့်သလို ကူညီမယ်ဆိုတဲ့သဘောနဲ့ အလွယ်တကူ သဘောမတူတာ ဖြစ်ပါတယ်။

မေး။ ။ မြန်မာမုန်တိုင်း ဒုက္ခသည်တွေအတွက် ကယ်ဆယ်ရေးလုပ်ငန်း အချိန်ဘယ်လောက် ကြာမယ်ထင်ပါသလဲ။

ဖြေ။ ။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ကတော့ အနည်းဆုံး (၆) လ ကြာမယ်လို့ မှန်းပါတယ်။ မြန်မာစစ်အစိုးရကတော့ ကယ်ဆယ်ရေးလုပ်ငန်း ပြီးပါပြီလို့ ပြောတာ ကမ္ဘာက လက်မခံပါဘူး။

မေး။ ။ မုန်တိုင်းဒုက္ခသည်တွေကို နိုင်ငံတကာရောက်နေတဲ့ မြန်မာအသိုင်းအ၀န်းက ငွေလှူချင်တယ်ဆိုရင် ဘယ်လိုနည်းနဲ့ စိတ်ချလက်ချ လှူရင် အဆင်ပြေပါသလဲ။

ဖြေ။ ။ အကောင်းဆုံးနည်းကတော့ မြန်မာနိုင်ငံမှာ လောလောဆည် ကယ်ဆယ်ရေးလုပ်ငန်း တွေ လုပ်ကိုင်နေတဲ့ နိုင်ငံတကာ NGO အဖွဲ့တွေရဲ့ ဌာနချုပ်တွေကို ဆက်သွယ်လှူဒါန်းတဲ့ နည်း ဖြစ်ပါတယ်။ ဥပမာ-အမေရိကန်မှာနေတဲ့ မြန်မာတွေက USAID လို အဖွဲ့တွေကို ဆက်သွယ် လှူဒါန်းတဲ့နည်း၊ အင်္ဂလန်မှာ နေသူတွေက Oxfam လို အဖွဲ့တွေကတဆင့် လှူတဲ့နည်းဖြစ်ပါတယ်။

မေး။ ။ မြန်မာနိုင်ငံမှာ ကယ်ဆယ်ရေးလုပ်နေတဲ့ နိုင်ငံတကာ NGO အဖွဲ့တွေ ဘယ်လောက် ရှိပါသလဲ။

ဖြေ။ ။ မုန်တိုင်းတလပြည့်တဲ့အချိန် မြန်မာနိုင်ငံမှာ ကယ်ဆယ်ရေးလုပ်နေတဲ့ နိုင်ငံတကာ NGO အဖွဲ့ (၄၅) ဖွဲ့ ရှိပါတယ်။ ဒီအဖွဲ့တွေရဲ့ ဌာနချုပ်လိပ်စာ သိချင်ရင် အင်တာနက် Google ကနေ အောက်ဖော်ပြပါ NGO နာမည်တခုခု ရိုက်ပြီး ရှာရင် အသေးစိတ် သိနိုင်ပါတယ်။
1-ActionAid.
2-Action by Churches Together (ACT)
3-Action Contre la Faim/Action Against Hunger (ACF)
4-Adventist Development and Relief Agency International (ADRA)
5-AmeriCares Foundation
6-Association of Medical Doctors of Asia (AMDA)
7-American Red Cross (ARC)
8-Australian Aid International
9-Baptist World Aid (BWAid)
10-The British Red Cross (BRC)
11-CARE
12-Caritas Internationalis
13-Christian Aid
14-Concern Worldwide
15-Emergency Assistance Team (EAT-BURMA)
16-European Commission - Humanitarian Aid Office (ECHO)
17-Gates Foundation
18-Global Refugee International
19-HelpAge International
20-Hong Kong Red Cross
21-International Committee of the Red Cross (ICRC)
22-The International Federation of Red Cross and Red Crescent Societies (IFRC)
23-International Medical Corps (IMC)
24-The International Organization for Migration (IOM)
25-International Rescue Committee (IRC)
26-Malaysian Red Crescent Society (MRCS)
27-Malteser International
28-Medecins Sans Frontieres (MSF, or Doctors Without Borders) 29-Medical Emergency Relief International (Merlin) 30-Medical Teams International (MTI)
31-Mercy Corps (MC) 32-MERCY Malaysia 33-Muslim Aid
34-Oxfam International
35-Plan
36-Project HOPE
37-Relief International (RI)
38-Save the Children (SC)
39-Sheikh Khalifa Bin Zayed Al Nehayan Foundation,
40-Tearfund
41-Telecoms Sans Frontieres
42-Trócaire
43-Tzu Chi Foundation
44-Welthungerhilfe
45-World Vision (WV)