7.12.2010

ဘတ်ရှိသည့် မြန်မာအလုပ်သမားများအား မဟာချိုင်ရဲများ ဖမ်းဆီးပြီး နယ်စပ်ကိုပို့နေ

ဇူလိုင် ၁၂
နေထိုင်အလုပ်လုပ်ကိုင်ခွင့် (ဘတ်)လုပ်ထားသော်လည်း၊ မဟာချိုင်ရဲများက ဖမ်းဆီးပြီး နယ်စပ်သို့ ပြန်ပို့သဖြင့် မြ၀တီဘက်ခြမ်း DKBA ကိုးသုံးလုံးဂိတ်တွင် မြန်မာအလုပ်သမားတစ်ဦးအား ဘတ်ငွေ ၂၆၀၀ စီပေးနေရကြောင်း အလုပ်သမားကိုခွန်ကျော်က ပြောသည်။
ပြီးခဲ့သည်ရက်ပိုင်းက မဟာချိုင်မှလူ၂၀ ဖမ်းဆီးပြန်ပို့သည့်အနက် အလုပ်သမား၎ဦးတို့မှာ နေထိုင်အလုပ် လုပ်ကိုင်ခွင့်(ဘတ်)လက်ဝယ်ရှိသူများ ဖြစ်ကြကြောင်း ပြန်ပို့ခံရသည့် အလုပ်သမားများက ပြောသည်။
မြန်မာအလုပ်သမား ၅၀ ကျော်ခန့်ရှိသည့် မဟာချိုင် ဝေလ ရပ်ကွက်ရှိ Thai Poto ခြေညှပ်ဖိနပ် အလုပ်ရုံတွင် ၂နှစ်ကျော်ကြာ လုပ်ကိုင်ခဲ့သည့် ခွန်ကျော်က တစ်နေရာထဲတွင် မလုပ်ရပဲ အလုပ်ရုံ တစ်ရုံအတွင်း နေရာအစုံ ပြောင်းလဲ လုပ်ကိုင်နေရသည်ကို စိတ်မချမ်းသာသဖြင့် အလုပ်ရုံစည်းကမ်းအတိုင်း အလုပ်ထွက်ရန် ၁၅ ရက် အကြာကပင် ကြိုတင်ထွက်စာတင်ထားခဲ့သည်။ ပြီးခဲ့သည့် လကုန်ရက်က ထွက်ခွင့်ကျလာသည့်အခါ ၁၉၀၀ ဘိုင်ဆလစ် ကိုမူ မပေးလိုက်ပါ။
သို့ဖြစ်၍ ၉ကြိမ်တိုင်တိုင် တောင်းလို်က်၊ ချိန်းလိုက်ဖြင့် အချိန်ကြာနေခဲ့သည်။ မဟာချိုင်အခြေစိုက် အလုပ်သမားအရေး ကူညီဆောင်ရွက်သည့် အဖွဲ့တစ်ခုနှင့် ငွေကြေလက်မှတ် ၁၉၀၀ဘိုင်ဆလစ်ကို ရရှိနိုင်ရေး ဆောင်ရွက်နေစဉ် ဇွန်လ ဇူလိုင်လ ၁ ရက်နေ့တွင် ထိုင်းရဲဖမ်းဆီးခြင်းကို ခံခဲ့ရသည်။
ခွန်ကျော်က “ကျနော့်ကိုဖမ်းတဲ့အခါ ပုလိပ်ကားမှာ မြန်မာအလုပ်သမား၅ယောက် ဖမ်းထားပါတယ်။ အဲဒီလူ
တွေမှာ အသိတွေက တစ်ယောက်ကို ဘတ်ငွေ ၂၀၀၀ စီပေးပြီး လာရွေးလိုက်တော့ ပြန်လွတ်သွားပါတယ်။
ကျနော်က ဘတ်ရှိတယ်ပြောတော့ ၊ငွေကြေလက်မှတ်၁၉၀၀ ဘိုင်ဆလစ် စာရွက်မပါတာကြောင့် လက်ထိပ်
ခပ်လိုက်ပါတယ်။ ကျနော်အကူအညီတောင်းနေတဲ့ အလုပ်သမားအရေးလုပ်တဲ့ အင်ဂျီအိုနဲ့ ကျနော်အလုပ် ထွက်လာတဲ့ အလုပ်ရုံက စာရေးမကို ဖုန်းဆက်တော့ ရောက်လာကြပါတယ်။ ကျနော်ကလည်း လွတ်မယ် ထင်တယ်ပေါ့။ မလွတ်မှန်းသိရင် ကျနော် ငွေပေးလိုက်မှာပေါ့နော်၊ ခုတော့ ကျနော်နယ်စပ်ကို ရောက်လာ ခဲ့တော့တယ်” ဟု ပြောပြသည်။
နေထိုင်အလုပ်လုပ်ကိုင်ခွင့်ရှိလျှက်နှင့် နယ်စပ်သို့ ဖမ်းဆီးပြန်ပို့ ခံရသည့်သူများမှာ-
(၁)ခွန်ကျော် (ဗမာ)အသက်၂၃နှစ်။ ပဲခူးမြို့သစ်
(၂)မင်းမင်း (ဗမာ)အသက် ၂၀နှစ်။ သျှစ်ပင်ဆိပ်ကျေးရွာ၊ ပဲခူးမြို့
(၃)မျိုးမြင့် (ဗမာ)အသက် ၂၅ှနှစ်။ဘီလူးကျွန်း၊ချောင်းဆုံမြို့နယ်၊မွန်ပြည်နယ်
(၄)ရန်နိုင် (ဗမာ)အသက် ၂၀နှစ်။ဘားအံမြို့၊ကရင်ပြည်နယ် တို့ ဖြစ်ကြသည်။
ဘန်ကောက်နှင့် အခြားမြို့များမှ ဖမ်းဆီးပြန်ပို့ခြင် ခံရသည့် မြန်မာအလုပ်သမားတစ်ဦးလျှင် ဘတ်ငွေ ၂၆၀၀စီ ဒီကေဘီအေ ကိုးသုံးလုံးဂိတ်သို့ ပေးသွင်းရသည်။ ငွေမပေးနိုင်သူတို့အား ထိပ်တုံးခပ်ပြီး ထမင်းမကျွေးပဲ ထားခြင်း၊ ရေမတိုက်ပဲထားခြင်းများ ပြုလုပ်လေ့ရှိသည်။
ထိုင်းဘက်မှ အာဏာပိုင်များက မြန်မာဘက်ကမ်းရှိ ဂိတ်များသို့ လာရောက် ပို့ဆောင်ပြီးကတည်းက ဒီကေ ဘီအေ ၉၉၉ မှ တာဝန်ရှိသူများက နေရပ်လိပ်စာများကိုမေးခြင်း၊ ငွေပေးနိုင်သူများကို ဆက်သွယ်၇န် ဖုန်းများကို ပေးသည်။ အကယ်၍ နေ့ချင်းပေါက် မရွေးနိုင်သူတို့အား ထမင်းဖိုးအဖြစ် တစ်နေ့လျှင် ဘတ်၁၀၀ စီပေးသွင်းရသည်။
ထိုင်းနိုင်ငံအနှံ့အပြားတို့မှ စာရွက်စာတမ်း မပြည့်စုံခြင်းကြောင့် ဖမ်းဆီးပြန်ပို့ခံရသည့် မြန်မာအလုပ်သမား များမှာ နေထိုင်ရာတွင် အသုံးအဆောင်ပစ္စည်းများ ဆုံးရှုံးခြင်း၊ ပျောက်ဆုံးခြင်းများ ရှိတတ်သည်။ အနှစ်နှစ် အလလ ၀ယ်ယူသုံးစွဲနေသည့် ပစ္စည်းများအား လက်လွတ်ဆုံးရှုံးသည့်အပြင် ဒီကေဘီအေဂိတ်တွင်လည်း ဘတ်၂၆၀၀ ပေးသွင်းမှ လွတ်မြောက်ပါသည်။
အဆိုပါ အလုပ်သမား ၄ဦးအနက် ခွန်ကျော် ဆိုသည့် အလုပ်သမားက မိမိဆုံးရှုံးနစ်နာမှုများကို မဲဆောက်
အခြေစိုက် မြန်မာနိုင်ငံရှေ့နေများ ကောင်စီ BLC ဥပဒေအထောက်အကူပြုဌာနမှ ကိုဇော်ထွန်းအား အကူညီတောင်းခံခဲ့သည်။
ကိုဇော်ထွန်းက “ဒီနေ့ ကျနော် ဆ၀ါဒီကန်ရုံးတွေကို သွားခဲ့တယ်၊ ကွန်ပျူတာထဲမှာ ခွန်ကျော်ကို ရှာတော့ ဒီနှစ် ဘတ်ဆက်ထားတာ မတွေ့ရဘူး။ အလုပ်သမားတွေဆီက ဘတ်ဆက်ဖို့ ဘတ်ငွေ ၄၀၀၀ စီ လုပ်ငန်း ရှင်က ဖြတ်ထားပြီးဖြစ်တယ်ဆိုတာ သိရတယ်။ ခွန်ကျော်လို အခြားအလုပ်သမားတွေလည်း နစ်နာတော့ မှာပဲ။ ကျနော်ပြောချင်တာက ထိုင်းအလုပ်သမား ကာကွယ်ရေး အက်ဥပဒေတွေကို မြန်မာ အလုပ်သမားတွေကသာ လိုက်နာပြီးတော့ အလုပ်ရှင်တို့ ထိုင်းအာဏာပိုင်တို့တွေ လိုက်နာခြင်းမရှိဘူး။ မြန်မာအလုပ်သမား တစ်ယောက်အနေနဲ့ အထူးနစ်နာပါတယ်။ အလုပ်ရှင်တွေရဲ့ ပျက်ကွက်မှုတွေ၊ ထိုင်း အာဏာပိုင်တွေ ခြစားမှုတွေပျောက်နေတယ်။ ဒါတွေကို တိတိကျကျ အရေးယူနိုင်ဖို့ လိုပါတယ်”ဟု ပြောသည်။
ထိုသို့ ဖမ်းဆီးပြန်ပို့ခံရသည့် လူများအား မြ၀တီဘက်ကမ်းမှ ဒီကေဘီအေဂိတ်တို့က ယခုကဲ့သို့ မတရား ကောက်ခံလာခဲ့သည်မှာ နှစ်ပေါင်း၂၀ ကျော်ခဲ့ပြီးဖြစ်သည်။ ထိုင်းနိုင်ငံအတွင်း အနယ်နယ် အရပ်ရပ်မှ ဖမ်း ဆီး ပြန်ပို့ခြင်း ခံရသည့်ရွေ့ပြောင်း မြန်မာအလုပ်သမားများမှာ မြ၀တီဘက်ကမ်းရှိ ဒီကေအီအေ ကိုးသုံးလုံး ဂိတ်နှင့် အခြားဝိတ်တို့မှ ငွေကောက်ခံနေသည့် လုပ်ရပ်မှာ တရားဝင်လုပ်ငန်းသဖွယ် မြန်မာစစ်အစိုးရ ခွင့်ပြုထားခြင်း ဖြစ်ကြောင်း အလုပ်သမားများက ပြောပြသည်။ ဒုက္ခရောက်လာသူကို ထပ်မံနှိပ်စက်ခြင်း၊ မနိုင်မနင်းဖြစ်နေသူကို ထပ်မံပြီး ၀န်ထုတ်ဝန်ပိုးဖြစ်အောင် လုပ်ခြင်းဖြစ်ကြောင်း၊ ဖမ်းဆီးပြန်ပို့ ခံလာရသည့် မြန်မာအမျိုးသမီးငယ် အတော်များများမှာ ခန္ဓာကိုယ်ရင်းရသည့် လုပ်ငန်းဘက်သို့ မပြောင်းချင်ပဲ ပြောင်းသွားရသူ အချို့ရှိကြောင်း၊ ထိုင်းနိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် စရိတ်ကို ရသည့်နည်းဖြင့် ရှာဖွေသွားကြသူများရှိကြောင်း အလုပ်သမားများက ပြောပြကြသည်။