3.15.2010

NLD က လာမည့်မတ်လ ၂၉ ရက်နေ့တွင် ရွေးကောက်ပွဲနှင့်ပါတ်သက်သော သဘောထားကို ထုတ်ပြန်မည်

NLD အနေဖြင့် လာမည့် ၂၉ရက်နေ့ အီးစီ စုံညီအစည်းအဝေး အပြီးတွင် ထုတ်ပြန်ကြေညာသွားမည်ဟု ယနေ့ပြုလုပ်သော ဗဟိုကော်မတီ အစည်းအဝေး အပြီးတွင် ဗဟိုကော်မတီ အဖွဲဝင် ဦးခင်မောင်ဆွေက ထုတ်ဖေါ် ပြောပြခဲ့ပါသည်။ 
ဥိးခင်မောင်ဆွေက ပြောပြရာတွင် ပါတီ ဗဟိုကော်မတီ အနေဖြင့် လက်ရှိကြုံတွေ့နေရသည့် အခြေအနေ အပေါ် သဘောထားကို ဆွေးနွေးခဲ့ကြပြီး ဖြစ်သော်လည်း လာမည့် ၂၉ရက်နေ့ တွင် ပါတီ အီးစီ ၁၀၀ကျော် ပါဝင်မည့် စုံညီ အစည်းအဝေးတွင် တင်ပြပြီးမှ သဘောထားကြေငြာချက်ကို ထုတ်ပြန်သွားမည်ဟု ပြောပြခဲ့ ပါသည်။
ပါတီ၏ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကမူ ယခုလ ၈ရက်နေ့က ထုတ်ပြန် ကြေငြာခဲ့သော ပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို တရားမျှတမှု မရှိကြောင်း ဝေဖန်ပြောကြားခဲ့ပါသည်။ နိုင်ငံရေး အကဲခတ်များကမူ NLD ၏ ဆုံးဖြတ်ချက်သည် လာမည့်ရွေးကောက်ပွဲ အပေါ် ကြီးမားသော သက်ရောက်မှု ရှိလိမ့်မည်ဟု သုံးသပ် ပြောဆိုကြပါသည်။ 
ထိုဥပဒေများတွင် ရွေးကောက်ပွဲဝင်မည့် ပါတီများသည် နှစ်လအတွင်း ကော်မရှင်တွင် မှတ်ပုံတင်ရန်ကို၎င်း၊ ထောင်ဒဏ်ကျခံနေရသော ပါတီခေါင်းဆောင်များကို ရွေးကောက်ပွဲ ရွေးကောက်ပွဲ မဝင်ရ ရုံမျှမက ပါတီဝင်အဖြစ်ပင် လက်ခံနိုင်ခြင်းမရှိရန် ကန့်သတ်ထားပါသည်။ ထို့အတူ ၁၉၉၀ ရွေးကောက်ပွဲ ကိုလဲ ပျက်ပြယ်ပြီး ဖြစ်ကြောင်း ကြေငြာထားပါသည်။
ပြည်တွင်းသတင်းထောက် (ရွှေဝါရောင် သတင်းလွှာ)

ဇနီးသည် ထိုင်းအမျိုးသမီးက ခင်ပွန်းသည် မြန်မာအမျိုးသားအား ဓားဖြင့်ထိုးသတ်

Photobucket
မတ်လ၁၅
ကိုတီး(ရခိုင့်တံခွန်ဂျာနယ်)
နေထိုင် အလုပ်လုပ်ကိုင်ခွင့် ဘတ်နှင့် ယာယီပတ်စပို့ လုပ်ရန် ငွေရှိ/ မရှိ အချင်းများကြရာမှ လင်မယားရန်ဖြစ်ပြီး ထိုင်းအမျိုးသမီး ဇနီးဖြစ်သူက ဓားဖြင့်ထိုးသတ်လိုက်သဖြင့် ခင်ပွန်းဖြစ်သူ မြန်မာ အလုပ်သမား သေဆုံးသွားခဲ့သည်။

ဘန်ကောက်မြို့ အနီး စမူပါကန်မြို့ စံမလုံ မြောက်ပိုင်း၊ ဖါးပတန်အရပ် အမှတ် ၄၆ တွင်ရှိသော ကုကျလေ သတ္တုပစ္စည်း ထုတ်လုပ်သည့် ကုမ္ပဏီ တန်းလျှားတွင် နေထိုင်အလုပ်လုပ်ကိုင်သည့် အသက် ၅၆နှစ်အရွယ် မြန်မာအလုပ်သမား ဦးစိုးသောင်းနှင့် ထိုင်းအမျိုးသမီး ဇနီးဖြစ်သူ အသက် ၅၂နှစ်အရွယ် နန်းစုရင် တို့ ဇနီးမောင်နှံ ၂ဦးတို့ ယမန်နေ့က အလုပ်နားသဖြင့် နံနက် ၁၀နာရီခန့်က စတင်ပြီး အရက်သောက်နေ ခဲ့ကြသည်။

နေ့လည် ၁၂နာရီခန့် တွင် ခင်ပွန်းဖြစ်သူ မြန်မာအလုပ်သမားက နေထိုင်အလုပ်လုပ် ကိုင်ခွင့် ဘတ်နှင့် ယာယီပတ်စပို့ လုပ်ကိုင်ရန် ငွေမရှိကြောင်း ပြောဆိုကြရာမှ လင်မယားနှစ်ဦးတို့ စကားများ ရန်ဖြစ်ခဲ့ကြသည်။

မျက်မြင် အလုပ်သမားတစ်ဦးက “ခင်ပွန်းဖြစ်သူက ဘတ်လုပ်ဖို့ ၊ ပတ်စပို့ လုပ်ဖို့ ငွေရှိ/မရှိ မေးတယ်၊ ဇနီးလုပ်တဲ့သူက ငွေမရှိဘူး၊ နင့်ဟာနင် လုပ်ချင်လုပ် မလုပ်ချင်နေလို့ ပြောတယ်၊ အဲဒီလိုပြောတော့ လင်က ဇနီးမျက်နှာကို လက်သီးနဲ့ ထိုးတယ်၊ ဇနီးဖြစ်သူက လည်း မခံချင်ဖြစ်လာတော့ အနားမှာရှိတဲ့ဓားနဲ့ လည်ပင်းကို ထိုးချလိုက်တယ်”ဟု ရဲအရာရှိကို ပြောသည်။

ရှေ့ ဦးစွာ ခင်ပွန်းဖြစ်သူက ဇနီးဖြစ်သူ ထိုင်းအမျိုးသမီးအား လက်သီးဖြင့် မျက်နှာကို အကြိမ်ကြိမ်းထိုးကြိတ်သည်ကို မခံရပ်နိုင်ဖြစ်လာသော ဇနီးဖြစ်သူက မကျေနပ်သဖြင့် ခင်ပွန်းသည်၏ လည်ပင်းအား နီးစပ်ရာဓားဖြင့် ထိုးလှီးလိုက်သည်။ အနီးအနားမှ လူများရောက်ရှိလာသောအခါ မြန်မာအလုပ်သမား ဦးစိုးသောင်း၏ လည်ပင်းတွင် ပြတ်ရှဒါဏ်ရာ ၁၅လက်မခန့် နှင့် သွေးအိုင်ထဲတွင် လဲကျနေပြီးဖြစ်သည်။ အခန်းနီးချင်းများက ရဲစခန်းသို့ အကြောင်းကြားခဲ့သည်။ ဖါးဖတန် ရဲစခန်းမှူး ချိုင်ဝတ် က ထိုင်းအမျိုးသမီး နန်းစုရင်အား ဖမ်းဆီးနိုင်ခဲ့ပြီး လူနာအားဆေးရုံသို့ သယ်ဆောင်စဉ် မိနစ် ၂၀ ခန့် အကြာ လမ်းတွင်ပင် သေဆုံးသွားခဲ့သည်။

အမှူးဖြစ်ပွားသည့် မြန်မာအမျိုးသားနှင့် ထိုင်းအမျိုးသမီးတို့မှာ အကြင်လင်မယားအဖြစ် ပေါင်းသင်း နေထိုင်လာခဲ့သည်မှာ ၁၀နှစ်ကြာပြီဖြစ်သည်။ လည်ပင်း ဓားဒါဏ်ရာကြောင့်အသက်ရှုလမ်းကြောင်း ပြတ်တောက်သွားသဖြင့် သေဆုံးခဲ့ရကြောင်း တာဝန်ရှိသူများအား ကိုးကားပြီး ခေါင်းစွပ် (ခေါ်) လတ်ဆတ်သော သတင်းစာတွင် ဖေါ်ပြထားသည်။