(မြန်မာဖေါင့်ရယူရန် To get Burmese font)
ဖိုးရှုပ်။ ။ ကျနော် ထင်တာက ဗိုလ်ချုပ် မှူးကြီး စိတ်ပြောင်း ပြီးတော့ ဂန်ဘာရီကြီးနဲ့ တွေ့ဖို့ ဆုံးဖြတ် လိုက်ပုံ ရတယ်။ မဲဆောက်မှာ လည်း အနှိပ်ခန်းတွေ ရှိတယ်ဆိုတော့ အတူတူ အနှိပ် ခံရင်း စကားပြောကြမှာပေါ့။
ရုက္ခစိုး။ ။ မင်းပြောသလိုဆို ငါတို့က အနှိပ် ခန်းတွေကို လိုက်ကြည့်ရမလိုဖြစ်နေပြီ။ အင်း … မဲဆောက် ကတော့ တကယ့်ကို ဆေးရောင်စုံ မြန်မာမြို့လေးပဲဟေ့။
ဖိုးရှုပ်။ ။ ဟုတ်ပါ့ဗျာ။ မြန်မာပြည်က လူတန်းစား ပေါင်းစုံကို ဒီမှာ တွေ့ရမယ်။ ဦးရုက္ခစိုးကြီးကို မြန်မာရနံ့ ရစေ ချင်လွန်းလို့ ကျနော် ခေါ်လာတာပေါ့။ ဒီမြို့မှာ ပြည်နယ်တိုင်း ၁၄ ခုက လူပေါင်းစုံ ရှိတယ်။ ဈေးသည်၊ ကာရာအိုကေ ဆိုင်ဝန်ထမ်း၊ ဗေဒင်ဆရာ၊ အလုပ်ကြမ်းသမား၊ ကျောက်ပွဲစား၊ အနုပညာသမား အကုန်ရှိတယ်။
ရုက္ခစိုး။ ။ နိုင်ငံရေးသမားလည်း ရှိတယ်ဆို။
ဖိုးရှုပ်။ ။ ရှိပါ့ဗျာ။ နိုင်ငံရေးသမား၊ သင်္ကြန်စာ ရောင်းတဲ့သူ၊ ဒုက္ခသည်၊ ထောက်လှမ်းရေး သတင်းပေး အစုံ ရှိတယ်။
ထိုအခိုက် မျက်နှာချင်းဆိုင်မှ လူတယောက် လျှောက်လာသည်။ ထိုင်းဘာသာဖြင့် တစုံတခုကို အသံ သြသြ၊ ဆွဲဆွဲ ငင်ငင် အော်ဟစ်လိုက်သည်။
ရုက္ခစိုး။ ။ ဒီလူက ဘာလဲ။
ဖိုးရှုပ်။ ။ တလမ်းဝင် တလမ်းထွက် ပစ္စည်းဟောင်း လိုက်ဝယ်တဲ့သူလေ။ သူလည်း မြန်မာပြည်ကပဲ။ ကျနော်တို့ သူနဲ့ စကားပြောကြည့်ရအောင်ဗျာ။
ဖိုးရှုပ်က ထိုသူ့အား မိတ်ဆက်ပြီး သစ်ပင်ရိပ်အောက်သို့ ခေါ်ကာ စကားပြောကြလေသည်။ ၎င်း၏အမည်မှာ ကိုမွတ်တားဟု ဆိုသည်။ ဘင်္ဂလားဒေ့ရှ် မြန်မာ နယ်စပ်တွင် မွေးဖွားပြီး ရန်ကုန်မြို့တွင် ကြီးပြင်းသည်ဟု သိရသည်။
ဖိုးရှုပ်။ ။ ကိုမွတ်တားရေ၊ ခင်ဗျား စောစောက ယိုးဒယားလို ဘာတွေ အော်နေတာလဲ။ ကျနော် ရန်ကုန်မှာ တုန်းက ဒါမျိုးအသံ ကြားဖူးသလိုပဲ။
ကိုမွတ်တား။ ။ ကြားဖူးမှာပေါ့ အားကိုကြီးရယ်။ ချွန်ဒေါ် အော်တာက ဒီလို အားကိုကြီးရဲ့။ (သံနေသံထားဖြင့်) “ပုလင်းခွံတွေ … ၀ယ်ဒရယ် … ၊ သတင်းစာစက္ကူတွေ … ၀ယ်ဒရယ် … ”
ဖိုးရှုပ်။ ။ သြော် … ဒါကြောင့် ကြားဖူးနေတာကိုး။
ရုက္ခစိုး။ ။ ဘယ်လိုလဲ ခင်ဗျား အလုပ်အကိုင် အဆင်ပြေရဲ့လား။
ကိုမွတ်တား။ ။ ပြေတယ်ရယ်လို့လည်း ဘယ်ဟုတ်ပါ့မလဲ အားကိုကြီးရယ်။ ဒီလိုပဲ လုပ်စားရတာပေါ့။ ဆရာ တို့လည်း ချွန်ဒေါ့်ကို ကူညီပါဦး၊ ဘာလုပ်ရင် ကောင်းမလဲလို့။ အလုပ်အကိုင် ကလည်း ရှာရ ခက်တယ် ဆရာရယ်။
ဖိုးရှုပ်က ဆရာ အခေါ်ခံရသဖြင့် ကျေနပ်သွားသည်။
ဖိုးရှုပ်။ ။ တခုတော့ အကြံပေးချင်တယ် … သတင်းထောက်အလုပ်ကိုတော့ မရွေးနဲ့ဗျာ၊ သတင်းထောက် ဖြစ်သွားရင် လူချစ်လူခင် နည်းတယ်၊ ဝေါင်ဝေါင်ရှေး ကြတယ်။ ပြီးတော့ ခင်ဗျားရဲ့ ကိုးကွယ်တဲ့ ဘာသာကြောင့် ပိုပြီး လူမုန်း များလိမ့်မယ်။ ပြီးတော့ … ပြီးတော့
ကိုမွတ်တား။ ။ ပြီးတော့ ဘာလဲ၊ ချွန်ဒေါ့ရဲ့ အသားအရောင်ကလည်း အရေးကြီးတယ်လို့ ပြောဦးမလို့လား။ ချွန်ဒေါ် အားလုံး သိပြီးပြီ အားကိုကြီး၊ ဟောင်ကောင်က အသားဖြူတဲ့ ကိုလူချော ကောင်စစ်ဝန်က ပြောတယ် တဲ့၊ “ချွန်ဒေါ်တို့က အသားညိုတယ်၊ ဘီလူးနဲ့ တူဒယ်၊ သူတို့ကတော့ အသားလတ်ဒယ်၊ ရုပ်ချောဒယ်” တဲ့။ ချွန်ဒေါ် ဈေးထဲမှာ ဖတ်ရတဲ့ စာစောင်ထဲမှာ ရေးထားဒယ်။
ကိုမွတ်တား၏ စကားကြောင့် ရုက္ခစိုး နှင့် ဖိုးရှုပ် မျက်လုံး ပြူးသွားသည်။ ဘာရယ်လို့မဟုတ် သူတို့နှစ်ဦးလုံး ကိုမွတ်တားကို အားနာသွားသည်။
ဖိုးရှုပ်။ ။ အင်း … အဲဒီလောက်ကြီး မဟုတ်ပါဘူး၊ ခင်ဗျားမှာလည်း အားသာချက်တွေ ရှိပါသေးတယ်။ ခင်ဗျားရဲ့ အသားအရေ နဲ့ဆို ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ အထူး ကိုယ်စားလှယ် ရာထူး ရနိုင်တယ်ဗျ။
ကိုမွတ်တား။ ။ ချွန်ဒေါ်တို့ကတော့ အသား ဖြူဖတ်ဖြူရော် မဖြစ်ချင်ပါဘူး။ ဒါပေမယ့်နော်၊ ဒီ ဆရာ ပြောတဲ့ အာထူး ကိုယ်စားလှယ် ဖြစ်ဖို့တော့ ဆိတ်ဝင်စားဒယ်။ ဒါပေမယ့် ဟိုကောင်စစ်ဝန်လို အသား အဖြူရောင် ဖြစ်မှ ဒီအလုပ် လုပ်လို့ရမယ်လို့ ချွန်ဒေါ် ထင်တယ်နော်။
ရုက္ခစိုး။ ။ မလိုပါဘူးကွာ၊ ဒါပေမယ့် အသားဖြူချင်ရင်တော့ နည်းလမ်းရှိပါတယ်ကွာ၊ ချင်းမိုင်က ကောင်မလေး တွေလည်း အရင်တုန်းက အသား မဖြူပါဘူး၊ အခုတော့ ဖြူကုန်ကြပြီ။ ကျုပ်က ချင်းမိုင်မှာနေတာ ကြာပြီ ဆိုတော့ ဒီကောင်မလေးတွေ အသား ဘာကြောင့် ဖြူရတယ် ဆိုတဲ့ လျှို့ဝှက်ချက်ကို သိထားတယ်။ ဟာ … အတော်ပဲ … ဟိုနားမှာ ကုန်တိုက်တခုရှိတယ်။ လာ … သွားကြစို့။
ကိုမွတ်တား။ ။ ကောင်းတယ် အားကိုကြီး၊ ချွန်ဒေါ်လည်း ပုလင်းခွံလိုက်မ၀ယ်တော့ဘူး၊ အားကိုကြီး ပြောတဲ့ ဆေးပဲ ၀ယ်တော့မယ်၊ အာထူး ကိုယ်စားလှယ်ဖြစ်ဖို့ အာရေးကြီးဒယ်။
ဤသို့ဖြင့် သုံးဦးသား ကုန်တိုက်ကြီးပေါ်သို့ ချီတက်သွားကြသည်။
လမ်းမပေါ်တွင် ပူအိုက်သလောက် ကုန်တိုက်ကြီး အတွင်းတွင် အေးမြနေသည်။ ရုက္ခစိုးက ကုန်တိုက် အ၀င်ဝရှိ ပစ္စည်း ထည့်သည့် တွန်းလှည်းတခု ယူခဲ့ရန် ကိုမွတ်တားကို ပြောလိုက်သည်။
တနေရာ အရောက်တွင် ရုက္ခစိုးကြီးက ရပ်တန့်လိုက်သဖြင့် သူတို့နှစ်ဦးလည်း ရပ်လိုက်သည်။
ရုက္ခစိုး။ ။ (စင်ပေါ်မှ ဘူးတခုကို ယူပြပြီး) ဒါပဲကွ၊ ချင်းမိုင်က ကောင်မလေးတွေလိမ်းတာ။ ဒါကို လိမ်းပေတော့ ကိုယ့်လူ။ ဒါကို ပုံမှန် လိမ်းရင် ဟောင်ကောင်က သံအမတ်လို အသားဖြူနု ချောမောသွားလိမ့်မယ်။ ကဲ … လှည်းထဲ ထည့်ပေတော့။
ဖိုးရှုပ်။ ။ ဟုတ်တယ်၊ ရန်ကုန်က မော်ဒယ်ဂဲလ် တယောက်တောင် ဒါမျိုးတွေ လိမ်းလို့ အင်တာနက်မှာ နာမည် ကြီးသွား သေးတယ်။
ကိုမွတ်တား။ ။ ကျေးဇူးတင်လိုက်တာ အားကိုကြီးတို့ရယ်။
ထိုအခိုက် အသားမည်းမည်း လူထွားကြီးတယောက် ပစ္စည်းထည့်သည့်လှည်း တွန်းပြီး ရုက္ခစိုးတို့ ရှိရာသို့ မချိ သွားဖြဲ ပြုံးဖြဲဖြဲနှင့် ရောက်လာသည်။
ရုက္ခစိုး။ ။ ဟာ မစ္စတာ ဂန်ဘာရီ … ။ ချိန်းထားရင် လွဲဦးမယ်ဗျာ။ ဟန်ကျလိုက်လေ။ နေကောင်းရဲ့လား မစ္စတာ ဂန်ဘာရီ။
ဂန်ဘာရီ။ ။ ဟုတ်ကဲ့။ လူကတော့ နေကောင်းပါတယ်ဗျာ၊ စိတ်ကတော့ သိပ်မကောင်းဘူး။
ဖိုးရှုပ်။ ။ မစ္စတာ ဂန်ဘာရီ ဘာလာ ၀ယ်တာလဲဗျ။
ဂန်ဘာရီ။ ။ ကျနော်လား၊ ပြောရမှာတော့ ရှက်တယ်ဗျာ၊ ခင်ဗျားတို့ မြန်မာပြည်သားတွေက အသားဖြူမှ ကြိုက်တာ ဆိုတော့ ကျနော်လည်း အသားဖြူအောင်လို့ လိမ်းဆေး တမျိုးမျိုး ၀ယ်လိမ်းမလို့။ ဟော … ဟောဒီဟာ … လိမ်းဆေးက သိပ်ကောင်းတာပဲလို့ ကြော်ငြာထဲမှာ ရေးထားသဗျ။ ကဲ … နိုင်သလောက် ၀ယ်သွားရဦးမယ်။
မစ္စတာ ဂန်ဘာရီ၏ စကားကြောင့် ကိုမွတ်တား၏ မျက်နှာ ၀င်းခနဲ ဖြစ်သွားသည်။ ရုက္ခစိုးကလည်း ကိုမွတ်တား ဘက်သို့ လှည့်ပြီး ငါပြောတာ ယုံပြီမဟုတ်လား ဟူသည့် မျက်နှာပေးဖြင့် ကြည့်လိုက်သည်။
ထိုအခိုက် အသက်ခပ်ကြီးကြီး အဘိုးကြီးတယောက် လှုပ်လီ လှုပ်လဲ့ဖြင့် အနားသို့ ရောက်လာသည်။ ထိုအဘိုးကြီးကို ကြည့်ပြီး ၎င်းတို့ လေးဦးသား ရုတ်တရက် အံ့သြသွားကာ ကြက်သေသေသွားကြသည်။ ထို့နောက် အာမေဋိတ်သံများ အသီးသီး ထွက်သွားကြ လေသည်။
ဖိုးရှုပ်။ ။ ဟာ … ဗိုလ်ချုပ်မှူးကြီး။
ကိုမွတ်တား။ ။ ဟရေး ဘား ဘား … ။
ရုက္ခစိုး။ ။ ဟိုက် … ရှာလဘတ်ရည်။
ဂန်ဘာရီ။ ။ အိုး မိုင် ဂေါ့… ။
ထို့နောက် မစ္စတာ ဂန်ဘာရီက င့ါကိုရှောင်နေတဲ့ လူကြီးကို တွေ့ပြီ ဟု ၀မ်းသာအားရ ထခုန်ရင်း အော်လိုက်ရာ ဈေးဝယ် လာသူများ အလန့်တကြား ဖြစ်ကုန်ကြသည်။
ဗိုလ်ချုပ်မှူးကြီး။ ။ အေး ဟုတ်တယ်၊ မင်းတို့က လူစုံတက်စုံပါလားကွ။
ဗိုလ်ချုပ်မှူးကြီး၏ တွန်းလှည်းထဲတွင် ကိုရီးယားဇာတ်လမ်းတွဲ ဒီဗွီဒီများကို တွေ့ရသည်။
ဖိုးရှုပ်။ ။ (အသံဖမ်းစက်ကို ထုတ်ပြီး အသံဖမ်းခလုတ်ကို နှိပ်ကာ) ဗိုလ်ချုပ်မှူးကြီး ဒီကို ဘာလာ လုပ်တာလဲ ခင်ဗျ။
ဗိုလ်ချုပ်မှူးကြီး။ ။ (ကြွပ်ကြွပ်အိတ် အတွင်းသို့ ကွမ်းကို ပစ်ခနဲ ထွေးလိုက်ပြီး လက်မှ နာရီကို တံတောင်ဆစ် အထိ ပင့်တင်လိုက်ကာ) ငါလား … ငါက လိမ်းဆေး လာဝယ်တာလေ။ အေး … ဒီဆေးပဲကွ၊ ဒီဆေးပဲ … ၊ ဒီကောင်တွေ ၀ယ်တဲ့ဆေးပဲ၊ ဟေ့ … ငါ့အတွက် ကျန်သေးရဲ့လား … ။
ဖိုးရှုပ်။ ။ ဗိုလ်ချုပ်မှူးကြီးက အသား သိပ်မမည်းဘဲနဲ့ ဘာကြောင့် ဆေးလိမ်းချင်ရတာလဲ။
ဗိုလ်ချုပ်မှူးကြီး။ ။ ဟ … ဟေ့ကောင်၊ မင်း သတင်းထောက် မဟုတ်ဘူးလား၊ မြောက်ကိုရီးယား ခေါင်းဆောင်ကြီး ကင်ဂျုံအီးလ် အကြောင်း မင်း မကြားသေးဘူးလား။
ဖိုးရှုပ်။ ။ ဟုတ်ကဲ့ ကြားပါတယ်၊ ဟိုနေ့က သူ့မွေးနေ့လေ။ ဗိုလ်ချုပ်မှူးကြီးတောင် သ၀ဏ်လွှာတွေ ပို့သေးတယ် မဟုတ်လား။
ဗိုလ်ချုပ်မှူးကြီး။ ။ အေး … ဟုတ်တယ်၊ ဘယ်လောက် အတုယူစရာ ကောင်းသလဲ၊ ခေါင်းဆောင်ကြီး မွေးနေ့မှာ သူ့ သတင်းစာတွေက ရေးကြတယ်လေကွာ “ကောင်းကင်ဘုံကနေ ကျလာပြီး နှိုင်းယှဉ်လို့ မရ လောက်အောင် ကြီးကျယ် မြင့်မြတ်တဲ့ ခေါင်းဆောင်ကြီး” ဆိုပြီး ချီးမွမ်း ရေးသားလိုက်ကြတာ။
ဖိုးရှုပ်။ ။ ဟုတ်ကဲ့။
ဗိုလ်ချုပ်မှူးကြီး။ ။ အေးကွာ … ဘယ်လောက် အားကျစရာ ကောင်းသလဲ။ ဒါကြောင့် ငါ့ကိုလည်း ငါ့သတင်းစာ တွေက အဲဒီလို ရေးတဲ့အခါ ငါ့ဓာတ်ပုံနဲ့ ဘာနဲ့ ခမ်းခမ်း နားနား ဖော်ပြလို့ရအောင် ငါ့ကိုယ်ငါ ပြင်ဆင် ရတော့မယ် လေကွာ။ ငါ့သမီးတော်တွေကတော့ အသားအရေ ချောမွေ့ဖြူနုအောင် ဒီလို လိမ်းဆေးတွေ လိမ်းရင် ကောင်းမယ်လို့ ပြောတယ်။ ဒါကြောင့် ဒီဆေး လာဝယ်ရတာပေါ့ကွာ။
ထိုအချိန်တွင် မစ္စတာ ဂန်ဘာရီက လေကဲ့သို့ လျှင်မြန်သည့် အရှိန်ဖြင့် လှုပ်ရှားလိုက်ပြီး စင်ပေါ်မှ လိမ်းဆေး များကို သူ၏ တွန်းလှည်း အတွင်းသို့ ထည့်လိုက်သည်။
ကိုမွတ်တား။ ။ အားကိုကြီး … ချွန်ဒေါ် အရင်ရောက်တာနော်။
ဗိုလ်ချုပ်မှူးကြီး။ ။ ဟေ့ကောင်တွေ …ငါ့အတွက် ချန်ထားဦးကွ … ။ (ထိုသို့ ပြောဆိုရင်း လိမ်းဆေးဘူးများကို အတင်း ၀င်လုရာ နဖူးကွဲ ဒူးပြဲ ဖြစ်သွားလေသည်)
အရောင်းစာရေး ထိုင်း နှင့် မြန်မာမလေးများက ရေနှင့် ၀ိုင်းပက်ကြသည်အထိ ၀ရုန်းသုန်းကား ဖြစ်သွားသော လိမ်းဆေးဘူး လုပွဲကြီး ဖြစ်သည်ဟု ဆိုရမည်။
ဤသို့ဖြင့် ကိုမွတ်တား၊ မစ္စတာ ဂန်ဘာရီ နှင့် ဗိုလ်ချုပ်မှူးကြီးတို့ သုံးဦးသား၏ အားပေးမှုကြောင့် ပုံမှန်သုံးလျှင် အသားဖြူနု ချောမော လှပသည်ဟု ဆိုသည့် အဆိုပါ ကုန်တိုက်မှ လိမ်းဆေးဘူးများ ပြိုက်ခနဲ ကုန်သွားလေ သတည်း။ ။