6.26.2011

ဆလိုင်းကိုတင်မောင်ဦး အမှတ်တရ

Photobucket

6.21.2011

ဥရောပသမဂ္ဂ ကိုယ်စားလှယ်အဖွဲ့ ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံ

ရန်ကုန် ၂၁ ဇွန် ၊ ၂၀၁၁ ။
ဥရောပ သမဂ္ဂ အထူးအကြံပေးပုဂ္ဂိုလ် ရောဘတ် ကူးပါး (Robert Cooper) ဦးဆောင်သော အဖွဲ့သည် ယနေ့ ညနေပိုင်းက မြန်မာ့ ဒီမိုကရေစီ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ နေအိမ်တွင် နှစ်နာရီကြာခန့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ယနေ့ည ၈နာရီခန့်တွင် ပြီးဆုံးခဲ့သော တွေ့ဆုံဆွေးနွေးပွဲ အပြီးတွင် ဥရောပ သမဂ္ဂ၏ ကိုယ်စားလှယ်များက သတင်းထောက်များကို ဆွေးနွေးပွဲနှင့် ပါတ်သက်သော အသေးစိတ် အချက်အလက်များကို ပြောပြရန် ငြင်းဆိုခဲ့ပါသည်။
သတင်းထောက်များက ဒေါ်အောင်ဆန်းစုကြည်ကို ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ် စီးပွါးရေး ပိတ်ဆို့မှုများကို ရုတ်သိမ်းရန် ပြင်ဆင်နေသလားဆိုသည့် မေးမြန်းချက်အပေါ် ဒေါ်အောင်ဆန်းစုကြည်က လွန်ခဲ့သည့် လအနည်းငယ်ကမှ ဥရောပ သမဂ္ဂက သူတို့၏ စီးပွါးရေး ပိတ်ဆို့မှုကို သက်တမ်းတိုးခဲ့ခြင်းသာ ဖြစ်သည်ဟု သူမအနေဖြင့် နားလည်ကြောင်း သတင်းထောက်များကို ပြောပြခဲ့ပါသည်။
သူမအနေဖြင့် ဥရောပ သမဂ္ဂ ကိုယ်စားလှယ်များကို လက်ရှိ တိုင်းရင်းသား လူမျိုးစုများကို စစ်အုပ်စုက တိုက်ခိုက်နေသော စစ်ရေးဆိုင်ရာ အကြပ်အတည်းများ အကြောင်းကို ပြောပြခဲ့ပြီး ထိုအကြပ် အတည်းများကို ပြေလည်ရန်မှာ တွေ့ဆုံဆွေးနွေး အဖြေရှာရေးသာ ဖြစ်သည်ဟု ပြောပြခဲ့ကြောင်း သတင်းထောက်များကို ပြောပြခဲ့ပါသည်။
ပြည်တွင်းသတင်းထောက် (ရွှေဝါရောင် သတင်းလွှာ)

အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး ခရီးစဉ် မြန်မာ တီဗီထုတ်လွှင့်

ရန်ကုန်၊ ဇွန် ၂၁။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး S.M Krishna သည် ယနေ့ညနေ ငါးနာရီက မြန်မာအစိုးရ ဒုတိယသမ္မတ (၁) သီဟသူရ တင်အောင်မြင့်ဦးနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်ဟု စစ်အုပ်စု အစိုးရပိုင် တီဗီင်္မှ ယနေ့ညနေ ၈နာရီ သတင်းတွင် ကြေငြာသွားခဲ့ပါသည်။ ထိုသို့ တွေ့ဆုံဆွေးနွေးပွဲသို့ မြန်မာ့ ငါးလုပ်ငန်းနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီး ဦးတင်နိုင်သိန်းနှင့် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့လည်း တက်ရောက်ခဲ့သည်ဟု ဆိုပါသည်။
ထိုသို့တွေ့ဆုံဆွေးနွေးမှုသည် မြန်မာနိုင်ငံနှင့် အိန္ဒယနိုင်ငံတို့ ပိုပို ကျယ်ပြန့်စွာ ပူးပေါင်းဆောင်ရွက် နိုင်ရေး အတွက် ရည်ရွယ်သည်ဟု အမည် မဖေါ်လိုသူ မြန်မာ အစိုးရ အရာရှိတစ်ဦးက ဆိုပါသည်။
ထိုခရီးစဉ်အတွင်း ဒေါပုံမြို့နယ်တွင် အိန္ဒိယနိုင်ငံ၏ အကူအညီဖြင့် တည်ဆောက်ခဲ့သော တန်ချိန် ငါးရာဆန့်မည့် စပါးသိုလှောင်ရုံများ၏ တည်ဆောက်မှု စာရွက်စာတမ်းများကိုလည်း အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးထံပေးအပ်ခဲ့သည်ဟု တီဗီသတင်းက ဆိုပါသည်။

6.20.2011

ကြံ့ဖွံ့ အစိုးရ ဒုတိယ သမ္မတ ဥရောပ သမဂ္ဂ ဒုတိယဥက္ကဌကို နေပြည်တော်တွင် တွေ့ဆုံ

ရန်ကုန်၊ ဇွန် ၂၀ ။
ဥရောပ သမဂ္ဂရဲ့ ဒုတိယ ဥက္ကနှင့် နိုင်ငံခြားရေးရာ အထူးအကြံပေးပုဂ္ဂိုလ် ရောဘတ် ကူးပါး (Robert Cooper) ဦးဆောင်သော သံတမန် အဖွဲ့သည် နိုင်ငံတော် ဒုတိယ သမ္မတ (၁) သီဟသူရ ဦးတင်အောင်မြင့်ဦးနှင့် ယနေ့ ညနေ ၄နာရီက နေပြည်တော် တွင် တွေ့ဆုံခဲ့ကြောင်း မြန်မာ အစိုးရ တီဗီက ယနေ့ည ၈နာရီ သတင်းတွင် ကြေငြာသွားခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ၏ သံတမန် Mr. David Lipman လည်း တက်ရောက်ခဲ့သည်ဟု ဆိုပါသည်။
ထိုကဲ့သို့ ဒုတိယ သမ္မတနှင့် မတွေ့ဆုံခင် ယနေ့ နေ့လည်ပိုင်း ၂နာရီ ၃၀ က နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်းလည်း ကြေငြာသွားခဲ့ပါသည်။ 
ပြီးခဲသော ဧပြီလက ဥရောပ သမဂ္ဂက မြန်မာနိုင်ငံအပေါ် စီးပွါးရေးပိတ်ဆို့ထားမှုကို တနှစ် သက်တမ်းတိုး ခဲ့သော်လည်း မြန်မာအစိုးရသစ်၏ သဘောထားကို သိရှိနိုင်ရန် တွေ့ဆုံဆွေးနွေးရန် လာရောက်ခြင်း ဖြစ်သည်ဟု ဆိုပါသည်။
ဥရောပ သမဂ္ဂ၏ သံတမန် အဖွဲ့ဝင်များသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မနက်ဖြန်ညနေ ၆ နာရီတွင် သွားရောက်တွေ့ဆုံ ဆွေးနွေးမည်ဟု ဆိုပါသည်။
ပြည်တွင်းသတင်းထောက် (ရွှေဝါရောင် သတင်းလွှာ) 

6.15.2011

တရားဝင်နေထိုင် အလုပ်လုပ်ကိုင်ခွင့်(ဘတ်) အသစ်ယနေ့ စတင် လုပ်ဆောင်ပြီ

Photobucket
ဇွန်လ ၁၅
ယနေ့နံနက်ပိုင်းက ဘန်ကောက်မြို့အနီးရှိ မဟာချိုင်အလုပ်သမားရုံးတွင် ရွှေ့ပြောင်းအလုပ်သမားများ တရားဝင် နေထိုင်အလုပ်လုပ်ကိုင်ခွင့် (ဘတ်)အသစ် လုပ်ကိုင်ခြင်းကို စတင်ပြီး၊ ထိုင်းအလုပ်သမား ၀န်ကြီး နှင့် မြန်မာနိုင်ငံခြားရေး ဒုဝန်ကြီး ဦးမောင်မြင့်တို့ သတင်းစာရှင်းပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။
မဟာချိုင် အလုပ်သမားရုံးတွင် One Stop Service တစ်နေရာတည်းတွင် ဘတ်နှင့် ပါတ်သက်သည့် လုပ်ငန်းအားလုံး စီစဉ်ဆောင်ရွက်သည့် ၀န်ဆောင်မှုကို ပေးနိုင်ရန် စီစဉ်ထားသည်။
ထိုင်းအလုပ်သမား ၀န်ကြီးဌာန ၀န်ကြီး ချလုံချိုင်းစီရီအွန် က“ မြန်မာ ကမ္ဘောဒီိယားနဲ့ လာအိုနိုင်ငံက တရားမ၀င် ရောက်ရှိနေကြတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေကို ဒီနေ့ ကစပြီးတော့ လုပ်ပေးမှာ ဖြစ်ပါတယ်။
လုပ်ငန်း ထိရောက်မြန်ဆန်ဖို့ အတွက် တစ်နေရာတည်းမှာ လုပ်ပေးဖို့ အတွက် ထိုင်းတစ်နိုင်ငံလုံးမှာ စီစဉ် ထားတယ်၊ တရားဝင် အလုပ်သမားများ ဖြစ်လာလို့ရှိရင် အားလုံးအတွက် အကျိုးရှိမှာဖြစ်တယ်” ဟု ပြောဆို သွားသည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ မြန်မာသံရုံးဝန်ထမ်းအချို့ အပါအ၀င် ထိုင်းအလုပ်သမား ၀န်ကြီးဌာန စီမံခန့်ခွဲရေး မန်နေဂျာနှင့် နိုင်ငံခြား အလုပ်သမားရေးရာဌာနက တာဝန်ရှိသူများနှင့် မဟာချိုင်က ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
မြန်မာ နိုင်ငံခြားရေး ဒုဝန်ကြီးဦးမောင်မြင့်က “ ဘန်ကောက်က သံရုံးမှာထားတဲ့ ၀န်ထမ်းဟာ ကျနော်တို့ ဆင်းရဲတဲ့ နိုင်ငံနဲ့တောင် မတူဘူး။ အစိုးရက နိုင်ငံတကာမှာထားတဲ့ ၀န်ထမ်းတွေထက် အရေအတွက် ပိုများပါတယ်။ နိုင်ငံခြားမှာရှိတဲ့ အလုပ်သမားတွေအတွက် လိုအပ်လို့ရှိရင် လူအင်အား ငွေအင်အားသုံးဖို့ အဆင်သင့်ပါ။ ထိုင်းမှာ အလုပ်သမားတွေ တစ်ခုခုဖြစ်ရင် သိရှိနိုင်အောင် ကျနော်တို့မှာ ပြင်ဆင်ထားတာ မရှိပေမယ့် သတင်းမီဒီယာခေတ်မှာ သတင်းတွေမှာ တွေ့လာလို့ရှိရင် ကျနော်တို့ ချက်ခြင်းဆောင်ရွက်မှာပါ။ မြန်မာ အလုပ်သမားတွေ အနေနဲ့လည်း ကိုယ်တိုင်ဆက်သွယ် အကူအညီတောင်းခံနိုင်ပါတယ်” ဟု ပြောဆိုသွားသည်။
မြန်မာဒုဝန်ကြီးက ယမန်နှစ်က ဘတ်လုပ်ရာသီတွင် အချိန် တစ်လတိုးပေးရန် ထိုင်းအစိုးရကို တောင်းဆိုခဲ့ သကဲ့သို့  မြန်မာအလုပ်သမားများ အနေဖြင့် တရားဝင်လမ်းကြောင်းကို ရောက်ရှိလာသဖြင့် ရသင့်ရ ထိုက်သည့် အခွင့်အရေးများကို အပြည့်အ၀ ရရှိကြမည်ဖြစ်ကြောင်း ထပ်လောင်း ပြောဆိုသွားသည်။
မဲဆောက်မြို့အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီဥက္ကဌ ဦးမိုးကြိုးက“ မဲဆောက်နဲ့ တာ့ခ်ရိုင်အတွင်းက အလုပ်သမားတွေက ဒီ(ဘတ်)ကိုလုပ်ချင်ပေမယ့် ရတဲ့ငွေက အလွန်နည်းနေတာကြောင့် မလုပ်နိုင်ကြဘူးဗျ။ မဲဆောက်နဲ့ တာ့ခ်ခရိုင်အတွင်းမှာ မြန်မာအလုပ်သမား လေးသိန်းလောက် ရှိပေမယ့် စက်ရုံအလုပ်သမားက တစ်သိန်းအောက်ပဲ ရှိပါလိမ့်မယ်။ ကျန်အလုပ်သမား တွေက စိုက်ပျိုးရေးနဲ့ ကျဘမ်း အလုပ်သမားတွေဖြစ်တယ်။ ဒီအလုပ်သမားတွေကို ဘယ်လုပ်ငန်းရှင်ကမှ ဘတ်လုပ်ပေးမှာ မဟုတ်ဘူးဗျ။” ဟု ပြောဆိုသွားသည်။
တရားဝင် မှတ်တင်ထားသည့် စက်ရုံအလုပ်ရုံများ အနေဖြင့် လုပ်ပေးနိုင်ခြေ ရှိသော်လည်း တရားမ၀င် လုပ်ကိုင်နေကြသည့် အိမ်တွင်းမှုလုပ်ငန်းနှင့် တောင်ယာစိုက်ပျိုးရေး လုပ်ငန်း၊ ကျဘမ်း အလုပ်သမားများမှာ ဘတ်လုပ်လိုပါက အငှါးသူဌေးခ ဘတ် ၁၀၀၀ ပေးရကြောင်း ၄င်းက ဆက်ပြောသည်။
ရွှေ့ပြောင်း အလုပ်သမားများ အချိန်ကုန် လူပမ်းမဖြစ်စေရန်နှင့် စရိတ်စက ကုန်ကျသက်သာစေရန်
One Stop Service တစ်နေရာတည်းတွင် လုပ်ကိုင်ပေးရန် စီစဉ်ဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးက ပြောဆို သွားသော်လည်း မဲဆောက်မြို့တွင် မရှိသေးကြောင်း ဦးမိုးကြိုးကပြောသည်။ ဘန်ကောက်နှင့် ထိုင်းနိုင်ငံ တောင်ပိုင်းတို့ တွင်လည်း ယနေ့တွင် One Stop Service လုပ်သည့်နေရာ မရှိသေးကြောင်း အငှါးသူဌေး လုပ်ငန်းလုပ်ကိုင်နေကြသည့် မြန်မာများကပြောသည်။ ထိုင်းအစိုးရက (ဘတ်) လုပ်ခ တရားဝင် ၃၈၀၀ ဘတ်သတ်မှတ်ထားသော်လည်း ဘန်ကောက်၊ မဟာချိုင်၊ ခြုံဖွန် ဖူးခက်၊ ရနောင်းနှင့် အခြားနေရာများတွင် ဘတ် ၅၅၀၀ မှ ဘတ်၆၀၀၀ အထိ အပြင်ပေါက်ဈေးဖြစ်နေသည်။ ထိုင်းအစိုးရ ဘတ် ၂၉၀၀ သတ်မှတ်ထားသည့် မဲဆောက်မြို့တွင် ဘတ်၄၀၀၀ကျော်ခန့် ကုန်ကျမည် ဖြစ်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူများက ပြောသည်။
မည်သိုပင်ဖြစ်စေ ယနေ့ ထိုင်းနိုင်ငံ အနှံအပြားတွင် တရားဝင်နေထိုင် အလုပ်လုပ်ကိုင်ခွင့် (ဘတ်) လုပ်ငန်းအား စတင် လုပ်ကိုင်နေပြီ ဖြစ်သဖြင့် (ဘတ်)မရှိသည့် အလုပ်သမား ပျော်ရွှင်နေကြကြောင်းလည်း သိရှိရသည်။
ကိုကျော်သောင်းမှ ပေးပို့ပါသည်။ 

6.10.2011

ဝါရင့် နိုင်ငံရေးသမားကြီး သခင်သိန်းဖေ(၉၅)နှစ်ပြည့်မွေးနေ့ကျင်းပ

Photobucket
ဝါရင့်နိုင်ငံရေးသမားကြီးများ၏ ခေါင်းဆောင်သခင်သိန်းဖေ(၀ါခယ်မ)၏ ၉၅နှစ် ပြည့် မွေးနေ့ပွဲကို သခင်သိန်းဖေ နေထိုင်သည့် အမှတ်(၃)ပါရမီလမ်း (ချော်တွင်းကုန်း လမ်း)နှင့် ဦးဘဟန်လမ်းထောင့် နေအိမ်တွင် ၉.၆.၂၀၁၁ ခု ကြာသာပတေးနေ့ နံနက် ၁၀နာရီ ကျင်းပကြောင်း သတင်းရရှိသည်။
အဆိုပါမွေးနေ့ပွဲသို့ ၀ါရင့်နိုင်ငံရေးသမားကြီးများ၊ ဦးတင်ဦး၊ အပါအ၀င် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ ၆၂-၇၄-၈၈ မျိုးဆက်အင်အားစုများနှင့် အခြားဒီမိုကရေစီအင်အားစုများ တက်ကြွလှုပ်ရှားသူများ ၁၀၀ ကျော်ခန့် တက်ရောက် ကြောင်းသိရှိရသည်။
မွေးနေ့ပွဲတွင် မွေးနေ့ရှင် သခင်သိန်းဖေက နှုတ်ခွန်းဆက်အမှာစကားပြောကြား ပြီး အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ဒီမိုကရေစီအင်အားစုများ ကိုယ်စား ဦးခင်မောင်ကြည်က ဂုဏ်ပြုသ၀ဏ်လွှာ ဖတ်ကြားကာ တက်ရောက်လာသူများထဲမှ ဦးတင်ဦးနှင့် ဦးသန်းတင်တို့က ဂုဏ်ပြုအမှာစကားများ ပြောကြားကြကြောင်း သိရှိ ရသည်။
ထို့နောက် မွေးနေ့ပွဲ တက်ရောက်လာသူများအား ကြက်သားဒန်ပေါက် ထမင်း ဟင်း အအေးတို့ဖြင့် တည်ခင်းကျွေးမွေး ဧည့်ခံကာ ``နောင်လာ နောက်သား ကောင်းစားဖို့ရာ တို့ကိုယ်ကျိုးလုံးလုံးမပါ လမ်းစဉ်ကို နိုင်ငံရေးသမားတိုင်း လိုက်နာကျင့်သုံးပါ’’ ဆိုသည့် သခင်သိန်းဖေ၏ သြ၀ါဒ လက်ရေးမူရင်းနှင့် မကြာသေးခင်က ရိုက်ကူးထားသည့် သခင်သိန်းဖေ၏ မတ်တက်ရပ်ဓာတ်ပုံပါရှိသည့် ပို့စကဒ်များကို တက်ရောက်လာသူများအား အမှတ်တရ လက်ဆောင်အဖြစ် ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။

6.07.2011

၇၄-အလုပ်သမားအရေးအခင်း နှစ်ပတ်လည်နှင့် ၇၄-၅-၆ နိုင်ငံရေးအကျဉ်း သားဟောင်းများနေ့ အထိမ်းအမှတ်ကျင်းပ

၂၀၁၁-ဇွန်လ (၆)ရက်နေ့တွင် (၃၇)နှစ်မြောက် အလုပ်သမား အ ရေးအခင်း နှစ်ပတ်လည်နေ့နှင့် ၇၄-၅-၆ နိုင်ငံရေး အကျဉ်းသားများဟောင်းများနေ့ အထိမ်းအမှတ် အခမ်းအနားတစ်ခုအား ရန်ကုန်မြို့ရှိ ၇၄-၅-၆ နိုင်ငံရေး အကျဉ်းသားဟောင်းတစ်ဦး၏ နေအိမ်တွင် ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ အခမ်းအနားသို့ ၁၉၇၄-အလုပ်သမားအရေးအခင်းနှင့် အဆိုပါအလုပ်သမားအရေးအခင်း နောက်ဆက်တွဲအဖြစ်ပေါ်ပေါက်ခဲ့သည့် ၁၉၇၄-ဒီဇင်ဘာ ဦးသန့်အရေးအခင်း ၁၉၇၅-ဇွန်လ အလုပ်သမားနှစ်ပတ်လည် အရေးအခင်း(ခေါ်) ရွှေတိဂုံ အရေးအခင်းနှင့် ၁၉၇၆-မတ်လ မှိုင်းရာပြည့်အရေးအခင်းသို့တွင် ဖမ်းဆီးထိမ်းသိမ်းခံ ခဲ့ရသည့် အလုပ်သမား/ကျောင်းသား နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် အဆိုပါ နှစ်ကာလများအတွင်း မဆလ စစ်အစိုးရ၏ နည်းမျိုးစုံး ပုဒ်မမျိုးစုံဖြင့် ဖမ်းဆီထိမ်းသိမ်းခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားဟောင်းများစုံညီစွာ တက်ရောက်ခဲ့ကြသည်။ စုစုပေါင်းနိုင်ငံရေးအကျဉ်းသားဟောင်း-၅၀ နည်းပါးခန့်တက်ရောက်ခဲ့ကြသည်။
တက်ရောက်လာသော နိုင်ငံရေးအကျဉ်းဟောင်းများက ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးလိုလားသူများ၏ မေတ္တာရပ်ခံလွှာတွင် ပါဝင် စုပေါင်းလက်မှတ်ရေးထိုးကြပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် လက်ရှိ အကျဉ်းထောင်အသီးသီးတွင် ဖမ်းဆီးထိန်းသိမ်းခံနေရသော နိုင်ငံရေးအကျဉ်းသားများအားလုံး ချွင်းချက်မရှိလွတ်ပေးရေးကို ပထမဆုံးနှင့် အမြန်ဆုံးဆောင်ရွက်ပေးရန်၊  အလေးအနက် ထပ်မံ တောင်းဆိုလိုက်ကြောင်း သတင်းရရှိသည်။
ထို့ပြင် နှစ်စဉ် ဇွန်လ (၆)ရက်နေ့ကို ၇၄-၇၅-၇၆ အထိမ်းသိမ်းခံ နိုင်ငံရေးအကျဉ်းသားများ နေ့အဖြစ် သတ်မှတ်ကျင်းပသကဲ့သို့ ခေတ်ဟောင်း ခေတ်သစ် နိုင်ငံရေး အကျဉ်းသားများအားလုံးနှင့် သက်ဆိုင်သည့် နိုင်ငံရေးအကျဉ်းသားဟောင်းများနေ့ကို သင့်လျော်သည့် နေ့တစ်နေ့ သတ်မှတ်ကျင်းပသင့်ကြောင်း အဆိုပြု တင်ပြခဲ့သည်ဟု သိရှိရသည်။
အဆိုပါအခမ်းအနားတွင် အသက်အရွယ်ကြီးရင့်နေပြီဖြစ်သော အလုပ်သ မားနိုင်ငံရေးအကျဉ်းသားဟောင်းကြီးများနှင့် အခြား နိုင်ငံရေးအကျဉ်းသား ဟောင်းကြီးများအား ထောက်ပံ့ငွေများပေးအပ်ကြသည့်အပြင် လက်ရှိ အကျဉ်းထောင်များတွင် နိုင်ငံရေးအမှုဖြင့် ဖမ်းဆီးထိန်းသိမ်းခံနေရသည့် ၇၄-၇၅-၇၆ နိုင်ငံရေးအကျဉ်းဟောင်း (၅) ဦး၏ မိသားစုများအတွက်လည်း ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
ပြည်တွင်းသတင်း