8.17.2008

ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာကျင်းပ








နှစ်စဉ်နှစ်တိုင်းမိုးရာသီဝါခေါင်လတွင်ကျင်းပလေ့ရှိသောကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာပွဲကိုမယ်တော်ဘုန်းကြီး
ကျောင်းတွင်၁၆.၈.၂၀၀၈ နေ့ကစည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။
ချည်ဖြူဖွဲ့မင်္ဂလာပွဲသို့ထိုင်းအာဏာပိုင်များ၊ကရင်အမျိုးသားခေါင်းဆောင်များ၊မယ်တော်ဆေးခန်းမှဒေါက်တာ
စင်သီယာမောင်နှင့်တာဝန်ရှိသူများ၊ဆေးခန်းဝန်ထမ်းများ၊C.D.Cကျောင်းအုပ်ကြီးဆရာမန်းရွှေနှင်းနှင့်ဆရာ၊
ဆရာမများ၊ကျောင်းသားကျောင်းသူများ၊မဲဆောက်မြို့အနီးပတ်ဝန်းကျင်ရှိကရင်လူမျိုးများ၊ရွှေ့ပြောင်းအလုပ်
သမားများစည်ကားသိုက်မြိုက်စွာပါဝင်ဆင်နွှဲကြသည်။
ချည်ဖြူဖွဲ့ရာတွင်လင်ဗန်း၊ဗျတ်၊စကောတခုခုပေါ်တွင်ထမင်းခုနှစ်ဆုပ်၊ကောက်ညှင်းဖင်ချွန်ခုနှစ်ထုတ်၊ငှက်ပျော
သီးမှည့်ခုနှစ်လုံး၊နတ်ပန်းညိုခုနှစ်ခက်၊ကြံပိုင်းငယ်ခုနှစ်ပိုင်း၊ရေတဖလားတို့ပါရှိရသည်။
ထိုပစ္စည်းများပေါ်တွင်အရှည်တတောင်ကျော်ခန့်ချည်ဖြူများကိုစီထားသည်။၎င်းပစ္စည်းအမျိုးအမည်များ၏
အဓိပ္ပါယ်များမှာ
၁။ထမင်းဆုတ်ကဲ့သို့စုစည်းစွာဖြင့်အနာဂတ်တိုးတက်ရေးအတွက်လက်တွဲလုပ်ဆောင်ကြပါ။
၂။ကောက်ညှင်းသည်စေးကပ်သည့်အတွက်တော်ရုံနှင့်ခွာ၍မရပေ။ထို့အတူမိမိတို့အတွင်း၍
လည်းစိတ်ဝမ်းကွဲပြားမှုမရှိပါစေနှင့်။စည်းလုံးစွာနေထိုင်ကြပါ။
၃။တဖီးတည်း၊တခိုင်တည်းတွင်စုစည်းညီညာတည်ရှိသောငှက်ပျောသီးကိုဥပမာပြုပြီးတဦးကို
တဦးကစောင့်ရှောက်ကာဥမကွဲသိုက်မပျက်နေကြပါ။
၎။ကြံပင်တို့သည်တဆင့်ပြီးတဆင့်၊တဆစ်ပြီးတဆစ်အထက်သို့တိုးတက်နေသည်ကိုပမာ
ပြုကာမိမိအမျိုးသား တို့၏ရှေ့ဆက်ဘဝတို့စည်ကားရေးကိုကြိုးစားကြပါ။
၅။နတ်ပန်းညို၏အမြစ်တွင်ကျယ်ပြန့်ရှည်လျားစွာထိုးဆင်းပြီးရောက်လေရာအရပ်မှာအပင်
ဆင့်ကဲဆင့်ကဲပေါက်သဖြင့်တော်ရုံနှင့်မသေနိုင်၊အမျိုးမပြုတ်နိုင်၊မျိုးမသုဉ်းနိုင်သကဲ့သို့မိမိတို့၏
အမျိုးဂုဏ်၊ဇာတိဂုဏ်ကိုရောက်သည့်အရပ်မှာမြှင့်တင်နိုင်အောင်ကြိုးစားကြပါ။
၆။ရေသည်အေးမြနေသကဲ့သို့မိမိတို့၏ဘဝခရီးလမ်းကိုကြည်လင်အေးမြအောင်လုပ်
ဆောင်ကြပါ။
၇။ချည်ဖြူကဲ့သို့ဖြူစင်သောစိတ်နှလုံးဖြင့်မိမိလူမျိုးတိုးတက်ရာတိုးတက်ကြောင်း
ကိုဖန်တီးကြပါ။
ချည်ဖြူဖွဲ့မင်္ဂလာပြုခြင်းများကိုမိသားစုပြန်လည်စုစည်းရေး၊အချင်းချင်းချစ်ကြည်သွေးစည်းခိုင်မြဲရေး၊
ညီအကိုမောင်နှမများညီညီညွတ်ညွတ်ဖြင့်တဦးကိုတဦးကူညီထောက်ပံ့ကြပြီးအေးအေးချမ်းချမ်းနေနိုင်
စေရေး၊လူငယ်လူရွယ်များကိုလူကြီးသူမများကဆိုဆုံးမစကားပြောရန်ရှိသည်များကိုဤနေ့ရက်တွင်
ပြောနိုင်စေရေး၊မိစ္ဆာကောင်-အယုတ်တမာကောင်များသွေးခွဲသွေးဆောင်ရာသို့နားမယောင်စေရေး၊
ယဉ်ကျေးမှု၅-မျိုးဖြစ်သောစာပေ၊စကား၊အနုပညာ၊ဝတ်စားဆင်ယင်မှုနှင့်ရိုးရာဓလေ့မပျောက်ကွယ်
စေရေး၊ယဉ်ကျေးမှုမြင့်မားသောလူမျိုး၊လူနေမှုအဆင့်မြင့်မားသောလူမျိုး၊မိမိတို့၏ကိုယ်ပိုင်ယဉ်ကျေး
မှုဓလေ့ထုံးတမ်းများကိုမြတ်နိုးထိန်းသိမ်းတတ်သောအသိပညာ၊အတတ်ပညာ၊မြင့်မားသောလူမျိုးများ
အဖြစ်အစဉ်တည်တံ့စေရေး၊မိမိလူမျိုးများကမ္ဘာတည်သရွေ့ရှည်ကြာရပ်တည်ခိုင်မြဲစေရေး
အတွက်နှစ်စဉ်နှစ်တိုင်းစုပေါင်းကျင်းပကြခြင်းဖြစ်ကြောင်းသိရသည်။
အခမ်းအနားတက်ရောက်လာသူများကိုထမင်းဖြင့်တည်ခင်းဧည့်ခံပြီးC.D.Cကျောင်းသူကျောင်းသား
များ၏ဒုံးယိမ်းအကများတိုင်းရင်းသားရိုးရာအဆိုအကများဖြင့်ဖျော်ဖြေခဲ့ပြီးအခမ်းအနားတက်
ရောက်လာသူများအားလုံးလက်ချည်ပွဲကိုပျော်ရွှင်စွာဆင်နွှဲခဲ့ကြကြောင်းနှင့်ကရင်အမျိုးသား
အစည်းအရုံး(KNU)မှလည်းသဝဏ်လွှာတစောင်ပေးပို့ခဲ့ကြောင်းသိရပါသည်။
Posted by Picasa