3.16.2009

Burma News

Vietnam Protests Philippine Territorial Law

By JIM GOMEZ
Vietnam criticized a new Philippine law which China earlier slammed for laying claim to two strategic South China Sea territories claimed by several Asian countries.

Villages Reluctant to Take in Roadside Refugees

By AUNG THET WINE
Many who were left homeless by Cyclone Nargis still have nothing to return to, and nowhere to go but local villages that don’t really want them.

Norway's Vast Oil Wealth Fund Drops Chinese Firm

By THE ASSOCIATED PRESS
Norway's fund for investing its vast oil wealth has blacklisted China's Dongfeng Motor Group Co. Ltd. for ethical reasons because it sells arms supplies to Burma's military dictatorship.

Obama, Indonesian President Discuss Burma

By LALIT K JHA
The US President discusses the issue of restoration of democracy and protection of human rights in Burma in a telephone call to Indonesian President Susilo Bambang Yudhoyono.

Political Prisoners Doubled in Two Years, Say Activists

By WAI MOE
The number of political prisoners in Burma has almost doubled since July 2007, according to activists who launched a campaign on Friday to press for their release.

We Will Boycott Election: CRPP

By LAWI WENG
A spokesman for the CRPP has said it will not take part in next year’s general election in Burma unless the junta agrees to major political reforms.

Economic crisis hits Burmese migrants

Several Burmese migrant workers in Thailand have been forced to return home, after being laid off by companies that are reeling under the impact of the global financial meltdown. Moe...

Environmentalists demand halt to US $ 35 billion Salween dam

Activists and environmentalists across the globe on Saturday urged Burma’s neighbouring countries to halt dam construction projects as it hurts local residents while providing financial lifeline...

တံတားနီနေ့ နှစ်ဆယ့်တစ်နှစ်ပြည့် အမှတ်တရ

“လင်းအာရုဏ်ဆီသို့”
D-WAVE

သန်းခေါင်ယံကျော် အချိန်မို့ တခါတရံ ဖြတ်သွားသည့်ကားတစင်းတလေ အသံမှအပ တလောကလုံး တိတ်ဆိတ်နေသည်။ ကျွန်တော်သည် ထိုင်နေကျ ဝရံတာငယ်လေးမှာ ထိုင်ရင်း အတွေးများ ပျံ့လွင့်နေမိသည်။ ဤသို့ ကောင်းကင်ကိုငေးရင်း တွေးချင်တာ တွေးနေတတ်သည့် အကျင့်ကို ဘယ်တုန်းက ရခဲ့သည်မသိ။

လွန်ခဲ့သော အနှစ်နှစ်ဆယ်ဝန်းကျင် အကျဉ်းစံခဲ့ရစဉ်က ရခဲ့သည်လား၊ ဖမ်းဆီးခံရမည့် အန္တရာယ်ကို ရှောင်ပုန်းရင်း ခွေးဟောင်သံ၊ ကားသံကြားတိုင်း အိပ်မရတဲ့ အတူတူ မှောင်ထဲမှာ ငေးချင်ရာ ငေးရင်းမှ ရလာသည်လား၊ ငှက်ဖျားနှင့် အဟာရ မပြည့်စုံတဲ့ ဒါဏ်ကို ကြံ့ကြံ့ခံရင်း ဖြတ်ကျော် ခဲ့ရသည့် တောတောင်တွေ ထဲကပဲ ရသည်လား၊ ကျွန်တော် ကိုယ်တိုင် သေချာစွာ မသိတော့ပေမယ့် ထိုသို့ နေရသည်ကို မသိစိတ်က နှစ်ခြိုက်နေမိသလိုပင်။

လမ်းမီးရောင် တချို့ ကွက်တိ ကွက်ကျားလင်းနေသည်။ ကောင်းကင်ပြင်မှာတော့ ပိန်းပိတ် အောင် မှောင်လွန်း လှသည်။ ဒီလိုအမှောင် ညတွေ ဘယ်ကာလမှ ဆုံးလေမယ် မသိ။ အဝေး ဆီမှ ပျံ့လွင့်လာသော အသံတချို့ကို တီးတိုး ကြားနေရသည်။ ငိုညည်းသံများ လိုလို၊ ကြွေးကြော် အော်ဟစ်သံများ လိုလို၊ ဝေးရာမှ နီးလာပြီး အသံ များက သဲကွဲ ကျယ်လောင် လာသည်။

“ဒါမတရားဘူး ဟေ့၊ ငါတို့တွေ အိမ်ပြန်မယ် လမ်းဖွင့်ပေး ”

(အချိန်က ၁၉၈၈ခုနှစ် မတ်လ(၁၆)ရက်၊ နေရာက အင်းယား ကန်ဘောင်ဘေး မရောက်တ ရောက် အင်းယား လမ်းမပေါ်)

ကျွန်တော်တို့ ရှေ့တည့်တည့်မှာ ပိတ်ဆို့ထားသည်က သံဆူးကြိုးများ၊ ဘရင်း ကယ်ရီယာခေါ် စက်သေနတ် တင်ကားများ၊ ပြီးတော့ သွေးဆာနေသော မျက်နှာထားနှင့် ဒိုင်း၊ တုတ်များ ကိုင်ဆောင်ထားသည့် လုံထိန်း များ။

ထိုနေ့ကသာ ကျောင်းမတက်ဖြစ်လျှင် ကျွန်တော့်ဘဝက ဘယ်လိုတဆစ်ချိုး လေမည် မသိ။ ကျွန်တော့် မိဘများက လခသိပ်မများသည့် အစိုးရဝန်ထမ်းတွေ၊ ကျွန်တော်တို့မှာ ငွေကြေး မချမ်းသာ၊ မိဘများက ချွေတာ ထိန်းသိမ်းသဖြင့် သင့်တင့်စွာ ကျောင်းတက်နိုင်သည့် အခြေအနေသာ ရှိသည်။

ထိုခေတ်က အမြင့်ဆုံး မျှော်မှန်းသည့် သင်္ဘောသား ဖြစ်ရန်ဆိုသည့် လမ်းကြောင်းကို မမျှော်မှန်းနိုင်၊ အမှတ်အနည်း ငယ်ကောင်း၍ သိပ္ပံလိုင်းရသဖြင့် ရေကြောင်း အင်ဂျင်နီယာခေါ် MOTဖြေဆိုနိုင်သည့် အခွင့် အရေးတော့ ရှိသည်။ ဒါလဲ သိပ်လွယ်သည် တော့မဟုတ်။ ထိုအချိန်က အလွယ်ဆုံး အရာရှိဖြစ်နိုင်သော ဗိုလ်သင်တန်း ဖြေဆိုရန် ကျွန်တော် ရည်မှန်းထားသည်။

ကျောင်းသားများ ရုတ်ရုတ်သဲသဲ ဖြစ်နေတာ လွန်ခဲ့သော လအနည်းငယ်က စခဲ့သည်။ ၇၅ ကျပ်တန်၊ ၂၅ကျပ် တန်များ ဖျက်သိမ်းခဲ့စဉ် ကတည်းက တကြိမ်၊ ပြီးခဲ့သောရက်က RIT ကျောင်းသားများနှင့် အရပ်သား အချို့ ပြဿနာဖြစ်ရာမှ RIT ကျောင်းဝင်း အတွင်းသို့ စစ်သား များက သေနတ်ဖြင့် ပစ်ခတ်သဖြင့် ကိုဖုန်းမော်နှင့် ကိုစိုးနိုင်ဆိုသူ ကျောင်းသားနှစ်ဦး သေဆုံး သည်ဟု ကြားရသည်။

ထိုနေ့က ကျောင်းသွားရန် ကျွန်တော် တွေဝေနေမိသည်။ ပထမဆုံးနေ့မို့ စာသင်ဦးမှာ မဟုတ်ဟု ထင်သည်။ သို့သော် သူငယ်ချင်းများနှင့် တွေ့ချင်သည်။ ကျွန်တော် RC2ကို ရောက်တော့ ကျောင်းသားများစွာမရှိ၊ ရှိသူ များကလည်း အုပ်စုကိုယ်စီဖွဲ့၍ ကြိတ်တိုင်ပင် နေကြပုံမျိုး၊ အခြေအနေ တိတ်ဆိတ်နေပုံက ခြောက်ခြားစရာ၊ သူငယ်ချင်းများနှင့် အဆောင် ကင်တင်းတွင် လက်ဖက်ရည် သောက်နေစဉ် မိန်းထဲတွင် ကျောင်းသားများ ဆန္ဒပြ နေကြသည်ဟု ကြားသည်။ လက်ဖက်ရည်ဆိုင်မှ ကျွန်တော်တို့ ပြန်လာချိန် ကျောင်းမှ ဆရာများက အိမ်ပြန်ရန် လိုက်ပြောနေသည်။

အိမ်ပြန်ရန် ကျောင်းရှေ့သို့ ထွက်လာစဉ် လိုင်းကားတစီးမှ မလာတော့။ သမိုင်းလမ်းဆုံမှစ၍ လမ်းပိတ်ထား လိုက်ကြောင်း သိရသည်။ ထို့ကြောင့် ကျွန်တော်တို့ အားလုံး အင်းယား ကန်လမ်းမှ တဆင့် လှည်းတန်းသို့ လမ်းလျှောက် သွားပြီးမှ ပြန်ရုံသာ ရှိတော့သည်။ ကျောင်းသားအားလုံး မတိုင်ပင်ပဲ ထိုလမ်းအတိုင်း အစုလိုက် ပြန်လာကြစဉ် ပိတ်ဆို့မှုနှင့် ကြုံရခြင်းဖြစ်သည်။

ခပ်ထက်ထက် ကျောင်းသားများနှင့် ပိတ်ဆို့သူများ ပြဿနာတက်နေစဉ် ကျောင်းမှ ကားတစီးဖြင့် ဌာနမှုး ဦးကောင်းညွန့်နှင့် ဆရာတချို့ ရောက်လာပြီး ဖြေရှင်းပေးနေသည်။ သူတို့ဘာတွေ ပြောဆိုနေသည်ကို မမြင် မကြားနိုင်တော့ပဲ ကျွန်တော့်၏ အာရုံက ပိတ်ဆို့ တားဆီးထား သည်များကို ကျော်၍ ရန်ကုန်တက္ကသိုလ် ပင်မဆီမှ ကျွန်တော်တို့ဘက်သို့ ဦးတည် ချီတက်လာနေသော ကျောင်းသားများဆီ ရောက်သွားသည်။

ထိပ်ဆုံးမှ တလူလူလွှင့်နေသော ခွပ်ဒေါင်း အလံတော်၊ နဖူးစည်း အနီရောင် စည်းထားသော ကျောင်းသားများ၊ အမျိုး အမည် မသိနိုင်သော ပီတိစိတ်နှင့် ကြက်သီးမွှေးညှင်းများ ထလာနေ သည်ကို ကျွန်တော်ခံစား လိုက်မိသည်။ ကျွန်တော့်ဘဝတွင် ဒါပထမဆုံး မြင်ဘူးသော မြင်ကွင်း။

“တို့ကျောင်းသားတွေ ချီတက်လာတယ်။ တို့ကျောင်းသားတွေ ဆန္ဒပြနေတယ်။”

ကျွန်တော့် ရင်ထဲတွင် ထိုစကားသံများသာ ပဲ့တင်ထပ်နေသည်။ ကြွေးကြော်သံ များက ပိုမို ကျယ်လောင် လာသည်။ အင်းယားကန်ဘောင်ဘေး တံတားဖြူအလွန် ကျွန်တော်တို့ တဖက်ခြမ်းရှိ ပိတ်ဆို့ တားဆီးသည့် နေရာတွင် ရပ်တန့် သွားပြီးနောက် ကမ္ဘာမကြေ သီချင်းကို သံပြိုင် သီဆိုနေကြသည်။

“ဒါတို့ကျောင်းသား၊ ဒါတို့သွေးသား၊” ဆိုသည့် အသိက ကျွန်တော့် သွေးများကို ပူနွေး လှည့်ပတ် လာစေသည်။ ကျွန်တော် ကမ္ဘာမကြေ သီချင်းကို လိုက်ဆိုနေ မိပါပြီကော။ ကျွန်တော်သာမက အားလုံး လိုက်ဆိုနေကြပါပြီ။ သံဆူးကြိုးများ၊ ဘရင်းကယ်ရီယာများ၊ လက်နက်ကိုင်တပ်များက ကျွန်တော်တို့၏ ကျောင်းသားဆိုသည့် သွေးစည်းမှုကို မတားဆီး နိုင်ပါတော့ပြီ။

“ဝေါ…..ဝေါ………ဝေါ…….”

မထင်မှတ်သည့် အခိုက်အတန့်တွင် မိုးပြိုသလို ပြင်းထန်သည့် အသံများနှင့်အတူ နောက်မှ ကားနှင့် ဝင်တိုက်ပြီး ကားပေါ်မှ ခုန်ဆင်းလာသော လုံထိန်းများက အတင်း ဝင်ရိုက်သည်ကို ကျွန်တော် တွေ့လိုက်ရသည်။ မျှော်လင့် မထားသော၊ ပြင်ဆင်မထားသော ကျောင်းသား ကျောင်းသူများမှာ အလစ်အငိုက်တွင် အကြမ်းဖက် ဝင်ရောက် ရိုက်နှက်မှုကြောင့် အတုံးအရုံး လဲပြို ကျခဲ့ရ ပါ တော့သည်။

ကျွန်တော် မြင်နေရသည့် မြင်ကွင်းကို မယုံနိုင်အောင် ဖြစ်နေသည်။ တိုင်းပြည်ရန်စွယ်ကို ကာကွယ် နေကြသူ များဟု ကျွန်တော် ယုံမှတ် ထားသူများက လက်နက်မဲ့ ကျောင်းသားများ၊ တိုင်းပြည်၏ အနာဂတ် အညွန့်အဖူး များကို ရက်စက်စွာ ရိုက်နှက်နေသည်လား။ ကျွန်တော့် အသိအမြင် ကမ္ဘာကြီး ပြောင်းပြန်လန် သွားလေပြီ။

“ဘာတပ်မတော်သားလဲ၊ ဘာလုံထိန်းလဲ” “မတရားတာ မလုပ်ကြနဲ့ကွ လာကြဟေ့ တို့ ကျောင်းသားတွေကို သတ်နေကြပြီ၊ ရပ်ကြည့်မနေနဲ့။” ကျွန်တော့် ခြေလှမ်းများက ကာရံ ထားသောသံဆူးကြိုးများဆီသို့။

မျက်ရည်ယို ဓါတ်ငွေ့များကြားမှ လမ်းတလျှောက်၊ ကန်ဘောင်တလျှောက် ပြေးနေသူများ၊ ခြံစည်းရိုးများကို သွေးရူးသွေးတန်း ကျော်ဖြတ်နေသူများ၊ လမ်းမပေါ်တွင် လဲပြိုနေသူများ၊ သွေးကွက်များ၊ ငိုယို တောင်းပန် သံများ၊ နာကျင်စွာ အော်ဟစ် ငြီးတွားသံများ၊ တုတ်ဖြင့် လိုက်ရိုက်နေသော ငရဲသားများ၊ မြင်သမျှ အရာ အားလုံးက ကျွန်တော့် နှလုံးသားကို ခြေမွနေ ကြလေသည်။

တံတားဖြူသည်ကား ကျောင်းသားတို့၏ သွေးများဖြင့် ချင်းချင်းနီခဲ့လေပြီ။ ရယ်ရွှင် ရီမောသံ တို့ဖြင့်သာ ကြည်မွေ့ ဘွယ်ရာ ရှိသော အင်းယား ကန်ဘောင်သည် ငိုယို ငြီးတွားသံ တို့ဖြင့် ငရဲပြည်တမျှ ဆူပွက်နေပေပြီ။ လေပြည် လှိုင်းကြက်ခွပ်များဖြင့် တင့်မောဘွယ်ရာ ကန်ရေပြင်ကား အသက်ဘေးအတွက် ရုန်းကန်ပြေး နေရသော ကျောင်းသူ ကျောင်းသား များကြောင့် လှိုင်းထန်ခဲ့လေပြီ။

“မလုပ်ကြနဲ့ ၊ မတရားမလုပ်ကြနဲ့ကွ ”

ကျွန်တော်တို့ ဝိုင်းအော်သံများက အရာမရောက်တော့၊ သွေးရူးသွေးတန်းနှင့် သံဆူးကြိုးကို ဆွဲထားသည့် ကျွန်တော့် လက်များက သွေးတို့ တစက်စက်ကျလျှက်၊ ကျွန်တော်တို့ အနောက်ဘက်မှ စတင် ရိုက်သံများ ကြားလာရသည်။

“ပြေးကြဟေ့ … ပြေးကြ ..။” ဘယ်သူမှန်း မသိသူများက ကျွန်တော့်ကို ဝိုင်းဆွဲပြေးကြသည်။

“ငါ ဘာမှ မလုပ်ပေးနိုင်ဘူးကွာ၊ တို့ကျောင်းသားတွေကို မတရားသတ်ကြတာ ”

ဘေးလွတ်ရာ ခြံဝင်းတခုတွင် ထိုင်ရင်း ကျွန်တော့်ဘေးမှ ကျောင်းသားတဦးက ငိုရင်း ပြောသည်။ ကျွန်တော် သူ့ကို ဖက်ထားရင်းမှ လက်သီးကို တင်းကြပ်စွာ ဆုပ်လိုက် မိသည်။

“အကိုတို့ အမတို့ရယ်၊ ခင်ဗျားတို့နဲ့ ကျွန်တော်တို့ တသွေးထဲ တသားထဲပါ။ အဲဒီသွေးကြွေးကို ကျွန်တော်တို့ ဆပ်ပါ့မယ်။” ကျွန်တော့ ရင်ထဲမှ တိတ်ဆိတ်စွာသာ သစ္စာပြုမိပါသည်။ ကျွန်တော့် ဘဝရဲ့ တဆစ်ချိုး (သို့) ကျွန်တော့် အတွက် နေ့သစ်တခု စခဲ့ရပါပြီ။

မဆုံးနိုင်သော တိုက်ပွဲတို့က ဆက်၍ လာလေပြီ။ နောက်တနေ့ မတ်လ ၁၇ရက်နေ့ တွင် ရန်ကုန်တက္ကသိုလ် ထဲတွင် ကျွန်တော်တို့ ဆက်လက် တိုက်ပွဲဝင် ကြသည်။ RCခန်းမ အပေါ် ထပ်တွင် မျက်နှာဖုံး စွပ်၍ ဟောပြော နေကြသော ကျောင်းသား ခေါင်းဆောင်များ အတွက် လုံခြုံရေး တာဝန်ယူရင်း တံတားနီအဖြစ်က ကျွန်တော့် ရင်ထဲမှ မထွက်နိုင်အောင် ရှိနေသည်။

ကျွန်တော်တို့ တောင်းဆိုသံများက ကျောင်းသားအရေးကိစ္စများ၊ ကျောင်းသားသမဂ္ဂ ဖွဲ့စည်းရေး ကိစ္စများ မှသည် နိုင်ငံရေး တောင်းဆိုမှုများ အထိ ကျယ်ပြန့်လာသည်။ ကျောင်းဝင်း ပတ်လည်ကို လုံထိန်းများက ဝိုင်းထား ကြသည်။ ပြင်ပတွင် ချေမှုန်း ခံခဲ့ရသော အတွေ့ အကြုံ ကြောင့် ကျွန်တော်တို့ ကျောင်းဝင်းထဲ တွင်သာ ဆန္ဒပြ ကြသည်။ ကြွေးကြော်သံများ ဟစ်ကြွေးကြသည်။

သို့သော် ညနေပိုင်းတွင်တော့ ဂျက်ဆင်ရှေ့ပေါက်မှ စစ်တပ်နှင့် လုံထိန်းများက ဝင်ရောက် လာပြီး ရိုက်နှက် ဖြိုခွဲတော့သည်။ ကျွန်တော့် သူငယ်ချင်း၏ ဆွေမျိုး ဆရာတဦး အိမ်တွင် ပုန်းခွင့်ရသဖြင့် ကျွန်တော် လွတ်မြောက်ခဲ့ရသည်။ ထိုခြံဝင်းထဲရှိ သစ်ပင်ပေါ်တွင် တက် ပုန်းနေသူ တဦးကို လုံထိန်းများက အောက်ဆင်း ခဲ့ရန် ခေါ်နေသည်။ အောက်အရောက်တွင် “မင်းလားကွ ကျောင်းသား ၊ မင်းလားကွ ပညာတတ်”ဟု ဆိုကာ ဝိုင်းရိုက်နေသော အသံများက ကျွန်တော်တို့ ရင်ကို ဓါးထက်ထက်နဲ့ ထိုးခွဲနေသလို၊ တခုခု ထွက်မလုပ်ရန် ဝိုင်းဆွဲနေကြသော ဆရာ၏ မိသားစုများကြောင့် ကျွန်တော်တို့ မလှုပ်သာကြ။

ထိုအခိုက်တွင် ညီညာ ကျယ်လောင်သော ကမ္ဘာမကြေ သီချင်းသံက ကျွန်တော်တို့ နားထဲ ဝင်လာသည်။ ဓမ္မာရုံ ထဲမှာ ဖမ်းထားသော ကျောင်းသားတွေ အချုပ်ကားတွေထဲက ဆိုနေတာ ဖြစ်သည်။ ကျွန်တော်တို့လဲ အသံ မထွက်ပဲ နှလုံးသားနှင့်အတူ လိုက်ဆိုနေမိသည်။ ကျလာသော မျက်ရည်တို့ကို မသုတ်မိတော့။

“တို့ ဒီပွဲကို ဆက်တိုက်ကြမယ်”

ကျောင်းဝင်းအပြင်ဘက် အရောက်တွင် ကျွန်တော်တို့အားလုံး သဘောတူ ကြသည်။ အင်းစိန်သို့ ကျွန်တော်တို့ ပြန်၍ ညနေက အဖြစ်အပျက်နှင့် ကျောင်းသားများကို အချုပ်ကားဖြင့် တင် လာမည့်အကြောင်း သတင်း ဖြန့်ကြသည်။ အထူးသဖြင့် မီးရထား တံခါး ပိတ်ချိန်နှင့် ကြုံ ကြိုက်ပါက တခုခု လုပ်ပေးနိုင်အောင် စောင့်ကြသည်။ ကျွန်တော်တို့ မျှော်လင့််ထားသလို ရထားတံခါး ပိတ်ချိန်တွင် အချုပ်ကားများ ပိတ်မိနေသည်။ လမ်းဘေးမှ လူများက စားစရာ၊ ဆေးလိပ်၊ ပိုက်ဆံစသည်ဖြင့် တတ်နိုင်သမျှ ပေးကမ်းကြသည်။ ကားပေါ်မှ ပစ်ချ ပေးသော စာကလေးများကို ဖတ်၍ ငိုကြသူများက မရှား။

ထိုအရှိန်ဖြင့် ကျွန်တော်တို့ ဆက်လက် တိုက်ပွဲ ဝင်ကြသည်။ အင်းစိန်တမြို့လုံး စစ်သားများ လုံထိန်းများ၊ ရဲများဖြင့် နေရာအနှံ့ဖြစ်နေသော ဆန္ဒပြမှုများကို ဖြိုခွဲကြသည်။ ည၈နာရီခန့် တွင် ကျွန်တော်တို့အဖွဲ့ အင်းစိန် ဘူတာရုံထဲတွင် ပိတ်မိသွားသည်။ ထိုနေ့က ဝမ်းနည်းခြင်း အထိမ်း အမှတ်အဖြစ် အနက်ရောင် ဝတ်ထား သော ကျွန်တော်တို့ကို လုံထိန်းများက လွယ်ကူစွာ ခွဲထုတ် ဖမ်းဆီးသွားခဲ့ ကြသည်။

“ဩော်…..ဘဝတွင် အိမ်မက်ပင် မမက်ခဲ့ဘူးသော ထောင်ဆိုသည့် အရသာကို မြည်းစမ်း ရပေ ဦးတော့မည်။”

ကျွန်တော် အထက်တွင် ဆိုခဲ့သလို ကျွန်တော့်တွင် နိုင်ငံရေး အသိုင်းအဝိုင်း၊မျိုးရိုးမရှိခဲ့။ သို့သော် မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ အမည်ခံထားသည့် စစ်အုပ်စုက တချိန်လုံးလိမ်ညာ ဝါဒဖြန့် ဟန်ဆောင်ထားသည့် မင်းသားခေါင်းကို ဖြုတ်၍ စစ်အာဏာရှင် ဘီလူးရုပ်ကို ထင်ထင် ရှားရှား ထုတ်ပြသည်ကို ကျွန်တော် မျက်ဝါး ထင်ထင် မြင်တွေ့ခဲ့ရသည်။ ထောင်ထဲ တွင် ရှိနေစဉ် ကျွန်တော်ကိုယ်တိုင် တွေ့ကြုံခံစားခဲ့ရသည်။ ထောင်မှ ပြန်ထွက်လာပြီး နောက်ပိုင်းတွင် သိလိုသည့် အချက်အလက်များ၊ မရှင်းလင်းသည်များကို စာအုပ်များမှ ရှာဖွေ ရသည်။ အတွေ့အကြုံ ရင့်ကျက်သူ များထံမှ မေးမြန်းရသည်။ ကျွန်တော့်ကို မည်သူမှ မရပ်တန့် နိုင်တော့။

ဩဂုတ်လတွင် ကျွန်တော်တို့၏ တိုက်ပွဲများ အမြင့်ဆုံးဖြစ်လာသည်။ မတ်၁၆ ရက်နေ့ တုန်း ကထက် ဆိုးသော သေကြေပျက်စီးမှုများ၊ ထိခိုက် ပျက်စီးမှုများ ပိုများ လာခဲ့လေသည်။ ထို့အတူ ကျွန်တော့် နှလုံးသားသည်လည်း ဒါဏ်ရာများစွာဖြင့် ရင့်ကျက်လာခဲ့သည်။ သွေးကြွေး ပေးဆပ်ရန် တာဝန်တွေလဲ ပိုများ လာခဲ့တော့သည်။

စက်တင်ဘာလ စစ်တပ်မှ အာဏာသိမ်းပြီးနောက် ပါတီဖွဲ့ကာ နိုင်ငံရေး လုပ်ငန်းများ လုပ်ဆောင် လာရသည့် အခါ ကျွန်တော့်အတွက် အတွေ့အကြုံများစွာ ရခဲ့သည်။ ထိုအခြေအနေ များက ကျွန်တော့်ကို ပိုမို ရင့်ကျက်လာစေသည်ဟု ထင်သည်။ ထိုမှ တဖန် ပိုမို ပြင်းထန်သော ယုံကြည်ချက်များနှင့် အတူ လွတ်မြောက်နယ်မြေသို့ ကျွန်တော် ရောက် ရှိခဲ့သည်။ ခက်ခဲကြမ်းတမ်းမှုများ၊ ရောဂါဘယများ၊ ငတ်မွတ် ခေါင်းပါးမှုများ၊ များစွာသော အရာ အားလုံးကို ကျွန်တော် ရဲဝံ့စွာ ဖြတ်သန်းခဲ့သည်ဟု မဆိုရဲပါ။

အချိန်ကာလ၊ အတွေ့အကြုံနှင့် တိုက်ပွဲတို့သည် လူသားတို့၏ တွေးခေါ်မျှော်မြင်မှုနှင့် အရည်အချင်း များကို ပိုမို တောက်ပြောင် လာစေသည်ဟု ဆိုသည်။ ကျွန်တော့် ကတော့ ထိုသို့ အတိ အကျ မဆိုချင်ပေ။ ထိုအရာများသည် တခါတရံ ပုံပြောင်းပေးနိုင်သော စက်ယန္တရားကြီး တခု အလား၊ တဖက်မှဝင်သွားကြစဉ်က အသွေးတူ၊ အရောင်တူ၊ ဖြူစင်မှုများ၊ စွန့်လွှတ် ပေးဆပ်မှု များနှင့်။ ပြန်ထွက်လာကြသည့် အခါ မယုံကြည်နိုင် လောက်အောင် ကွဲပြားခြားနားမှု များစွာဖြင့်၊ တချို့က ပိုမို တောက်ပြောင်လာသည်။ တချို့က မယုံကြည် နိုင်လောက်အောင် ပြောင်းလဲ ကုန်ကြသည်။

ဘာလိုလိုနှင့် ထိုယန္တရားကြီး မောင်းနှင်လာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ ကျွန်တော် တို့၏ ဒီမိုကရေစီ တိုက်ပွဲကာလသည် အနှစ်နှစ်ဆယ်ကျော် ရှိခဲ့ပြီ။ ယခု အခြေအနေတွင် သူများတွေ အကြောင်း အထူးအထွေ ကျွန်တော် မပြောလိုတော့၊ ထိုသို့ဆိုလျှင် ကျွန်တော် ကရော……..။

ကျွန်တော့်အား ယနေ့ထိတိုင် ခြောက်လှန့်နေသည့် ခြောက်အိမ်မက် တခုရှိသည်။ ထိုအရာကား မတ်လ ၁၆ရက်နေ့ မြင်ကွင်းပင်။ ထိုနေ့က သူတို့ကျခဲ့သော သွေးများနှင့် ကျွန်တော့်လက်မှ ကျခဲ့သော သွေးတို့သည် သံဆူးကြိုး ခြားထား၍ တနေရာစီ ဖြစ်သော်လည်း တသွေးထဲ တသားထဲဟု ကျွန်တော်ခံယူသည်။ သူတို့ သွေးသည် ကျွန်တော့်သွေးပင်၊ သူတို့ သွေးကြွေးသည် ကျွန်တော့် သွေးကြွေးပင်။

တခါတရံ ကျွန်တော် တွေဝေနေမိသည်။ ထိုသွေးကြွေးက ကျွန်တော့်ကို တွေဝေခွင့်မပေး၊ တခါတရံ စိတ်ပျက်စွာ ဘေးထွက်နေ ချင်မိသည်။ ကျွန်တော့်ကို ဘေးထွက်ခွင့်မပေး။ အများ သူငါလို အခွင့်အရေး ရယူချင် မိသည်။ ထိုအခွင့်အရေးသည် သွေးတို့ဖြင့်နီစွေးသည်။ သွေးညှီ နံ့ တို့ဖြင့် ထောင်းထောင်းထနေသည်။ ကျွန်တော် လက်လှမ်းရန်ကိုပင် မဝံ့။

သွေးကြွေးကို သွေးဖြင့်ဆပ်ရမည်ဟု ယခု အသက်အရွယ် အတွေ့အကြုံအရ ကျွန်တော် မဆို ချင်တော့။ သို့သော် ကျွန်တော် တွေ့ကြုံခဲ့ရသော စစ်အာဏာရှင် စနစ်ဆိုး အောက်မှ အဖြစ်ဆိုးမျိုး တွေကို နောက်မျိုးဆက် ကျောင်းသားတွေ၊ မြန်မာပြည်သူ လူထုတွေ မခံစား ကြရ စေလိုတော့။

ဒီမိုကရေစီထွန်းကားသော နိုင်ငံများ၏ အခြေအနေ အဆင့်အတန်းကို ကိုယ်တိုင် တွေ့ရမှ ကျွန်တော်တို့ တောင်းဆိုခဲ့သည့် ဒီမိုကရေစီ၏ တန်ဘိုးကို ပိုမိုသိလာရသည်။ ထို နိုင်ငံသားတွေ လူပီသစွာ နေနိုင်ခွင့်ကို မြင်ရမှ လူ့အခွင့်အရေး၏ နက်နဲသော တာဝန်ခံမှုကို ပိုနားလည် လာရသည်။ ကျွန်တော်ကိုယ်တိုင် တစိတ်တပိုင်းမျှ လွတ်မြောက် နေရစဉ်မှ အာဏာရှင် စစ်ဖိနပ်အောက်တွင် ပြားပြား မှောက်နေရသည့် ပြည်သူတို့၏ ဘဝကို ပို၍ စာနာရသည်။ သူတို့ မလွတ်မြောက်သေးလျှင် ကျွန်တော့် သွေးကြွေးတာဝန် မကျေ (တနည်း) ကျွန်တော် ထိုခြောက်အိမ်မက်မှ လွတ်မြောက်ခွင့် ရမည်မဟုတ်။

အချိန် မည်မျှကြာအောင် ကျွန်တော်တွေးနေမိသည် မသိ။ အရှေ့ဘက် အဝေး မိုးကုတ် စက်ဝိုင်းဆီမှ အာရုဏ်ဦး၏ ရောင်နီ ခပ်ပျပျကို မြင်တွေ့နေရပေသည်။ မှန်ပါသည်။

“မည်မျှ မှောင်သော ညပင် ဖြစ်ပါစေ ညပြီးလျှင်နေ့ ဖြစ်ရပါမည်။ အမှောင်ပြီးလျှင် အလင်းရောက် ရမည်။ ဒါက လောကသစ္စာတရားပင်။”

သို့သော် မြန်မာပြည်လူထုအတွက် အမှောင်ကတော့ ကြာရှည် လွန်းလှသည်ဟု ကျွန်တော် ထင်သည်။ ထိုအမှောင်ထု အောက်မှ ငိုငြီးသံများ၊ ရင်နင့်ဘွယ်ရာ ဘဝများ၊ ခါးသီး နာကျည်း ဖွယ်ရာများ၊ အနိဌာရုံများကို ကျွန်တော် မြင်နေရသည်။ ရောင်နီလာချိန်အထိ ကျွန်တော်တို့ ထိုင်စောင့်နေကြရန် မသင့်။

သဘာဝ နိယာမအရ ကမ္ဘာတဖက်ခြမ်းတွင် “ည” ဖြစ်နေစဉ် တခြား ကမ္ဘာတဖက်ခြမ်းသည် “နေ့ ” ဖြစ်နေသည်။ ဟိုးအရှေ့ဘက်ဆီတွင် ရောင်နီရှိသည်။ အရှေ့အရပ်ဆီသို့ သေချာစွာ ဦးတည်၍ ကျွန်တော်တို့ ခရီးနှင်ခဲ့လျှင် ထိုရှည်လျားသော ညတာကို ချုံ့နိုင်လိမ့်မည်။ သို့သော် အနောက်ဖက်ကိုသာ လျှောက်မိလျှင်မူ ထိုနိယာမအရ မဆုံးနိုင်သော အမှောင်ခရီးရှည်ကြီး ဖြစ်နေပေလိမ့်မည်။

မည်သို့ပင်ဖြစ်စေ ကျွန်တော်တို့ ခရီးဆက်ရပေမည်။ အချို့က အလင်းရောင် လာသည်အထိ ထိုင်စောင့်နေကြ စေကာမူ လင်းအာရုဏ်ဦးဆီသို့ ဦးတည်၍ ကျွန်တော်တို့ မဖြစ်မနေ ခရီးနှင်ရ ပေဦးမည်။

မြန်မာပြည်၏ အမှောင်ညတာတွေ ဆုံးပါစေတော့။

(ဒီမိုကရေစီ တိုက်ပွဲကာလအတွင်း ကျဆုံးခဲ့ရသော ရဲဘော်များနှင့် ဆက်လက်တိုက်ပွဲဝင်နေသူ အားလုံးကို ဦးညွှတ်လျှက်)

D-wave