9.11.2008

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအင်းဂရစ် ဘတ်တန်ကုတ် ပြောဆို


ဘီတန်ကုတ် နဲ့ ဘန်ကီမွန်း ကုလသမဂ္ဂရုံးချုပ်တွင် သတင်းစာရှင်းလင်းပွဲ  ပြုလုပ်စဉ်၊အင်္ဂါ စက်တင်ဘာ ၂၀၀၈။ (အေပီ)
ဘတ်တန်ကုတ် နဲ့ ဘန်ကီမွန်း ကုလသမဂ္ဂရုံးချုပ်တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်စဉ်
အင်္ဂါ စက်တင်ဘာ ၂၀၀၈။ (အေပီ)

ရန်ကုန်မြို့ နေအိမ်မှာ အကျယ်ချုပ် ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ဒီထက်ပို ကြိုးပမ်း လုပ်ဆောင်ဖို့ လိုနေသေးကြောင်း တချိန်က ကိုယ်တိုင် ကိုလံဘီယာက သူပုန်များ၏လက်တွင် (၆) နှစ်ကြာ အကျဉ်းသား အဖြစ်နဲ့ နေထိုင်ခဲ့ရသူ မစ္စ အင်းဂရစ် ဘတ်တန်ကုတ် (Ingrid Betancourt) က ပြောဆို လိုက်ပါသည်။ နယူးယောက်ခ် ကုလသမဂ္ဂ ဌာနချုပ်ရုံးတွင် အင်္ဂါနေ့က ပြုလုပ်သောအကြမ်းဖက်ဝါဒ၏ သားကောင် ဖြစ်ကြရသူများ အတွက် ကမ္ဘာနဲ့အ၀န်း ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးသည့် အခမ်းအနားတွင် အတွင်းရေးမှူးချုပ် ဘန် ကီမွန်း နဲ့ အတူ တက်ရောက်စဉ် ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် အလေးထား ပြောဆို သွားခြင်းဖြစ်သည်။

“အထူးသဖြင့် ကျမ ဒီအချိန်အခိုက်အတန့်မှာ ဒေါ်အောင်ဆန်းစုကြည် ကို အမှတ်ရမိနေပါတယ်။ သူဟာ မကြာခင်ကစလို့ စတင် အစာငတ်ခံ ဆန္ဒပြနေပါတယ်။ သူ့အတွက် သေခြင်းတရားဟာလည်း အမြဲလို ရှိနေတာပါ။ ကျမတို့ အနေနဲ့ သူ့အတွက် အမြန်ဆုံး အဖြေရှာရပါမယ်။ အရေးတကြီး လုပ်ကိုင် ဆောင်ရွက်ရပါမယ်။”


“ဒေါ်အောင်ဆန်းစုကြည် ဟာ ကျမ အကျဉ်းကျခံခဲ့ရသလို ထောင်ကျနေတာပါ၊ အခုဆိုရင်လည်း အစာငတ်ခံ ဆန္ဒပြတာကို စတင်လိုက်ပါပြီ။ ကျမတို့အားလုံး သူ့အတွက် စိုးရိမ်ပူပန်မိပါတယ်။ ကျမတို့ သူ့ကို တွေ့ဖို့၊ စကားပြောဆိုနိုင်ဖို့ လိုပါတယ်။ ကျမတို့ သူ့ကို အားပေးထောက်ခံမှုရှိနေတယ်၊ တသွေးတည်း တသားတည်း ရှိနေပါတယ် ဆိုတဲ့ သတင်းစကားကို မှာကြားနိုင်ဖို့လည်း လိုပါတယ်။ ဒါတွေအားလုံးထက် အရေးကြီးတာကတော့ ကျမတို့ သူ့ကို မေ့လျော့မထားဘူး ဆိုတာ သူသိအောင် လုပ်ဖို့ပဲ ဖြစ်ပါတယ်။”

ပြင်သစ်-ကိုလံဘီယာ နှစ်နိုင်ငံသူ မစ္စ ဘတ်တန်ကုတ် သည် ကိုလံဘီယာ ရဲ့ သမ္မတအဖြစ် ရွေးချယ်ရန် ကြိုးပမ်းနေစဉ် ၂၀၀၂ ခုနှစ်တွင် ကိုလံဘီယာနိုင်ငံ၏ လက်ဝဲ၀ါဒီ FARC သူပုန်များ၏ ပြန်ပေးဆွဲ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး ယခုနှစ် ဇူလိုင်လထဲတွင်မှ ပြန်လည် လွတ်မြောက်လာသူဖြစ်သည်။ အထက်လွှတ်တော် အမတ်ဟောင်းလည်းဖြစ် သလိုအဂတိလိုက်စားမှုများကို ဆန့်ကျင် လှုပ်ရှားသူလည်းဖြစ်သည်။မစ္စ ဘတ်တန်ကုတ် က ဒေါ်အောင်ဆန်းစုကြည် အတွက် သူ့အနေနဲ့ ကြိုးပမ်းဆောင်ရွက် သွားဦးမည်ဟု ကုလသမဂ္ဂ ဌာနချုပ်ရုံးမှာ ရောက်နေစဉ် သတင်းထောက်များကို ပြောခဲ့ပါသည်။

“သူလွတ်မြောက်လာမယ့် အချိန်ကာလ ရောက်တဲ့အထိ ကို ကျမတို့ ဒီထက်ပို လုပ်နိုင်တာတွေ ရှိပါတယ်။ သူ ပြန်လွတ် မလာသေးပဲ ရှိနေတာဟာ ကျမတို့ လုပ်ဆောင်သင့်သလောက် မလုပ်ကြသေးလို့ပဲ ဖြစ်ပါတယ်။ ကျမတို့သာ လိုအပ် သလောက် လုပ်ခဲ့ကြမယ်ဆိုရင် သူအခုဆို ပြန်လွတ်နေလောက်ပါပြီ။”ဟုပြောဆိုသွားခဲ့ပါသည်။


စစ်အစိုးရ ကိုယ်စားပြုမှု ကန့်ကွက်လွှာ အထွေထွေ ညီလာခံ ဆုံးဖြတ်မည်

ကုလသမဂ္ဂမှာ မြန်မာစစ်အစိုးရရဲ့ ကိုယ်စားပြုမှုအပေါ် ကန့်ကွက်လွှာ တင်သွင်းထားခြင်းနှင့်ပတ်သက်ပြီး မကြာခင် ကျင်းပမည့် ၆၃ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကနေ ကိုင်တွယ်ရမည်ဖြစ်ကြောင်း ကုလသမဂ္ဂဘက်က မနေ့က
ထုတ်ဖေါ်ပြောဆိုခဲ့ကြောင်းသိရပါသည်။

မနေ့က ကျင်းပခဲ့သောကုလသမဂ္ဂ ပုံမှန် သတင်းစာ ရှင်းလင်းပွဲအတွင်း သတင်းထောက်များက မေးကြသည်ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး မီရှဲလ် မွန်းတာ့စ်ကအောက်ပါအတိုင်း ဖြေကြားခဲ့ပါသည်။

“ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အနေနဲ့က ဒီစာကို အထွေထွေညီလာခံရဲ့ အဖွဲ့ဝင်နိုင်ငံတွေဆီ ပေးပို့တာပဲ လုပ်နိုင်ပါတယ်။ ကိုယ်စားပြုမှုအပေါ် ကန့်ကွက်တဲ့ ကိစ္စတွေကို အထွေထွေ ညီလာခံကပဲ ကိုင်တွယ်နိုင်ပါတယ်။ အခုကိစ္စမှာတော့ ၆၄ ကြိမ် မြောက် ညီလာခံကနေ ကိုင်တွယ်ရမှာပါ။ အထွေထွေညီလာခံတိုင်းရဲ့အစမှာ ကိုယ်စားပြုမှု တရားဝင်ခြင်းဆိုင်ရာ ကော်မတီရဲ့ အစည်း အဝေးကို ကျင်းပလေ့ရှိပါတယ်။”

ရွေးကောက်ပွဲကနေ တင်မြှောက်ခံထားရတဲ့ ကိုယ်စားလှယ်တွေက တရားဝင်ကိုယ်စားပြုမှု တောင်းခံတဲ့အပေါ် အတွင်းရေးမှူးချုပ် က မှတ်ချက်တခုခု ပေး-မပေး မေးမြန်းရာတွင် မီရှဲလ် မွန်းတာ့စ်က အတွင်းရေးမှူးချုပ်က
ဘာမှတ်ချက်မှ မပေးတဲ့အကြောင်းနှင့်အထွေထွေညီလာခံကပင်ကိုင်တွယ်သွားမည်ဖြစ်ကြောင်း
ဖြေခဲ့ကြားခဲ့ပါသည်။

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် အီဗရာဟင်မ် ဂမ်ဘာရီက သူ့ရဲ့ မြန်မာနိုင်ငံ နောက်ဆုံး ခရီးစဉ်နဲ့ ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီကို ယနေ့အစီရင်ခံဖို့ရှိကြောင်းသိရပါသည်။ ထိုအစီရင်ခံစာတင်ပြပြီးလျှင်သတင်းထောက်များနှင့်တွေ့ဆုံရှင်းလင်းမည်ဖြစ်ကြောင်းလည်း မီရှဲလ် မွန်းတာ့စ်က ပြောပြသွားခဲ့ပါသည်။

မနီလာသိန်းအဖမ်းခံရ

လွန်ခဲ့သည့်နှစ်ကတည်းက စစ်အစိုးရ၏ မတရားလိုက်လံဖမ်းဆီးမှုကြောင့် ရှောင်တိမ်းနေရသည့်၈၈မျိုးဆက်ကျောင်းသူ မနီလာသိန်းကို ယမန်နေ့ ညနေပိုင်းက မြောက်ဥက္ကလာပရှိ ၈၈မျိုး ဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်သူ ကိုပဏ္ဍိတ်ထွန်းနေအိမ်မှအပြန် အာဏာပိုင်များ က ဖမ်းဆီးသွားသည်ဟု၈၈ မျိုးဆက်ကျောင်းသားများနှင့်နီးစပ်သူ မျက်မြင်သက်သေတဦးက ပြောသည်။ မနီလာသိန်းသည် ယမန်နှစ်ကတည်းက အာဏာပိုင်များက ဖမ်းဆီးရန် လိုက်လံရှာဖွေနေသဖြင့် တိမ်းရှောင်နေရသူဖြစ်သည်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီး၏ ညီဖြစ်သူ ကိုအောင်ထွန်းက “မနီလာသိန်း အဖမ်းခံရတယ် ကြားတယ်။ သူနဲ့နီးစပ်တဲ့လူတယောက်က ပြောတာ” ဟု ပြောသည်။

မနီလာသိန်း၏ လုပ်ဖော်ကိုင်ဖက်တဦးကလည်း ယမန်နေ့ညနေကတည်းက မနီလာသိန်း၏ လက်ကိုင်ဖုန်းကို ခေါ်သည့်အခါ ဌာနကပိတ်ထားသည်ဟုသာ ဖြေကြားသဖြင့် အဖမ်းခံရသည်ဟု ယူဆရကြောင်း ပြောသည်။

ရန်ကုန်မြို့ရှိ အန်အယ်လ်ဒီ လူငယ်တဦးကလည်း ယမန်နေ့ညပိုင်းက မနီလာသိန်းပုန်းခိုသည့်နေရာမှ တခြားနေရာတခုသို့ ပြောင်းရွှေ့စဉ် အဖမ်းခံရသည်ဟု ကြားသိရကြောင်း ပြောသည်။

မနီလာသိန်း၏ ခင်ပွန်းဖြစ်သူ ကိုဂျင်မီ (ခ) ကိုကျော်မင်းယုသည်လည်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တဦးဖြစ်ပြီး လွန်ခဲ့သည့်နှစ် သြဂုတ်လကတည်းက တခြားကျောင်းသားခေါင်းဆောင်များနှင့်အတူ အဖမ်းခံခဲ့ရသည်။ ၎င်းတို့အား ရန်ကုန်မြို့ရှိ အင်းစိန်ထောင်တွင် တနှစ်ကျော်ကြာထိန်းသိမ်းထားခဲ့ပြီး မကြားသေးမီကစတင်၍ ရုံးထုတ်စစ်ဆေးမှုများကို ပြုလုပ်ခဲ့သည်။

မနီလာသိန်းသည် ၈၈ မျိုးဆက်ကျောင်းသူ မမီးမီး၊ အန်အယ်လ်ဒီပါတီဝင်များဖြစ်ကြသည့် မစုစုနွေး၊ မဖြူဖြူသင်းတို့နှင့်အတူ ၂၀၀၇ ခုနှစ် သြဂုတ်လ အတွင်း ရန်ကုန်တွင် ပြုလုပ်သည့် ကုန်ဈေးနှုန်းနှင့် လောင်စာဆီဈေးနှုန်းကျဆင်းရေး လမ်းလျှောက်ဆန္ဒထုတ်ဖော်ပွဲများကို ဦးဆောင်ခဲ့သဖြင့် စစ်အစိုးရ၏ လိုက်လံဖမ်းဆီးမှုမှ ရှောင်တိမ်းနေရင်း နိုင်ငံရေးလှုပ်ရှားမှုများကို ဆက်လက် လုပ်ဆောင်ခဲ့သူ ဖြစ်သည်။

လူ့အခွင့်အရေးလုပ်ငန်းများကို စွမ်းစွမ်းတမံဆောင်ရွက်သူများ၊ နိုင်ငံရေး ပဋိပက္ခများတွင် အကြမ်းမဖက်သည့်နည်းဖြင့် တစိုက်မတ်မတ် ရင်ဆိုင်ဖြေရှင်းကြသူများကို ချီးမြှင့်လေ့ရှိသည့် Czech နိုင်ငံ အခြေစိုက် People in Need အဖွဲ့၏ ၂၀၀၇ ခုနှစ်အတွက် Homo Homini ဆုကို မနီလာသိန်း၊ မစုစုနွေးနှင့် မဖြူဖြူသင်းတို့ ၃ ဦးက ပူးတွဲရရှိခဲ့ကြသည်။

မနီလာသိန်းသည့် ၁၉၉၆ ခုနှစ် ကျောင်းသားလှုပ်ရှားမှုတွင် တက်ကြွစွာပါဝင်ခဲ့သောကြောင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံခဲ့ရပြီး ၂၀၀၅ ခုနှစ်တွင် ပြန်လည်လွတ်မြောက်သည်။



မယ်လစခန်းတွင်လူစာရင်းကောက်ယူ

မယ်လဒုက္ခသည်စခန်းတွင် စခန်းကော်မတီအဖွဲ့က တရားမဝင် လာရောက်နေထိုင်သည့် လူသစ်စာရင်းများအား စာရင်းကောက်ယူခဲ့ရာ ဒုက္ခသည် အသိအမှတ်ပြု မှတ်ပုံတင်ပေးမည်ထင်ပြီး မဲဆောက်မှ မယ်လစခန်းသို့ ညတွင်းချင်း အပြေးအလွှား လာရသဖြင့် ငွေကုန်လူပန်းဖြစ်သူများရှိသကဲ့သို့ အချို့လည်း အဖမ်းခံရပြီး မဲဆောက်ပြန်ပို့ခံရသည်ထိ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။

နောက်ဆုံးရရှိသောသတင်းများအရလူရာနှင့်ချီပြီးဖမ်းဆီးခံကြရပြီးအချိုမှာနောက်တနေ့

နံနက်တွင်မြန်မာဘက်ကမ်းသို့ပြန်သွန်ခြင်းခံကြရကြောင်းသိရသည်။

လူသစ်စာရင်းကောက်ခြင်းသည် ဒုက္ခသည် အသိအမှတ်ပြု မှတ်ပုံတင် ပြုလုပ်ပေးရန် စာရင်းကောက်ယူခြင်း မဟုတ် သည့်အတွက် တလွဲတွေးကာ ငွေကုန်လူပန်းမခံသင့်ဟု စခန်းကော်မတီ တာဝန်ရှိသူများကပြောသည်။

လူဦးရေစာရင်း စစ်ဆေးရာတွင် ဒုက္ခသည်စခန်း ကော်မတီတံဆိပ် ပါရှိသည့် အဝါရောင်လက်မှတ်များ ဝေငှခဲ့ရာ လူသစ် များက ယခုဝေငှသည့်လက်မှတ်သည် ဒုက္ခသည်အဖြစ် အသိအမှတ် ပြုခံရရေးအတွက် မှတ်ပုံတင်ခွင့်ရရန် ပဏာမ ထုတ်ပေးသည့် လက်မှတ်ဟု ယူဆကြသောကြောင့် စခန်းတွင်း မလိုလားအပ်သော ပြဿနာများ ရှုပ်ထွေးစေခဲ့သည်ဟု မယ်လစခန်း၏ဒု-ဥက္ကဋ္ဌ စောထွန်းထွန်းက အောက်ပါအတိုင်းပြောကြားသည်။

“အားလုံးကို သိစေချင်ပါတယ်။ မနေ့မနက်က လူသစ်တွေကို ခေါ်စစ်ပြီး အဝါရောင် လက်မှတ်ပေါ်မှာ စခန်း စည်း တံဆိပ်ထု၊ စီနီယာနံပါတ်ထည့်ပြီး ဝေပေးတာက စခန်းကော်မတီအနေနဲ့ လူအင်အားစာရင်း သိချင်လို့ ဆောင်ရွက်တာ ဖြစ်တယ်။ ဒီကိစ္စဟာ လူသစ်တွေကို ဒုက္ခသည်မှတ်ပုံတင် ရိုက်ပေးမယ်ဆိုပြီးတော့ တလွဲတွေးနေကြတယ်။ တချို့ဆို ညတွင်းချင်း ကားငှားပြီးလာတာတို့၊ ခြံစည်းရိုးကျော်ပြီး ခိုးဝင်တာတို့၊ အများကြီးပဲ။ တချို့ဆို ဒီကတ်ပြားကို ဘတ် (၁,၀၀၀-၁,၅၀၀) အထိ ပြန်ရောင်းတာတွေလည်း ကြားသိရတယ်။ အဲဒါကြောင့်မို့ အခြေအနေမှန်ကို အားလုံးကို သိစေ ချင်တယ်” ဟု ပြောသည်။

၎င်းကပင် “ဒီနှစ်နောက်ဆုံး ယူအန်အိတ်ခ်ျစီအာကိုတင်တဲ့ လူသစ်စာရင်းဟာ (၁၃,၀၀၀) ဖြစ်တယ်။ မကြာသေးခင်က စခန်းမှာရှိတဲ့ ရပ်ကွက်မှူးတွေကို စာရင်းပြန်ကောက်ခိုင်းတော့ စခန်းထဲမှာရှိတဲ့ လူသစ်စာရင်းဟာ (၃၀,၀၀၀) လောက် ရှိတယ်။ အဲဒါကို စာရင်းအတိအကျရအောင် မနေ့မနက်က ရှောင်တခင် ထပ်စစ်လိုက်တော့ ဘောလုံးကွင်းထဲမှာ အားလုံး (၂၄,၂၀၀) ဖြစ်သွားတယ်။ လူသစ်မှတ်ပုံတင်တဲ့ကိစ္စကို ၂၀၀၈ နှစ်ကုန်ပိုင်းမှာ လုပ်ဖို့ အစီအစဉ်ရှိပေမယ့် အခုတော့ ယူအန်အိတ်ခ်ျစီအာရဲ့သဘောထားနဲ့ ထိုင်းနိုင်ငံရဲ့ လက်ရှိနိုင်ငံရေးအခြေအနေကြောင့် ဒီနှစ်ထဲမှာတော့ မဖြစ်နိုင်ဘူးလို့ သိရတယ်။ ဒီကိစ္စ ထိုင်းအစိုးရမှာပဲ မူတည်တယ်။ လက်ရှိအခြေအနေအရ ဒီကိစ္စကို ထိုင်းဘက်က အတော်လေး စည်းကမ်းတင်းတင်းကျပ်ကျပ် ကိုင်တွယ်ဖို့ရှိတယ်။ လူသစ်မှတ်ပုံတင် ရိုက်ဖြစ်ခဲ့ရင်လည်း လက်ရှိ လူတွေထဲက သုံးပုံတပုံရဖို့ အကြိတ်အနယ်ပဲ။ လူသစ်တွေကို ဒုက္ခသည်မှတ်ပုံတင် ရိုက်ဖို့ကိစ္စ ထိုင်းအစိုးရက နောက်ဆုံးအဆင့် အတည်ပြုဖို့လိုသေးတယ်” ဟု ပြောသည်။

ယမန်နေ့နံနက်က လူသစ်များ စစ်ဆေးမည့်အစီအစဉ်ကို ၎င်းရက်မတိုင်ခင် မွန်းလွဲ (၃) နာရီအချိန်က အသိပေးခဲ့သော် လည်း မဲဆောက်အပါအဝင် ဒေသတွင်းမှ မြန်မာများ ညတွင်းချင်း လူ (၅,၀၀၀) ခန့် မိမိတို့အစီအစဉ် အဆက်အသွယ် များဖြင့် စခန်းသို့ ရောက်ရှိလာကြသည်။

အဆိုပါလူစာရင်းစစ်ရာတွင် မိမိအမည်ပါရှိရေးအတွက် လူတဦးလျှင် ဘတ် (၂,၀၀၀) ခန့် အကုန်အကျခံ၍ စခန်းသို့ ညတွင်းချင်း ရောက်ရှိရေးအတွက် မဲဆောက်မှ ကားငှားကာ သွားရောက်ခဲ့ကြသည်။ စစ်ဆေးရေးဂိတ်များ ချထားသည့် အတွက် ဒုက္ခသည်စခန်းအထိ သွားရောက်ခွင့်မရှိဘဲ စခန်းအနီးတွင်ဆင်းပြီး တောထဲမှ ဂျောင်တိုးကာ စခန်းအတွင်း ဝင်ရောက်ကြရသည်။

ဒုက္ခသည်စာရင်း ဝင်ခွင့်ရရှိရေးအတွက် စခန်းတွင်း ဝင်ရောက်ရန် ကြိုးပမ်းသူများထဲတွင် ဘုန်းကြီး၊ သီလရှင်နှင့် အလွှာအသီးသီးမှ လူမျိုးပေါင်းစုံပါဝင်သည်။

ဒေသတွင်းရောက် မြန်မာနိုင်ငံသားများသည် ဒုက္ခသည်စခန်းမှတဆင့် တတိယနိုင်ငံတခုခုသို့ ဒုက္ခသည်အဖြစ် အသိ အမှတ်ပြုခံကာ သွားရောက်ခွင့်ရရှိရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် ငွေကုန်ကြေးကျခံကာ ကြိုးပမ်းကြသည်။
မယ်လဒုက္ခသည်စခန်းသည် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့၏ မြောက်ဘက် (၆၄) ကီလိုမီတာ အကွာအဝေးတွင် ရှိပြီး ကရင်ဒုက္ခသည်ကော်မတီ၏ နောက်ဆုံးစာရင်းအရ ဒုက္ခသည် (၄၀,၀၀၀) ခန့် နေထိုင်လျက်ရှိသည်။

WBURF'S STATAMENT


ဖတ်မိသမျှဟာသလေးများ

ဖတ်မိသမျှဟာသလေးများ(ပြည်တွင်းရှိကျောင်းသားတဦးမှပေးပို့ပါသည်။)
(၁)

နေရာ ... စိတ္တဇဆေးရုံ

ဆေးရုံအုပ်.... "မနက်ဖြန်က အရေးကြီးတဲ့နေ့ တစ်နေ့နော်။ ဘာလို့လဲ သိလား? နိုင်ငံတော် အကြီးအကဲ လာစစ်ဆေးလိမ့်မယ်။ လာစစ်ဆေးပြီး ငါက "အဟမ်း" လို့ ချောင်းဟန့်လိုက်ရင် မင်းတို့အားလုံး လက်ခုပ်တီးရမယ် ကြားလား.. လက်ခုပ်တီးတဲ့လူကို အသားဟင်းကျွေးမယ်"

နောက်တစ်နေ့ ....
နိုင်ငံတော် အကြီးအကဲ လာရောက်စစ်ဆေးခဲ့သည်။ မိန့်ခွန်းပြောအပြီးတွင် ဆေးရုံအုပ်က ကြိုတင်မှာကြားထားသည့်အတိုင်း ချောင်းဟန့်လိုက်သည်နှင့် လူနာအားလုံး လက်ခုပ်တီးကြသည်။ ထိုအချိန်တွင် လူနာတစ်ယောက်က ရုတ်တရက်ရှေ့ထွက်ပြီး အကြီးအကဲကို ပါးတစ်ချက်ရိုက်လိုက်ပြီး ပြောလိုက်သည်မှာက "မင်းဘာလို့ လက်ခုပ်မတီးတာလဲ? အသားဟင်း မစားချင်ဘူးလားကွ" ဟူတည်း။

(၂)
ကျောင်းသားတစ်ဦးသည် ဆရာမတစ်ဦးကို တိတ်တခိုး နှစ်သက်စွဲလမ်းနေမိသည်။ တစ်နေ့တွင် အရဲစွန့်ပြီး ဆရာမကို ချစ်ကြိုက်ကြောင်း ရင်ဖွင့်ခဲ့သည်။ ဆရာမက ကျောင်းသားနှင့် ဆရာမှာ မချစ်သင့်ကြောင်း၊ မယူသင့်ကြောင်း အမျိုးမျိုးပြောဆိုဆုံးမခဲ့သော်လည်း ကျောင်းသားက အချစ်တွင် အသက်အရွယ်၊ ရာထူးဂုဏ်သိက္ခာ မခွဲခြားကြောင်းပြောပြီး တစ်ဇွတ်ထိုး ရှေ့တိုးခဲ့သည်။

ဆရာမက မတတ်တာသည့်အဆုံး မင်းလို ကလေးကို ငါမချစ်နိုင်ဘူးဟူသည့်သဘောဖြင့် "ဆရာမ ကလေးမလိုချင်ဘူး" ဟုပြောလိုက်ရာ ကျောင်းသားပြန်ပြောလိုက်သည်မှာက "ကလေးမရအောင် ကျွန်တော်သတိထားပြီး လုပ်ပါ့မယ်" ဟူတည်း။

(၃)
တစ်ခါက လှေတစ်စင်း မြုပ်လုနီးနီးမှာ ရဟတ်ယာဉ်တစ်စီး လာကယ်ခဲ့တယ်။ ရဟတ်ယာဉ်ပေါ်က ကြိုးတစ်ချောင်းကို ပစ်ချပြီးကယ်တော့ ယောကျာ်း၁ဝယောက်နဲ့ မိန်းမတစ်ယောက်က အဲဒီကြိုးမှာ ပါသွားခဲ့တယ်။ ကြိုးမှာချိတ်နေတဲ့ လူ၁၁ယောက်ကို ရဟတ်ယာဉ်က မနိုင်ဘဲဖြစ်နေလို့ လူတစ်ယောက် လက်လွှတ်ပေးရမယ်ဆိုတော့ ယောကျာ်းတွေက လက်မလွှတ်ချင်ကြဘူး။ က "အားလုံးအတွက် ကျွန်မ အနစ်နာခံပါ့မယ်။ ကိုယ့်ယောက်ျားအတွက်၊ ကိုယ်ရင်သွေးတွေအတွက် ပေးဆပ်တာကို မမျှော်ကိုးဘဲ အမြဲစွန့်လွှတ် အနစ်နာခံနေရတဲ့ ကျွန်မတို့ မိန်းမသားတွေအတွက် ဒါမျိုးက ရိုးနေပါပြီ.. "လို့ အော်ပြောလိုက်တယ်။ အမျိုးသမီးလဲ ပြောပြီးရော ယောကျာ်းတွေ အားလုံး လက်ခုပ်ဝိုင်းတီးကြတော့တယ်..

(၄)
လူတစ်ယောက်ဟာ နိုင်ငံတော်အကြီးအကဲကို "အသုံးမကျတဲ့လူ" လို့ ပြောလို့ အဖမ်းခံရသတဲ့။ ရုံးတင်စစ်ဆေးပြီးနောက် တရားသူကြီးက သူ့ကို ထောင်ဒဏ် ၁၀နှစ်နဲ့ ၆ရက် အမိန့်ချလိုက်တယ်။ ဘာဖြစ်လို့ ဒီလောက်ကြီးလေးတဲ့ အပြစ်ကိုပေးရသလဲလို့ မေးတော့ တရားသူကြီးက " ပြစ်ဒဏ် ၆ရက်က နိုင်ငံတော်အကြီးအကဲကို စော်ကားတဲ့အတွက် ပြစ်ဒဏ် ၁၀နှစ်က နိုင်ငံတော်ရဲ့လျှို့ဝှက်ချက်ကို ဖော်ကောင်လုပ်တဲ့အတွက်" လို့ ပြောလိုက်သတဲ့။

(၅)
တစ်ခါက နိုင်ငံတော် အကြီးအကဲ ခေါင်းဆောင်သုံးဦးဟာ ရဟတ်ယာဉ်စီးပြီး နိုင်ငံအခြေအနေကို လှည့်လည်ခဲ့တယ်။
ပထမ အကြီးအကဲ " တကယ်လို့ အခုချိန်မှာ ငါသာ ငွေတစ်ထောင်တန်တစ်ရွက် ပစ်ချလိုက်ရင် ကောက်ရတဲ့လူက အရမ်းပျော်မှာပဲ"
ဒုတိယ အကြီးအကဲ " တကယ်လို့ ငါသာ ၅၀၀တန်နှစ်ရွက် ပစ်ချလိုက်ရင် လူနှစ်ယောက်ပျော်ရမယ်"
တတိယ အကြီးအကဲ "တကယ်လို့ ငါသာ ၁၀တန်ဆယ်ရွက် ပစ်ချလိုက်ရင် လူဆယ်ယောက် ပျော်ရမယ်"
သူတို့အချင်းချင်း ပြောနေတဲ့ စကားကိုကြားတော့ လေယာဉ်မှုးက အခုလို ပြောလိုက်သတဲ့...
"အကြီးအကဲတို့ သုံးဦးလုံးသာ ခုန်ချလိုက်ရင် နိုင်ငံမှာရှိတဲ့ လူတွေအားလုံး ပျော်ကြမှာပဲ" ဟူတည်း။

(၆)
တစ်ခါက လူတစ်ယောက်ဟာ မိတ်ဆွေတစ်ဦးရဲ့ အဘွားနေမကောင်းတာကို သတင်းမေးဖို့ ရောက်သွားခဲ့တယ်။ သတင်းမေးနေတုန်းမှာ သူက စားပွဲခုံပေါ် တင်ထားတဲ့ မြေပဲဆံတွေကို ယူစားတော့တယ်။ သတင်းမေးပြီး အိမ်ပြန်ခါနီး အဘွားကို မြေပဲဆံတွေအတွက် ကျေးဇူးတင်ကြောင်းပြောတော့ အဘွားက "အေး.. အဘွားလဲ အသက်ကြီးတော့ မ၀ါးနိုင်တော့တာနဲ့ အဲဒီမြေပဲဆံ အပြင်က ကပ်ထားတဲ့ ချောကလက်တွေလောက်ပဲ စုပ်စားနိုင်တော့တယ်ကွဲ့" ဟူတည်း။

(၇)
ကင်ဆာရောဂါနဲ့ သေတော့မယ် လူတစ်ယောက်ကို သားဖြစ်သူက

"ကင်ဆာရောဂါ ဖြစ်နေတာကို ဘာဖြစ်လို့ သတင်းလာ မေးသူတိုင်းကို အေအိုင်ဒီအက်စ် ဖြစ်နေတယ်လို့ ပြောရတာလဲ ဖေဖေ" လို့ မေးတော့ အဖေဖြစ်သူ ဖြေလိုက်တာက

"ဒါမှ ငါသေသွားရင် မင်းအမေကို တစ်ခြားလူ မကြံမှာပေါ့ကွ" ဟူတည်း။

(၈)
တစ်ခါက သဲကန္တာရမှာ ဆာလောင်ပြီး သေလုနီးနီး ဖြစ်နေတဲ့ လူမဲတစ်ယောက်ဟာ နတ်မီးခွက်တစ်လုံး ကောက်တွေ့သတဲ့။ မီးခွက်ကို ပွတ်လိုက်တော့ မီးခွက် စောင့်နတ်က ထွက်လာပြီး လိုရာဆု သုံးဆုကို တောင်းခိုင်းလိုက်တယ်။ သူက ခဏလောက် စဉ်းစားပြီး
(၁) နေ့တိုင်း ရေသောက်ရပါစေ
(၂) လူဖြူတစ်ယောက် ဖြစ်ရပါစေ
(၃) နေ့တိုင်း ကောင်မလေးတွေရဲ့ တင်ပါးကို မြင်ရပါစေ
လို့ ဆုတောင်းလိုက်တာနဲ့ ဘုန်းဆိုတဲ့ အသံနဲ့အတူ အဲဒီလူမဲဟာ......
--------
--------
--------
--------

အိမ်သာအိုးတစ်လုံး ဖြစ်သွားသတဲ့။


(၉)
တရုတ်နဲ့ ဂျပန်

ကမ္ဘာစစ်က ရန်ငြိုးတွေကြောင့် တရုတ်နဲ့ဂျပန် တစ်ယောက်ကို တစ်ယောက် အမြင်မကြည်ကြဘူးလို့ အလုပ်က ပြည်ကြီးတရုတ် သူငယ်ချင်း တစ်ယောက်က ပြောပြဖူးတယ်။ ဘယ်လောက်ထိတောင် အမြင်မကြည်လဲဆို တရုတ်နာမည်ကြီး ဘတ်စကက်ဘောသမား "Yao Ming"ဆိုရင် ဂျပန်က ကမ်းလှမ်းတဲ့ ကြော်ငြာတွေကို ဘယ်တော့မှ လက်မခံပါဘူးတဲ့။ ဒါဆိုရင် မနှစ်က ဂျပန်ကား ရိုက်သွားတဲ့ နာမည်ကြီး တရုတ် မင်းသမီး"Zhang Ziyi " ရောလို့ ကျွန်မ မေးတော့ အဲဒီမင်းသမီးကို ပြည်ကြီးက တရုတ်တွေ မကြိုက်တဲ့အကြောင်း သူပြောပြတယ်။

နောက်ပြီး သူဆက်ပြောသေးတယ်။ တစ်ခါက တီဗွီ အစီစဉ်တစ်ခုမှာ ကမ္ဘာကျော် တရုတ်မင်းသား "ဂျက်လီ"နဲ့ ထိုင်ဝမ် အဆိုတော် တစ်ယောက်ကို ဂျပန်သတင်းထောက်က အင်တာဗျူးလုပ်သတဲ့။ အင်တာဗျူးမှာ သတင်းထောက်က အဆိုတော်ကို "ကမ္ဘာစစ်တုန်းက ဂျပန်တွေက တရုတ်လူမျိုး သန်းပေါင်းများစွာကို သတ်ခဲ့တယ်လို့ ပြောတယ်။ အသတ်ခံရတဲ့ အရေအတွက်ကို ခင်ဗျားတို့က လိုက်ရေထားလို့လား" လို့ မေးတော့ အဆိုတော်က ဘာပြန်ဖြေရမှန်း မသိဖြစ်ခဲ့တယ်။ အဲဒီအချိန်မှာ မင်းသား ဂျက်လီက ရုပ်ရှင်ထဲက သူ့ရဲ့ ကန်ချက် ထိုးချက်အတိုင်း လျှင်မြန်တဲ့ အတိမ်းအရှောင်နဲ့ အခုလို ဖြေလိုက်ပါသတဲ့။ "ကမ္ဘာစစ်တုန်းက အမေရိကားစစ်သားတွေ ဂျပန်အမျိုးသမီးတွေကို မုဒိန်းကျင့်ခဲ့တယ်လို့ ပြောတယ်။ ခင်ဗျားတို့က အဲဒီမုဒိန်းကျင့်ခံရတဲ့ အမျိုးသမီးတွေကို ဖရီးလာလားလို့ မေးခဲ့လား" လို့ ပြန်မေးလိုက်မှ သတင်းထောက်ကြီး ဆွံအသွားသတဲ့။ တီဗွီထဲကရော တီဗွီအပြင်မှာရော ကြည့်နေကြတဲ့ ပြည်ကြီး တရုတ်တွေက လက်ခုပ်လက်ဝါး တဖြောင်းဖြောင်း တီးလို့ပေါ့။


(၁၀)
တစ်ခါက အမေရိကန်လူမျိုး၊ အင်္ဂလိပ်လူမျိုး၊ တရုတ်လူမျိုးနဲ့ ဂျပန်လူမျိုးတို့ဟာ သူနိုင်ငံ ကိုယ်နိုင်ငံရဲ့ စစ်ရေးစစ်ရာကို ဆွေးနွေးကြတယ်။
ဂျပန်လူမျိုးက "ကျွန်တော်တို့ လူမျိုးက မတွန့်မကြောက် သတ္တိခဲတွေ နိုင်ငံအတွက်ဆိုရင် အသက်ကိုတောင် စွန့်ဝံ့တယ်။ အခု ကျွန်တော်ခေါင်းပေါ်မှာ ပန်းသီးတစ်လုံးတင်ပြီး ခင်ဗျားတို့ရဲ့ အပစ်ကို ခံရဲတယ်" လို့ ပြောပြီး သူ့ခေါင်းပေါ် ပန်းသီးတစ်လုံးတင်ပြီး ကျန်လူတွေကို သေနတ်အပစ် ပြိုင်ခိုင်းလိုက်တယ်။

ပထမဦးဆုံး အမေရိကန်လူမျိုးက နောက်ကို ခြေအလှမ်း၂၀ လှမ်းပြီး ကိုယ်ကိုလှည့်ပြီး ပစ်ထည့်လိုက်တယ်။ ဂျပန်ခေါင်းပေါ်မှာ တင်ထားတဲ့ ပန်းသီးလေး အစိတ်စိတ် အမွှာမွှာ ကွဲသွားတယ်။ အမေရိကန်က သေနတ်ပြောင်းဝက မီးခိုးကို တစ်ချက်မှုတ်ပြီး ပြောလိုက်တယ်.. "I am Hunter" ငါက မုဆိုးတဲ့။
ဒုတိယ အင်္ဂလိပ် လူမျိုးက နောက်ကို ခြေအလှမ်း ၅၀လှမ်းပြီး ကိုယ်ကို တစ်ပတ်လှည့်ပြီး ပစ်လိုက်ပြန်တယ်။ ပန်းသီးက ဖွာခနဲ့ပဲ။ အင်္ဂလိပ်က ကိုယ့်ကို အထင်ကြီးတဲ့ ပုံစံနဲ့ ပြောလိုက်တယ်.. "I am Bond" ငါက ဂျိမ်းစ်ဘွန်းတဲ့။

နောက်ဆုံး တရုတ် အလှည့်ရောက်တော့ တရုတ်က နောက်ကို ခြေ ၃လှမ်း လှမ်းပြီး ပစ်ထည့်လိုက်တယ်။ ဖြာခနဲ့ပဲ ပန်းသီးတော့ မဟုတ်ဘူး။ ဂျပန်ရဲ့ ဦးခေါင်းပါ။ တရုတ်က ဟန်ပါပါနဲ့ ခါးထောက်ပြီး ပြောလိုက်တယ်။ "I am sorry" ငါဝမ်းနည်းပါတယ်တဲ့။

(၁၁)
တခါက အမေရိကန်သမ္မတရယ် ၊ တရုတ်သမ္မတရယ် ၊ ကျွန်တော်တို့ရဲ့ ဘဘကြီးရယ် ထာဝရဘုရား သခင်ကို သွားတွေ့ကြသတဲ့။

ထာဝရဘုရားသခင်က သင်တို့သိလိုရာကို မေးကြပါဆိုတော့ တယောက်ပြီးတယောက် မေးကြတော့တာပေါ့။

ပထမဆုံး အမေရိကန်သမ္မတက မေးတယ်။

`ဘယ်တော့များမှ အမေရိကန်နိုင်ငံဟာ ကမ္ဘာကြီးတစ်ခုလုံးကို နိုင်ငံရေး ၊ စစ်ရေးအရ ပြိုင်ဘက်မရှိ လွှမ်းမိုး နိုင်မှာလဲ´တဲ့။ ထာဝရဘုရားသခင်က ခေတ္တခန့်စဉ်းစားပြီး ပြန်ဖြေလိုက်တယ်။

`ဖြစ်တော့ဖြစ်မယ်။ ဒါပေမယ့် မင်းမမှီတော့ဘူး´တဲ့ ။ အမေရိကန်သမ္မတလည်း ထာဝရဘုရားသခင် အဖြေ ကိုကြားပြီးနောက် ငိုပါလေရော။

တရုပ်သမ္မတကလဲ ထာဝရဘုရားသခင်ကို `ဘယ်တော့များမှ တရုပ်ပြည်ဟာ ကမ္ဘာ့စီးပွားရေးတစ်ခုလုံးကို လွှမ်းမိုးနိုင်မှာလဲ´တဲ့။

ထာဝရဘုရားသခင်က ခုနလိုပဲ ခနစဉ်းစားပြီး ပြန်ဖြေလိုက်တယ်။ `ဖြစ်တော့ဖြစ်မယ်။ ဒါပေမယ့် မင်းမမှီ တော့ဘူး´တဲ့ ။ တရုပ်သမ္မတလဲ ငိုပြန်ပါလေရော။

နောက်ဆုံး ကျူပ်တို့ရဲ့ ဘဘကြီးက အားကျမခံ ထာဝရဘုရားသခင်ကို မေးလိုက်တယ်။ သူ့မေးခွန်း လဲကြားပြီးရော ထာဝရဘုရားသခင်က ငိုပါလေရော။ သူမေးတာက `ဘယ်တော့များမှ ကျွန်တော်တို့နိုင်ငံမှာ မီးတွေ ရေတွေ မှန်မှာလဲ´တဲ့။

မျက်ရည်လည်ရွှဲကြားက ထာဝရဘုရားသခင်က ပြန်ဖြေလိုက်တယ်။

`ဖြစ်တော့ဖြစ်လာလိမ့်မယ်။ ဒါပေမယ့် ငါမမှီတော့ဘူးတဲ့´ .... ။

(၁၂)
တမလွန်ဘ၀မှာ ဂျော့ဘုခ်ျရယ် ၊ ကျွန်တော်တို့ဘဘကြီးရယ် ၊ ဗလာဒီမင်ပူတင်ရယ် အတူတူတွေ့ပြီး လမ်းလျှောက်ထွက်ခဲ့ပါတယ်။ သူတို့တစ်နေရာ အရောက် လက်ဝါးကပ်တိုင်မှာ ကားစင်အတင်ခံထားရတဲ့ ယေရှုခရစ်တော်နဲ့ တွေ့ပါလေရော။ အဲဒီမှာတော့ ဂျော့ဘုခ်ျက ယေရှုနားကို တိုးသွားပြီးတော့

`အရှင် ၊ သားတော်အသက်ရှင်ခဲ့တဲ့ဘ၀မှာ သားတော်က ကံကောင်းခဲ့ပါသလား´ လို့မေးလိုက်တယ်။
ယေရှုက `အေး သားတော်ကံကောင်းပါတယ်။ မင်းက အကြမ်းဖက်သမားတွေကို နှိမ်နင်းနိုင်ခဲ့လို့ပဲ´ဆိုပြီး ပြန်ဖြေလိုက်တယ်။

ပူတင်လဲ ယေရှုနားတိုးကပ်သွားပြီး `ကျွန်တော်မျိုးကော အသက်ရှင်စဉ်က ဘယ်လိုကံကောင်းခဲ့ပါသလဲ´လို့ မေးလိုက်ပြန်တယ်။ ယေရှုက `မင်းလဲ ကံကောင်းခဲ့တာပဲ ။ ဘာလို့လဲဆိုတော့ မင်းက တိုင်းပြည်ကို စိတ်တိုင်းကျ ပုံဖော်နိုင်ခဲ့လို့ပဲ´ဆိုပြီး ဖြေလိုက်ပါတယ်။

နောက်ဆုံး ဘဘကြီးကလဲ အားကျမခံဘဲ ယေရှုနားသွားပြီး `ကျွန်တော်ရော ဘယ်လို ကံကောင်း ခဲ့ပါလဲ´လို့မေးလိုက်တယ်။ အဲဒီလို မေးလိုက်တဲ့ခဏမှာ ယေရှုရဲ့လက်နှစ်ဖက်လုံး လှုပ်သွားတယ်။ ဒါပေမယ့် ကားစင်တင်ခံထားရတာဆိုတော့ ယေရှုက လှုပ်လို့မရဖြစ်နေတယ်။ ပြီးတော့ ဘဘကြီးကို အံကျိတ်ပြီးပြောလိုက်တယ်။

`အေး .. ငါ့လက်နှစ်ဖက်လုံး လှုပ်မရတာ မင်းကံကောင်းတယ်မှတ်´ တဲ့။