12.27.2009

ဦးသုဝေ ပါတီက မြန်မာ့အရေး ဆွေးနွေးကြရန် ဖိတ်ခေါ်ပြန်ပြီ



ဦးသုဝေဦးဆောင်သော ဒီမိုကရက်တစ် ပါတီမှ မြန်မာ့ အရေးဆွေးနွေးပွဲ အကြိုသတင်းစာ ရှင်းလင်းပွဲကို လာ မည့် ၃၀ရက်နေ့တွင် နေ့လည် ၁နာရီမှ ၃နာရီအထိ ဦးချစ်မောင်လမ်း ဗဟန်းမြို့နယ်တွင် ကျင်းပမည် ဖြစ် ကြောင်း ဖိတ်စာများပေးပို့၍ ပြည်တွင်းနှင့် နိုင်ငံခြား သတင်းထောက်များကို ဖိတ်ခေါ်ခဲ့ကြောင်း သတင်း ရရှိ ပါသည်။
ထိုသို့ အလားတူ မြန်မာ့နိုင်ငံရေး ဆွေးနွေးကြရန်ဟူသော ဖိတ်စာဖြင့် သတင်းထောက်များ ကိုဖိတ်ကြား၍ ဦးသုဝေ၊ အမျိုး သားရေး ဦးဝင်းနိုင်တို့က “၂၀၁၀ မြန်မာ့နိုင်ငံရေး သုံးသပ်ဆွေးနွေးပွဲ” အမည်ဖြင့် ရှင်းလင်း ဆွေးနွေး ပွဲကို ရန်ကုန်မြို့ ဒေါ်လ်ဖင် စားသောက်ဆိုင်၌ ၂၀၀၉ ခုနှစ် စက်တင်ဘာလ ၁၄ရက်နေ့က ပြုလုပ်ပြီး အမျိုးသား ဒီမိုကရေစီ ပါတီကို ထူထောင်ကြောင်း ကြေငြာခဲ့ဘူးပါသည်။
ထိုကိစ္စနှင့် ပါတ်သက်ပြီး ဦးသုဝေနှင့် အမျိုးသားရေး ဦးဝင်းနိုင်တို့အား ကြိုတင်အကြောင်းမကြားဘဲ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်သဖြင့် အာဏာပိုင်များက ခေါ်ယူသတိပေးခြင်းကို ခံခဲ့ရပြီး ဝန်ခံ ဂတိပြု လက်မှတ် ရေးထိုး ခဲ့ရကြောင်းကို အင်တာဗျူး တခုတွင် ဦးသုဝေက- “အဲဒီ သတင်းစာရှင်းလင်းပွဲက ဗဟန်း မြို့နယ်ထဲ ပါတယ်လေ။ ဒီနေ့ မယက ဥက္ကဋ္ဌက ကျနော်တို့ကို ခေါ်မေးတယ်။ ခေါ်တွေ့တယ်။ သူတို့က ဘာပြောလဲဆိုတော့ ဥပဒေအရ လူ ၅ ယောက်ထက် ကျော်ပြီး မတွေ့ရဘူး။ သူတို့ကို ကြိုတင်မပြောတဲ့ အတွက်ကြောင့် ဥပဒေအရ ကျနော်တို့ ဖောက်ဖျက်တယ်။ နောက်နောင် ၅ ဦးထက်ကျော်၍ စုဝေးမည်ဆိုလျှင် ကြိုတင်အကြောင်းကြားမည် ဖြစ်ကြောင်းနှင့် အမိန့်ကြိုတင် ရထားမှသာ စုဝေးမှုများပြုလုပ်မည်ဖြစ်ကြောင်း လက်မှတ် ထိုးခဲ့ရသည်ဟု ပြောပြခဲ့ဘူးပါသည်။

ထိုသို့ထူထောင်သော ဒီမိုကရက်တစ်ပါတီတွင် ဥက္ကဋ္ဌအဖြစ် ဦးသုဝေက တာဝန်ယူပြီး ဝန်ကြီးချုပ်ဟောင်း ဦးနု၏ သမီး ဒေါ်သန်းသန်းနု၊ ဝန်ကြီးချုပ် ဟောင်း ဦးဗဆွေ၏ သမီး ဒေါ်နေရီဗဆွေ၊ ဒုဝန်ကြီးချုပ်ဟောင်း ဦးကျော်ငြိမ်း၏ သမီး ဒေါ်ချိုချို ကျော်ငြိမ်းတို့ ဦးဆောင်ပါဝင်ကြမည်ဟု ရှင်းလင်းပွဲတွင် ကြေညာခဲ့သည်။
“တိုင်းပြည် ကိုယ်စားလှယ်တွေ အနေနဲ့ တိုင်းပြည်လူထု သဘောထားတွေကို ကျနော်တို့က တင်ပြနိုင်အောင်၊ ပြောနိုင်အောင် ကိုယ်က အာဏာရှိရင် ပိုပြီးလုပ်နိုင်အောင်၊ ကျနော်တို့ ကြိုးစားမှာပါ။ အာဏာရှိအောင် ကျနော်တို့ ကြိုးစားမှာပါ” ဟု ဦးသုဝေက မဇ္ဇိမ သတင်းဌာနနှင့် အင်တာဗျူးတခုတွင် ပြောပြသွားခဲ့ပါသည်။
ဦးသုဝေသည် ဖဆပလခေတ်တွင် ဒုတိယဝန်ကြီးချုပ်လည်းဖြစ် ဖဆပလ ပါတီ ဒုဥက္ကဋ္ဌဖြစ်သူ ဦးကျော်ငြိမ်း၏ ကိုယ်ရေး အတွင်းဝန်အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည့်အပြင်၊ UPI ခေါ် ကမ္ဘာ့သတင်းဌာန၏ အရှေ့တောင် အာရှရုံးချုပ် သတင်းအယ်ဒီတာ၊ Morning Express နေ့စဉ်သတင်းစာ လက်ထောက် အယ်ဒီတာနှင့် Bankkok World နေ့စဉ်သတင်းစာ အယ်ဒီတာ အဖွဲ့ဝင်လည်း ဖြစ်ခဲ့သည်။
ဦးသုဝေနှင့် သူ၏ ပါတီသည် ၂၀၁၀ တွင် ပြုလုပ်မည်ဟု နအဖတို့ ကြေငြာထားသော ရွေးကောက်ပွဲကို ဝင်နိုင်ရေး အတွက် ပြင်ဆင်မှုများလုပ်နေပြီး ထိုရွေးကောက်ပွဲတွင် အနိုင်ရလျှင် အပြောင်းအလဲများ ဖြစ်နိုင်သည်ဟု ယုံကြည်ကြောင်းကိုလဲ “နိုင်ငံရေး ပါတီတွေရယ်၊ ပြည်သူတွေရယ်က တက်တက်ကြွကြွနဲ့ တကယ်ပဲ ကြိုးစားပြီး လုပ်မယ်ဆိုရင် ၇၅ ရာခိုင်နှုန်းကနေ အများကြီး လုပ်နိုင်တာပေါ့။ အများကြီးလုပ်နိုင်ရင် ဘာဖြစ်လို့ အုပ်ချုပ်မှုအာဏာအချိုးကို မရရမှာလဲ၊ ရနိုင်တာပေါ့။ မကြိုးစားရင် မရဘူးပေါ့” ဟု ဒီပီ - ဥက္ကဋ္ဌ ဦးသုဝေက ပြောပြသွားခဲ့သည် ဟု မဇ္ဇိမ သတင်းဌာနက ဖေါ်ပြခဲ့ဘူးပါသည်။

ယခုအခါတွင် ကိုအေးလွင်ဦးဆောင်သည့် နအဖတို့ နှင့် ရင်းနှီးပါတ်သက်မှုရှိသော ပါတီ၏ စည်းဝေးပွဲများကိုပင် ကြံဖွံ့နှင့် စွမ်းအားရှင် များ၏ ဝင်ရောက် ရိုက်နှက်ခံရ မှုများရှိနေရာ ယခုအချိန်တွင် တရားဝင်ဖိတ်စာကမ်းပြီး ထိုသို့ သတင်းထောက်များအား ဖိတ်ကြားကာ အကြို သတင်းစာ ရှင်းလင်းပွဲ လုပ်မည့် ကိစ္စသည် လွန်စွာ စိတ်ဝင်စား စရာဖြစ်နေကြာင်း တင်ပြလိုက်ရ ပါသည်။
ပြည်တွင်း သတင်းထောက် (ရွှေဝါရောင် သတင်းလွှာ)