12.14.2010

SSEO နှင့် SWAN အဖွဲ့ တို့က မြင့်တချီ ခန်းတလှည့် အစီရင်ခံစာထုတ်ဝေ

Photobucket
Photobucket
ဒီဇင်ဘာ ၁၄
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ နိုင်ငံတကာသတင်းထောက်များ ကလပ်တွင် ရှမ်းသဘာဝ ပတ်ဝန်းကျင်ရေးရာ အဖွဲ့ SSEO နှင့် ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားမှုအဖွဲ့ SWAN တို့ကပူးပေါင်း၍ မြင့်တချီ ခန်းတလှည့် အမည်ရှိ အစီရင်ခံစာတစ်စောင်ကို ယနေ့ ထုတ်ဝေလိုက်သည်။
Shan Sapawa Enviromental Organisation နှင့် Shan Women’s ActionNetwork တို့က ပူးပေါင်း၍ စာမျက်နှာ ၂၀ ပါရှိသော မြင့်တချီ ခန်းတလှည့် အစီရင်ခံစာကို မြန်မာ၊ အင်္ဂလိပ်၊ ထိုင်းနှင့် တရုတ်ဘာသာ တို့ ဖြင့် ထုတ်ဝေဖြန့်ချီ လိုက်ခြင်းဖြစ်သည်။
တရုတ်မြန်မာနယ် နိမိတ်ရွှေလီမြစ်၏ အထက်ပိုင်း ၃၀ကီလိုမီတာခန့် အကွာ၊ တရုတ်နိုင်ငံ လောင်ဂျန်း မြစ်ပေါ်တွင် တည်ဆောက်ထားသော ရေအား လျှပ်စစ်ထုတ်လုပ်သည့် ဆည်များကြောင့် မြန်မာနိုင်ငံ ရှမ်းပြည်နယ် ရွှေလီမြစ်ဝှမ်းဒေအတွင်း နေထိုင်ကြသည့် ဒေသခံ တိုင်းရင်းသား ပြည်သူများ အထူးထိခိုက် နစ်နာမှုများ ရှိနေကြောင်း ရွာပေါင်း ၂၀ မှ ရွာသူရွာသားများကို မေးမြန်း သုသေတနပြု၍ ဤအစီရင်ခံစာကို ထုတ်ဝေခြင်းဖြစ်ကြောင်း သိရှိရသည်။
ရှမ်းသဘာဝ ပတ်ဝန်းကျင် ရေးရာအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ကိုစိုင်းစိုင်းက “တရုတ်ပြည်မှ လောင်ဂျန်း မြစ်ပေါ်မှာ ဆည်ဆောက်ထားတာ ၁၀နှစ်ကျော်ကြာခဲ့ပြီ။ ကျနော်တို့ ရှမ်းပြည်နယ်မှာလည်း ဆောက်နေ ကြပြီ။  ဒီလိုဆည်ကြီးတွေ တည်ဆောက်ခြင်းအားဖြင့် ဒေသခံ ပြည်သူလူထုအတွက် တစ်စုံတစ်ခု အကျိုး ဖြစ်ထွန်းမှုမရှိပဲ အပြစ်ပဲရှိပါတယ်။ ကျနော်တို့ တိုင်းရင်းသား ဒေသခံတွေမှာ ရေဘယ်အချိန် မြင့်တက် လာမလဲ၊ ဘယ်အချိန် ရေကျသွားမလဲ အတိအကျမသိဘူး ဆိုတော့ စိုက်ပျိုးဖြစ်ထွန်းတုန်း ရေတွေ ဖေါက်ချလိုက်တော့ အကုန်မြုပ်ကုန်တယ်။ အထိတ်တလန့် ရပ်တည်နေရတယ်” ဟု ပြောသည်။
တရုတ်နိုင်ငံအတွင်းမှ အဆိုပါဆည်တွင် ရေချိန်မှတ်ပိုလျှင် ရေကိုဖေါက်ထုတ်လိုက်ပြီး ရေချိန်မှတ် မပြည်သေးပါက ရေတံခါးများကို ပိတ်ဆို့ထားခြင်းကြောင့် ဖြစ်သည်။ အစီရင်ခံစာတွင် ဓါတ်ပုံ အထောက်အထောက်များနှင့် အတူ ရွှေလီမြစ်၏ ၀ဲယာတွင် ရှိသော ရွာပေါင်း ၂၀မှ ကူးတို့ လုပ်ငန်းကို အားကိုး အားထားပြု လုပ်ကိုင်စားကြသော လူဦးရေ ၁၅၇၅၀ ခန့် တို့ မှာ အခက်အခဲ ကြုံတွေ့ နေရကြောင်း ဖေါ်ပြထားသည်။ တပြိုင်တည်းတွင် တရုတ် မြန်မာနယ်စပ် မူဆယ်မြို့ မှ လူဦးရေ သုံးသောင်းခန့်တို့လည်း အဆိုပါ ကူးတို့ လုပ်ငန်းအပေါ်တွင် မှီတည် လုပ်ကိုင်ကြရကြောင်း ဆိုသည်။
SAWN အဖွဲ့မှ ဒါရိုက်တာ နန်းချန်တောင်းက “ မြန်မာအစိုးရရော၊ တရုတ်အစိုးရပါ မြစ်ပေါ်မှာ ရေကာတာတွေ တည်ဆောက်တဲ့အတွက် ပေါက်ပေါ်နေတဲ့ ဆိုးကျိုးတွေကို လျစ်လျှူမရှုသင့်ဘူး။ ဒီရေအားလျှပ်စစ် လုပ်ငန်းကို လုပ်တဲ့ကုမ္ပဏီတွေ အနေနဲ့လည်း မသိချင်ယောင် ဆောင်မနေပါနဲ့ ဒေသခံ ပြည်သူတွေ တကယ် ဒုက္ခရောက်နေတာတွေကို ဘယ်လို ကူညီဖြေရှင်းကြမလဲ ဆိုတာ သိစေချင်တယ်။ ပြီးတော့ နိုင်ငံတကာနဲ့ အာဆီယံဒေသတွင်းက လူမှုအဖွဲ့အစည်းတွေ၊ အင်ဂျီအိုတွေ ၀ိုင်းဝန်းပြီးတော့မှ ကူညီ နိုင်လိမ့်မယ်လို့ မျှော်လင့်ပြီးတော့ ဒီအစီရင်ခံစာကို ထုတ်ဝေရခြင်း ဖြစ်ပါတယ်” ဟု ပြောသည်။
နိုင်ငံတကာ အဖွဲ့အစည်းများ အနေဖြင့် တရုတ်နိုင်ငံအတွင်း ရေကာတာ တည်ဆောက်နေခြင်းများ၊ မြန်မာနိုင်ငံ ရှမ်းပြည်နယ် သံလွင်မြစ်တို့တွင် တည်ဆောက်နေမှုများတို့မှ ဆိုးကျိုး ဖြစ်ထွန်းပေါ်နေမှုများကို လေ့လာဆန်းစစ်ခြင်းများ ပြုလုပ်သင့်ကြောင်း နိုင်ငံ နယ်နိမိတ် တစ်ခုကိုသာ မကြည့်ပဲ လောင်ဂျန်းမြစ်၊ မဲခေါင်မြစ်၊ သံလွင်မြစ်စသော မြစ်များအပေါ် အမှီသဟဲပြု နေကြသော လူမှု အသိုင်းအ၀ိုင်းများ ဇီဝသဘာဝ ပျက်စီးလာမှုများကို အထူးဂရုပြုသင့်ကြောင်း အစီရင်ခံစာတွင် ဖေါ်ပြထားသည်။ SWAN အဖွဲ့က ပညာရေး တာဝန်ခံ မနန်းမွန်းကိန် က “မြန်မာအစိုးရနဲ့ တရုတ်အစိုးရတို့က ၀ိုင်းဝန်းပြီးတော့မှ သဘာဝအတိုင်း ရေတွေ စီဆင်းနိုင်အောင် ပြန်လည်စီစစ်ပြီးတော့ စီစဉ်ဆောင်ရွက်ပေးမှ ဖြစ်မယ်။ လူထုတွေက ဘာမှ မတတ်နိုင်ဘူးလေ။ သူတို့ ခံစားနေရတာကို ကမ္ဘာကသိအောင် တင်ပြပေးဖို့ ကျမတို့ကို အကူအညီ တောင်းတဲ့အတွက် ခုလို သတင်းစာရှင်းလင်းပွဲကို ကျင်းပရခြင်းဖြစ်တယ်” ဟု ပြောဆိုသွားသည်။
တရုတ်နိုင်ငံက တည်ဆောက်နေသော ရေကာတာများကြောင့် မဲခေါင်မြစ် အောက်ဘက်ပိုင်းရှိ နယ်မြေများ သို့ သက်ရောက်ရိုက်ခတ်မှုများနှင့် ပါတ်သက်၍ နိုင်ငံတကာမှ အချေအတင် ပြောဆိုမှုများ တစတစ တိုးများ လာနေသည်။ တရုတ်နိုင်ငံသည် ၄င်းနိုင်ငံအတွင်းပိုင်းရှိ သံလွင်မြစ်ပေါ်တွင် ရေကာတာ ၁၃ ခု တည်ဆောက်ရန် စီစဉ်ထားကြောင်း အစီရင်ခံစာတွင် ရေးသားဖေါ်ပြထားသည်။
ကိုကျော်သောင်းမှ ပေးပို့ပါသည်။