ဒီဇင်ဘာ ၂၉
နယ်ကျော်ပြီး စာရွက်စာတမ်း မပြည့်စုံဆိုသည့် အကြောင်းပြချက်ဖြင့် ဘန်ကောက်မြို့  ပခေါင်တလာ ဈေးအမည်ရှိ ပန်းဈေးကြီးအတွင်း ပန်းစည်းများတွန်းလှည်းဖြင့် တွန်းပို့ နေသော မြန်မာအလုပ်သမား ကိုလင်းလင်းအား အနီးအနားရှိ ရဲစခန်းမှ ဖမ်းဆီးချုပ်နှောင်ခြင်းကို ခံခဲ့ရသည်။
ဒီဇင်ဘာလ၂ရ ရက်နေ့ ညနေ ၆နာရီခန့် က အဆိုပါဈေးအတွင်း ပန်းစည်းခြင်းများအား ပို့ ဆောင်နေစဉ်အတွင်း ဆိုင်ကယ်စီး ထိုင်းရဲတစ်ဦးက ဖမ်းဆီးပြီး စာရွက်စာတမ်းများ အပြည့်အစုံပါရှိသော်လည်း နယ်ကျော်သည်ဆိုသော အကြောင်းပြချက်ဖြင့် ဖမ်းဆီးခံခဲ့ရသည်။ ကိုလင်းလင်းတွင် ဘတ်ငွေ ၁၂၅၀ ပါရှိသည့်အနက် ဘတ်ငွေ၁၀၀၀ ကို အဆိုပါ ထိုင်းရဲကယူငင်သွားပြီးနောက် အဆိုပါ ရဲစခန်းအချုပ်ခန်းတွင်တစ်ညဖမ်းချုပ်ထားခဲ့သည်။
ကိုလင်းလင်းက“ ကျနော် ထိုင်းစကား ကောင်းကောင်းတတ်ပါတယ်။ ဘတ်နဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေ ကျနော်မှာရှိပါတယ်။ ကျနော့်မှာစုထားတဲ့ ငွေကိုလည်းယူတယ်။ အချုပ်ထဲမှာလည်း တစ်ညအိပ်လိုက်ရတယ်။ အလုပ်လည်း ၂ရက်ပျက်တယ်။ ကျနော်အလွန်ပဲ နစ်နာဆုံးရှုံးပါတယ်။ ကျနော်တို့မှာ ဘတ်လုပ်ထားတာ အလကားဖြစ်သွားတာပေါ့၊ ကျနော်တို့ကို သက်သက် အနိုင်ကျင့်တာဖြစ်တယ်” ဟု ပြောသည်။
ညဥ့် ၈နာရီခန့် တွင် ကိုလင်းလင်းက ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ B.A.Tသို့ ဖုန်းဖြင့်ဆက်သွယ် အကူအညီ တောင်းခံလာခဲ့သည်။ B.A.T အလုပ်သမားများအဖွဲ့  ချက်ခြင်း ရဲစခန်းသို့ လိုက်သွားခဲ့သော်လည်း ညဥ့်နက်နေပြီး ဖြစ်သဖြင့် တာဝန်ကျရဲက မနက်မှ လာရောက်ခဲ့ရန် ပြောဆိုလိုက်သည်။
သွားရောက် ဖြေရှင်းခဲ့သူ တစ်ဦးအပါအ၀င်ဖြစ်သော B.A.T အဖွဲ့ ဘာသာပြန် ကိုနေလင်းအောင်က “ဒီဈေးအလုပ်သမား ကိုလင်းလင်းမှာ လိုအပ်နေတဲ့ ၁၉၀၀ စာရွက်ကို အယင်သူဌေးကဆီကနေ ယူလာခဲ့ကြတယ်။ ထိုင်းပုလိပ် ညစ်ပတ်တာပါ၊ တရားဝင်နေထိုင် အလုပ်လုပ်ကိုင်ခွင့် စာရွက်စာတမ်းလည်းရှိတယ်၊ အလုပ်သမားဆီက ဘတ်ငွေလည်း ၁၀၀၀ ယူတယ်။ ပြီးတော့ အချုပ်ခန်းထဲမှာ တစ်ညဖမ်းချုပ်ထားတယ်။ ကျနော်တို့ သွားထုတ်တဲ့အခါမှာ ဘတ်၂၀၀ပဲပေးခဲ့ရတယ်။ ပိုက်ဆံများများ မတောင်းတာနဲ့၊ နယ်စပ်ကိုမပို့ တာကိုပဲ ကျေးဇူးတင်ပါတယ်” ဟု ပြောသည်။
ထိုင်းနိုင်ငံအစိုးရ သည် မြန်မာရွေ့ပြောင်း အလုပ်သမားများအတွက် (ဘတ်)လုပ်ကိုင်ပေးသည့် လုပ်ငန်းစဉ်၌ဖြစ်စေ၊ ယခုလက်ရှိ အကောင်အထည်ဖေါ်နေသော ယာယီပတ်စပို့ လုပ်ငန်းစဉ်၌ဖြစ်စေ ထိုင်းလုပ်ငန်းရှင်းနှင့် ထိုင်းရဲများအတွက် အထူးအခွင့်အရေး ပေးထားပြီး ငွေကုန်ကြေးကျများစွာဖြင့် လုပ်ကိုင်ထားရသည့် မြန်မာအလုပ်သမားများ အတွက်မူ အခွင့်အရေး အထူးနည်းပါးပါသည်။
(ဘတ်)လုပ်ကိုင်ထားသည့် မြန်မာအလုပ်သမားတစ်ဦး သတ်မှတ်ထားသည့် နယ်မြေအား သွားလာခွင့်မပြုသလို အကယ်၍ နယ်ကျော်ခဲ့ပါက ဒဏ်ကြေးငွေ၅၀၀ ပေးလျှော်ရမည်ဟု အလုပ်သမားဥပဒေတွင် ပြဌာန်းထားသော်လည်း ထိုင်းရဲများက အဆိုပါ အလုပ်သမား အမျိုးအစားများအား တွေ့ ရှိပါက အလုပ်သမားတွင် ပါသည့် ရွှေ/ငွေနှင့် လက်ကိုင်ဖုန်းများကိုပင် မရှောင် သိမ်းယူလေ့ရှိပါသည်။ သွားလာခွင့်ရသည့် သတ်မှတ်နယ်မြေအတွင်း၌ ဖမ်းမိလျှင်လည်း ဘတ်အမာပါလား၊ ထော်ရော်၃၈/၁ စာရွက်ပါသလား၊ ၁၉၀၀ ပေးချေပြီးကြောင်း စာရွက်ပါသလား၊ ဘတ်မှာ ပါသည့်အလုပ်နှင့် ယခုလုပ်နေသည့်အလုပ်ဟုတ်ရဲ့ လား စသည့် အပြစ်တစ်ခုခု၊ ယမယ်ရှာပြီး အလုပ်သမားများထံမှ ငွေကြေးများကို မတရားရယူလေ့ရှိသည်။
ယာယီပတ်စပို့ လုပ်ကိုင်ထားသူများ နယ်မြေအတော်များများသို့ သွားလာခွင့်ရနေသည်မှာ မှန်ကန်သည်ဟု ဆိုနိုင်သော်လည်း Work Permit မပါခြင်း၊ ၃လတုံးမထုခြင်း စသည့်အနေအထားမျိုး တစ်ခုခုကို တွေ့ရှိပါကလည်း ဖမ်းဆီးထောင်ချခြင်း၊ ငွေကြေးတောင်းခံခြင်းများ ရှိနေပါသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ၂၂ ရက်နေ့ က ဘန်ကောက်မြို့ စမူပါကန် ပါနန်းအရပ်ရှိ ဒိုင်းမွန်းဆိုဖါအလုပ်ရုံတွင် အလုပ်လုပ်ကိုင် နေကြသည့် မြန်မာအလုပ်သများအား နယ်ကျော်မှုနှင့် work permit မရှိ ဟူသော အချက်များဖြင့် ဖမ်းဆီးပြီးတစ်နေ့ တည်း တရားရုံးတင်ကာ ထောင်ဒဏ် ၄၈ ရက်ချမှတ်လိုက်သည်။
ဒီဇင်ဘာ ၁၀ ရက်နေ့ က ဘန်ဘူထောင်အရပ်တွင် ယာယီပတ်စပို့ ရှိသော ကိုမင်းမင်းလှိုင်နှင့် ဇနီး မခိုင်ခင်ဦးတို့အား နယ်ကျော်ပြီး အလုပ်လုပ်နေသည်ဟု ဆိုကာ ဖမ်းဆီးချုပ်နှောင်ပြီး ငွေတောင်းခံခြင်း ခံခဲ့ရသည်။
မြန်မာအလုပ်သမားများမှာ (ဘတ်)ပဲလုပ်လုပ်၊ ယာယီပတ်စပို့ ပဲလုပ်လုပ်၊ ထိုင်းပုလိပ်များ၏  မတရားဖမ်းဆီး ငွေညှစ်နေခြင်းကို ခံစားနေရဆဲဖြစ်သည်။ မြန်မာရွေ့ ပြောင်းအလုပ်သမားများမှာ ထိုင်းရဲများအတွက် ဖမ်းစားရသည့် အစာအာဟာတစ်ခုအဖြစ် သတ်မှတ်ထားဟန်တူကြောင်း နှင့် မြန်မာအလုပ်သမားများအတွက် ထိထိရောက်ရာက် ကာကွယ်စောင့်ရှောက်မှု ပေးနိုင်သော အဖွဲ့အစည်းတစ်ခု (သို့မဟုတ်) အစိုးရတစ်ရပ် မရှိသရွေ့ ယခုကဲ့သို့ ထိုင်းအစိုးရ၊ ထိုင်းလုပ်ငန်းရှင်နှင့် ထိုင်းပုလိပ်များထံတွင် ဆက်လက်နှိပ်ကွပ် ခံနေရဦးမည်ဖြစ်ကြောင်း မတရားဖမ်းဆီးချုပ်နှောင် ၊ငွေညှစ်ခံဖူးသည့် ကိုမင်းမင်းလှိုင်က နာနာကျည်းကျည်း ပြောဆိုသွားသည်။
ကိုကျော်သောင်းမှ ပေးပို့ပါသည်။