2.15.2010

တရားဥပဒေနှင့် မညီပဲ ဖမ်းဆီး အကျဉ်းချမှုများသည် တရားမျှတမှု မရှိကြောင်း ကုလ လူ့အခွင့် အရေးကိုယ်စားလှယ်ပြောဆို

ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်နှင့် တနာရီကြာ ဆွေးနွေးခဲ့ရစဉ် အတောအတွင်း ဒေါ်အောင်ဆန်း စုကြည်ကို လက်ရှိ နေအိမ်အကျယ်ချုပ် ချထားသောဥပဒေသည် တရားမျှတမှုမရှိကြောင်း ရှင်းလင်းပြောပြခဲ့ သည်ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေနှင့် NLD ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောပြခဲ့ကြောင်း သိရပါသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများနှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) နဲ့ ယနေ့ ညနေ ၃နာရီမှ ၄နာရီ အထိ မြရိပ်ညို ဟိုတယ် တွေဆုံခွင့်ရခဲ့ပါသည်။ ထိုသို့တွေ့ဆုံခဲ့စဉ်တွင် ဒေါ်အောင်ဆန်းစုကြည်အား ပျက်ပြယ်ပြီး ဖြစ်သော ၁၉၇၄ ခုနှစ် အခြေခံဥပဒေပါ နိုင်ငံတော်ကို ဘေးအန္တရာယ် ပြုသူများမှ ကာကွယ် စောင့်ရှောက် သည့် ဥပဒေ အရ တရားစွဲဆို၍ ထောင်ချခဲ့ခြင်းသည် တရားမျှတမှု မရှိကြောင်း ရှင်းပြခဲ့သည်ဟု ဦးဥာဏ်ဝင်းက ပြောပြခဲ့ ပါသည်။
၁၉၇၄ ခုနှစ်တွင် ပြဌာန်းခဲ့သော ထိုအခြေခံ ဥပဒေကို ၁၉၈၈ ခုနှစ် စက်တင်ဘာလ စစ်တပ်က အာဏာသိမ်းခဲ့ စဉ်ကပင် ဖျက်သိမ်းခဲ့ပြီး ဖြစ်ကြောင်း ကုလလူ့အခွင့်အရေး ကိုယ်စားလှယ်ကို နားလည် သဘောပေါက် အောင်ရှင်းပြခဲ့သည်ဟု ဦးဥာဏ်ဝင်းက ဆက်လက်ပြောဆို သွားခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ နေအိမ် အကျယ်ချုပ် သက်တမ်းပြည့်သွားသည့် အချိန်ကာလ ကတည်းက လွတ်မြောက်ခဲ့သင့်ပြီ ဖြစ်ကြောင်း ကင်တားနားကို ရှင်းပြခဲ့သည်ဟုလည်း ဦးဥာဏ်ဝင်းက ပြောပြပါသည်။
ထို့အတူ မြန်မာနိုင်ငံ အနှံအပြားတွင် တရားဥပဒေနှင့် မညီညွတ်ပဲ ဖမ်းဆီးထောင်ချမှုများ များစွာ ရှိနေကြောင်းကို ကင်တားနားအား ရှင်းပြခဲ့ပြီး၊ ထို့ကဲ့သို့ဖမ်းဆီး ထောင်ချနေသည့် အကြောင်းရင်းကိုလည်း ရှင်းပြခဲ့သည်ဟု ပြောပြခဲ့ပါသည်။
သူ့၏ မိခင်နိုင်ငံဖြစ်သော အာဂျင်တီးနားနိုင်ငံတွင် ရှေ့နေ အဖြစ် ဆောင်ရွက်ခဲ့သူ ကင်တားနားက ဥပဒေ ပြဌာန်းချက် မရှိပဲ ပြည်သူလူထုများကို ထောင်ဒဏ် အကျဉ်းချခြင်း သည် တရားမျှတမှု မရှိကြောင်းကို သူလဲ လက်ခံသည်ဟု သူတို့ကို ထုတ်ဖေါ် ပြောကြားသွားခဲ့သည်ဟု ဦးဥာဏ်ဝင်းက ပြောပြခဲ့ကြောင်း သတင်း ရရှိပါသည်။
ပြည်တွင်းသတင်းထောက် (ရွှေဝါရောင် သတင်းလွှာ)

ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) မြန်မာနိုင်ငံသို့ရောက်ရှိ

Photobucket
Mr Tomas Ojea Quintana. UN



မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) ဟာ မြန်မာ့ လူ့အခွင့်ရေး ဆိုင်ရာ အခြေအနေများကိုလေ့လာဖို့ အတွက် ယနေ့ နံနက်ပိုင်းက လေယာဉ်နဲ့ ရန်ကုန်လေဆိပ်ကို ရောက်ရှိလာခဲ့ပါတယ်။
မစ္စတာ သောမတ်စ် အိုဟေး ကင်တားနား ဟာ ပထမအကြိမ်အဖြစ် ၂၀၀၈ခုနှစ် သြဂုတ်လက တကြိမ်နဲ့ ၊ ၂၀၀၉ခုနှစ် ဖေဖေါ်ဝါရီလ ၁၉ရက်နေ့မှာ တကြိမ် မြန်မာနိုင်ငံကို လာရောက်ခဲ့ဖူးပြီး အခုအကြိမ်ဟာ သူ့ရဲ့ တတိယမြောက် ခရီးစဉ်လဲဖြစ်ပါတယ်။
သူအနေနဲ့ မြန်မာနိုင်ငံကို တတိယအကြိမ် မလာရောက်ခင် ကတည်းက စစ်အစိုးရ အာဏာပိုင်တွေကို ၁၉၈၈ခုနှစ် မြန်မာနိုင်ငံကို စတင်ခြေချပြီးတဲ့ အချိန်က စလို့ ၂၁နှစ်အတွင်းမှာ ၁၄နှစ်ကျော် အကျဉ်းကျ ခံနေခဲ့ရတဲ့ လက်ရှိ နေအိမ်အကျယ်ချုပ် ကျခံနေရသူနဲ့ ကမ္ဘာမှာ လူသိအများဆုံး နိုင်ငံရေး အကျဉ်းသား တဦးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရချင်ပါတယ်လို့ ကြိုတင် မေတ္တာရပ်ခံ ထားခဲ့ပါတယ်။
ကုလသမဂ္ဂရဲ့ အရာရှိတွေ ပြောပြတာကတော့ ယခုအချိန်အထိ သူဟာ ထိန်းသိမ်းခံနေရတဲ့ အတိုက်အခံ ဒီမိုက်ရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရမယ် မရဘူးဆိုတာနဲ့ ပါတ်သက်ပြီး စစ်တပ် ဗိုလ်ချုပ်ကြီးများ ထံက တစုံတရာ ပြန်ကြားချက် မရရှိသေးဘူးလို့ သိရပါတယ်။
ဒါပေမယ့်လို့ သူအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်ဖေါက်ဖျက်မူနဲ့ စွပ်စွဲပြီး တရားစွဲဆို စဉ်ကတည်း ကစပြီး သူမရဲ့ ရှေ့နေအဖြစ်ဆောင်ရွက်ခဲ့သူများဖြစ်တဲ့ ဦးကြည်ဝင်း၊ ဦးဥာဏ်ဝင်း၊ ဦးလှမျိုးမြင့်နဲ့ ဒေါ်ခင်ဌေးကြွယ် တို့ကိုတော့ ယနေ့ နေခင်းပိုင်းမှာ မြရိပ်ညိုဟိုတယ်မှာ ဒီနေ့ နေ့ခင်းပိုင်းက တွေ့ဆုံခွင့် ရခဲ့တယ်လို့ သိရပါတယ်။
အဲဒီတွေ့ဆုံဆွေးနွေးမူ အပြီးမှာ မစ္စတာ သောမတ်စ် အိုဟေး ကင်တားနား ဟာရခိုင်ပြည်နယ်၊ စစ်တွေမြို့ကို ညနေပိုင်းမှာ လေယာဉ်နဲ့ သွားရောက်ပြီးတော့ မြန်မာ-ဘင်္ဂလားဒေရှ့် နယ်စပ်ဒေသမှာရှိတဲ့ လူ့အခွင့်အရေး အခြေအနေများကို သွားရောက်လေ့လာ လိမ့်မယ်လို့လဲ သိရပါတယ်။
တချိန်ထဲမှာပဲ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ညနေပိုင်းကမှ လွတ်မြောက်လာခဲ့တဲ့ NLD ဒုဥက္ကဌ ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးတင်ဦးဟာ ယနေ့ တနလာင်္နေ့ နံနက်ပိုင်းက စပြီး NLD ရဲ့ ဗဟိုဌာနချုပ်မှာ သူ့ရဲ့ တာဝန် ဝတ္တရားတွေကို စတင်ထမ်းဆောင်ခဲ့ပါတယ်။
ဦးတင်ဦးက NLD ပါတီရဲ့ ကိုယ်စား ပြောပြခဲ့တာကတော့ သူတို့ပါတီ အနေနဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မြန်မာနိုင်ငံကို လာရောက်တဲ့ ကိစ္စအပေါ် လှိုက်လှိုက်လှဲလှဲ ကြိုဆိုလိုက်ပြီး မစ္စတာ သောမတ်စ် အိုဟေး ကင်တားနား ဟာ အနေနဲ့ မြန်မာနိုင်ငံအတွက် ပိုမိုကောင်းမွန်တဲ့ ဖြစ်ပေါ်တိုးတက် ပြောင်းလဲမှုတွေကို ဖေါ်ဆောင်ပေးနိုင်မယ်လို့ ယုံကြည်ကြောင်း ပြောပြခဲ့သလို သူ့အနေနှင့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရရေး အတွက် စစ်အာဏာပိုင်များထံတောင်းဆို သွားမည်ဟု ပြောဆို သွားခဲ့ပါသည်။
ပြည်တွင်းသတင်းထောက် (ရွှေဝါရောင် သတင်းလွှာ )