7.19.2010

နအဖကျင်းပသည့် အာဇာနည်နေ့ အခမ်းအနားနှင့် NLD ကျင်းပသည့် အာဇာနည်နေ့ အခမ်းအနား

Photobucket
Photobucket
ရန်ကုန်၊ ဇူလိုင် ၁၉။ 
ဗိုန်ချုပ်အောင်ဆန်းနှင့် တကွ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ရသည့် ၆၃ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ရန်ကုန်မြို့ရှိ အာဇာနည်ဗိမန်တွင် ယခင် ၂နှစ်က ကဲ့သို့ပင် ထူးခြားမှုမရှိပဲ နအဖတို့က ကျင်းပပေးခဲ့ပါသည်။
ယနေ့နံနက် စောစောပိုင်းက အာဇာနည်ကုန်းတွင် ကျင်းပခဲ့သော အာဇာနည်နေ့ အခမ်းအနားတွင် ယခင် ၂ နှစ်ကနှင့် မထူးခြားပဲ ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်းက နအဖ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုယ်စား တက်ရောက်ခဲ့သလို လုံခြုံရေးများကိုလည်း တင်းကြပ်စွာ ချထားပါသည်။ ထို့အတူ မြန်မာနိုင်ငံအခြေစိုက် ကုလသမဂ္ဂ အရာရှိများနှင့် နိုင်ငံခြား သံတမန်များကိုလဲ ဖိတ်ကြားခြင်း မရှိခဲ့ပါ။ 
နိုင်ငံရေးအကဲခတ်များက ထိုသို့လုပ်ဆောင်နေမှုများသည် နိုင်ငံတော် အခမ်းအနားဖြင့် ပြုလုပ်ကြရသော အာဇာနည်နေ့ အခမ်းအနားကို သေးသိမ်အောင် ပြုလုပ်နေကြခြင်းသာ ဖြစ်ကြောင်း သုံးသပ်ကြပါသည်။ ဗိုလ်မှူးချုပ်အောင်သိန်းလင်း ထွက်ခွာသွားပြီး မကြာမီတွင် အာဇာနည်ခေါင်းဆောင်ကြီးများကို လေးစားသူ များက လွမ်းသူ့ပန်းခွေများချခြင်း ၊ အလေးပြုခြင်းများ ပြုလုပ်ကြပါသည်။
သို့ရာတွင် မြန်မာ့လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း၏ သမီးထွေး ဖြစ်သူ ဒေါ်အောင်ဆန်း စုကြည်မှာမူ နေအိမ်အကျယ်ချုပ် ကျခံနေရခြင်းကြောင့် တက်ရောက်နိုင်ခြင်း မရှိခဲ့ပါ။ ဒေါ်အောင်ဆန်း စုကြည်သည် ပုံမှန်အနေအထား ပြင်ပတွင် ရှိနေစဉ်က သူမ၏ ဖခင်နှင့် အာဇာနည် ခေါင်းဆောင်ကြီးများကို အလေးပြုရမည့် အာဇာနည်နေ့ အခမ်းအနားများကို ပျက်ကွက်ခဲ့ဘူးခြင်း မရှိပါ။ 
ဒေါ်အောင်ဆန်းစုကြည်၏ ပါတီဖြစ်သော NLD ပါတီကလဲ အာဇာနည်နေ့ အခမ်းအနားကို ပါတီ ဒုဥက္က ဖြစ်သူ သူရဦးတင်ဦး၏ နေအိမ်တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။ ထိုအခမ်းအနားသို့ NLD ဗဟိုကော်မတီဝင် ဦးဝင်းတင်နှင့် ပါတီဝင် ၃၀၀ ခန့် တက်ရောက်ကြပြီး အခြားစိတ်ပါဝင်စား သူများလည်း တက်ရောက်ခဲ့ ကြပါ သည်။
အခမ်းအနားကျင်းပ အပြီးတွင် NLD လူငယ်အဖွဲ့ဝင် ၄၀ ကျော်ခန့်က ပန်းခွေများ ကိုင်ဆောင်ကာ အာဇာနည် ဗိမာန်ရှိရာ အာဇာနည်ကုန်းသို့ ချီတက်သွားပြီး ပန်းခွေချ အလေးပြုခဲ့ကြပါသည်။ ထိုသို့ ဆောင်ရွက်မှု အပေါ် အနီးကပ်လိုက်လံ စောင့်ကြည့်မှုများရှိသော်လည်း ပန်းခွေချ အလေးပြု ခွင့်ရရှိ ခဲ့သည်ဟု သိရပါသည်။
ပြည်တွင်းသတင်းထောက်(ရွှေဝါရောင် သတင်းလွှာ)

၆၃နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားဘန်ကောက်တွင် ကျင်းပ


ဇူလိုင် ၁၉
ထိုင်းနိုင်ငံ ဘန်ကောက်မြို့အခြေစိုက် မြန်မာ့ဒီမိုကရက်တစ်ကွန်ယက် BDN က ၆၃ နှစ်မြောက်အာဇာနည် နေ့ အခမ်းအနားတစ်ရပ်ကို ယမန်နေ့က ဘန်ကောက်မြို့ဘန်ဘော်နယ်မြေ ငါးသေတ္တာစက်ရုံဝင်းအတွင်း
အခန်းကျယ်တစ်ခုတွင် ကျင်းပခဲ့ကြသည်။
Burma Democratic Network BDN အဖွဲ့ကြီးအထဲတွင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ဘန်ကောက်)ပြည်ပ ရောက် အမျိုးသားကျောင်းသားများအဖွဲ့၊ ရခိုင်ဝံသာနုစာပေအသင်း ၊ ဒုက္ခသည်များကူညီ စောင့်ရှောက်ရေး အဖွဲ့ နှင့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအသင်းတို့ ပါဝင်ဖွဲ့စည်းထားသည်။
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအသင်းမှ အမျိုးသမီးရေးရာဌာနမှူး ဒေါ်သက်သက်ဦးက“ဗိုလ်ချုပ်ကို ကျမတို့ မမှီလိုက်ပေမယ့် ဗိုလ်ချုပ်ရဲ့လုပ်ရပ်ကို ကျမတို့ ကျောင်းစာတွေမှာသင်ခဲ့ရလို့ အထူး လေးစားပါတယ်၊ ဗိုလ်ချုပ်တို့ရဲ့ တိုင်းပြည်အတွက် ပေးဆပ်ခဲ့မှုတွေဟာ ဘယ်အရာနဲ့မှ နှိုင်းမရ လောက်အောင် ကျေးဇူးကြီးမားတယ်လို့ ကျမထင်မှတ်ပါတယ်။ အာဇာနည်တွေကို အလေးပြုချင်လို့၊ တန် ဘိုးထားလွန်းလို့ အခုလို အခမ်းအနား ကျင်းပရခြင်းဖြစ်ပါတယ်။ ကျမမိတ်ဆွေတွေ၊ အလုပ်သမားတွေ ကိုလည်း အာဇာနည်တွေ အကြောင်းကို ပြောပြပါတယ်”ဟု ပြောသည်။
အခမ်းအနားကို နံနက် ၁၀နာရီတွင်စတင်ကျင်းပခဲ့ပြီး ဗိုလ်ချုပ်နှင့် အာဇာနည်ခေါင်းဆောင်တို့ လုပ်ကြံ ခံခဲ့ရသည့် ၁၀နာရီ၃၇ မိနစ်တွင် ၀မ်းနည်အောက်မေ့ဘွယ် အာဇာနည်သီချင်းများကို ဖွင့်လှစ်ပြီး အာဇာနည် ခေါင်းဆောင်တို့အား ကြွရောက်လာသူ ၅၀ ၀န်းကျင်တို့က ဦးညွတ်ပြီး အလေးပြုကြပါသည်။
ထို့နောက် ကြွရောက်လာသူများက အာဇာနည်များ၏ ဓါတ်ပုံများရှေ့တွင် ပန်းတစ်ပွင့်ကျစီ ငွေဖလား အတွင်း စိုက်ထူကြသည်။ သဘာပတိ ဆရာတော်တစ်ပါးက မေတ္တာသုတ်တော်ကို ရွတ်ဖတ်ပြီးနောက် လှူဖွယ်ဝတ္ထုများ ဆက်ကပ် လှူဒါန်းပြီး အာဇာနည်ခေါင်းဆောင်များအား အမျှပေးဝေကြသည်။
ဤအခမ်းအနားသို့ တက်ရောက်ခဲ့သူတစ်ဦးဖြစ်သည့် ဗိုလ်ရဲထက်က “ပြည်တွင်းက တပ်မတော်သားတွေကို ကျနော်ပြောချင်တာက ဗိုလ်ချုပ်တို့ ပေးဆပ်ခဲ့တဲ့ ကျေးဇူးတွေကို လက်ရှိစစ်ခေါင်းဆောင်တွေ မသိချင် ယောင်ဆောင်၊ မေ့ချင်ယောင်ဆောင်ချင်သလောက် ဆောင်နေပါစေ၊ သူတို့ ကျေးဇူးကန်းချင်သလောက် ကန်းနေပါစေ၊ တပ်မတော်ကို စတင်ထူထောင်ခဲ့တဲ့၊ လွတ်လပ်ရေးအရယူခဲ့တဲ့ ဗိုလ်ချုပ်နဲ့ အာဇာနည်ခေါင်း ဆောင်တွေကို မမေ့မလျှော့ကြဖို့နဲ့ အမှန်တရားဘက်က၊ ပြည်သူဘက်က ဗိုလ်ချုပ်တည်ထောင်ခဲ့တဲ့ ပြည်သူ့ တပ်မတော်သားအဖြစ် ရပ်တည်ပေးကြပါ၊ အာဏာရှင်လူတစ်စုရဲ့လက်ကိုင်တုတ်မဖြစ်ကြပါစေနဲ့လို့ ပြောချင်ပါတယ်” ဟု ဆိုသည်။
နေ့လည်ပိုင်းတွင် အခမ်းအနားကို ခေတ္တရပ်နားပြီး ကြွရောက်လာသူများ နေ့လည်စာ ထမင်းဖြင့်ကျွေးမွေး ဧည့်ခံကြသည်။ ဒုတိယအချိန် အခန်းအနားပြန်ကျင်းပသည့်အခါ အဖွဲ့အစည်း အသီသီးမှ ကိုယ်စားများနှင့် တက်ရောက်လာသူများက မြန်မာနိုင်ငံရေး အနေအထားအချို့တို့ကို အပြန်အလှန်တင်ပြ ဆွေးနွေးကြသည်။
ပြည်ပရောက် အမျိုးသားကျောင်းသားများအဖွဲ့မှ နိုင်ငံခြားဆက်ဆံရေး ကိုမြတ်မောင်က “လက်ရှိစစ်ခေါင်း ဆောင်တွေက ဗိုလ်ချုပ်နဲ့ အာဇာနည်ခေါင်းဆောင်တွေကို မေ့ချင်ယောင်ဆောင်နေပေမယ့် ကျနော်တို့  မေ့ လို့မရဘူး၊ ကိုယ်ကျိုးမဖက် တိုင်းပြည်အတွက် ပေးဆပ်ခဲ့တဲ့ ဗိုလ်ချုပ်နဲ့ အာဇာနည်တွေရဲ့ ကျေးဇူးတရား တွေဆိုတာ ကမ္ဘာတည်သရွေ့ တည်ရှိနေမယ်လို့ ပြောချင်ပါတယ်” ဟုပြောပြခဲ့သည်။
အခမ်းအနားနှင့် အခမ်းအနားပြီးစီးပြီး နောက်ပိုင်းတွင်း “ဗိုလ်ချုပ်ပြောသောနိုင်ငံရေး” စာတမ်းငယ်နှင့်အတူ
၁၉၄၇ ခုနှစ်ဇူလိုင်လ ၁၉ ရက်နေ့တွင် လုပ်ကြံခံခဲ့ရသည့် ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြ၊ ဒီဒုတ်ဦးဘချို ဦးရာဇတ်၊ မန်းဘခိုင်၊ ဦးဘ၀င်း၊ မိုင်းပွန်စော်ဘွားကြီးစ၀်စံထွန်း၊ အတွင်းဝန်ဦးအုန်းမောင်နှင့် သက်တော်စောင့် ရဲဘော် ကိုထွေးတို့၏ အမည်များကို ရေးသားဖေါ်ပြထားသည်။
အဆိုပါ လက်ကမ်းစာတမ်းငယ်တွင် အာဇာနည်ခေါင်းဆောင်များအား လုပ်ကြံသတ်ဖြတ်သည့် ရန်ကြီးအောင်၊ သက်နှင်း၊ မောင်စိုး၊ စိန်ကြီးနှင့် သုခ အမည်များကိုလည်းရေးသားဖေါ်ပြထားသည်။ ထို့အပြင် အင်စိန်ထောင်ကြိုးတိုက်တွင် သေဒဏ်ပေးခြင်းခံခဲ့ရသည့် ဂဠုန်ဦးစော၊ မောင်စိုး၊ သက်နှင်း၊ မှုံကြီး(ခေါ်) မောင်မှုန်၊ စိန်ကြီး(ခေါ်)မောင်စိန်(ခေါ်)လှအာင်နှင့် ရန်ကြီးအောင်(ခေါ်)လှထွန်းတို့ ၏ အမည်များကိုပါ ဖေါ်ပြထားသည်။
သေဒဏ်မှ ထောင်တစ်သက်တစ်ကျွန်းသို့ ပြောင်းရွေ့ကျခံရသူများမှာ သုခ၊ ခင်မောင်ရင်၊မောင်နီ(ခေါ်)ဘိုနီ တို့ဖြစ်ကြကြောင်း ဘန်ကောက်မြို့တွင် ယခင့်ယခင်နှစ်များက ကျင်းပခဲ့သည့် အာဇာနည်နေ့ အခမ်းအနား ထုတ်ပြန်ကြေညာချက်များ၊ လက်ကမ်းစာစောင်များတွင် ဖေါ်ပြလေ့မရှိသည့် အထက်ပါ အာဇာနည်ခေါင်း ဆောင်များအား လုပ်ကြံသတ်ဖြတ်သူများ စာရင်းကို ဖေါ်ပြထားသဖြင့် လေ့လာဖတ်ရှုရသူများက အထူး ၀မ်းမြောက်ကြကြောင်း သိရှိရသည်။