3.11.2010

ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲ ဥပဒေ သုံးရပ်အပေါ် တရားမျှတမှု မရှိဟုဝေဖန်

ဒေါ်အောင်ဆန်းစုကြည်က ယခုလက်ရှိ ထုတ်ပြန်သည့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေသုံးရပ်သည် ပြည်သူ လူထုများကို စိန်ခေါ်မှုသာဖြစ်၍ ပြည်သူလူထုများ အနေဖြင့် ဥပဒေများကို တညီတညွတ်တည်း ရင်ဆိုင် သွားရမည်ဟု ပြောခဲ့ပါသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ယနေ့ နေ့လည်ပိုင်းတွင်တွေ့ဆုံခဲ့သူ ဦးဥာဏ်ဝင်းက ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရရဲ့ အခုထုတ်ပြန်ခဲ့တဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေဟာ ပုဂ္ဂိုလ်တဦးတယောက်ကို ရည်ရွယ်တဲ့ သဘောမျိုးဖြစ်နေပြီး ဒါဟာ ဥပဒေရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေတယ်လို့ ပြောခဲ့ကြောင်း ပြန်လည် ပြောပြခဲ့ပါတယ်။
ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်က NLD ခေါင်းဆောင်များကို ညွှန်ကြားခဲ့တာကိုတော့ လက်ရှိ အခြေအနေမှာ ထုတ်ဖေါ်ပြောပြနိုင်ခြင်း မရှိသေးကြောင်း ဦးဥာဏ်ဝင်း က ပြောပြခဲ့ပါသည်။ ဦးဥာဏ်ဝင်းက ဆက်လက်ပြောပြရာတွင် ဒေါ်အောင်ဆန်းစုကြည်က ထိုဥပဒေ သုံးရပ်သည် နိုင်ငံရေးပါတီများနှင့် နိုင်ငံရေး အကျဉ်းသားများ အပေါ် တရားမျှတမှု မရှိသော ဖိနှိပ်သော ဥပဒေဖြစ်သည်ဟု ဝေဖန်ပြောဆိုသွားခဲ့သည် ဟု ပြောပြပါသည်။
ထိုဥပဒေသုံးရပ်ကို သေချာစွာ ဖတ်ရှုပြီးနောက် အထက်ပါ ဝေဖန်ချက်များ ပေးခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် စိတ်ပျက်အားလျှော့သော မည်သည့် အရိပ်အယောင်ကိုမျှ ပြသခဲ့ခြင်းမရှိဟု ဦးဥာဏ်ဝင်းက အထူးပြု ပြောပြခဲ့ပါသည်။
တဆက်တည်းမှာပင် နအဖက ၏ ပြည်တွင်း သတင်းဌာနများက ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များစာရင်းကို ထုတ်ပြန်ခဲ့ရာတွင် ကော်မရှင် ဥက္ကဌအဖြစ် ယခင်စစ်တပ် ဗိုလ်မှူးကြီးဟောင်းနှင့်  တရားရေးဝန်ကြီးဟောင်း ဦးသိန်းစိုးသည် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌဖြစ်လာခဲ့သည်ဟု သိရပါသည်။
ပြည်တွင်းသတင်းထောက် (ရွှေဝါရောင် သတင်းလွှာ)

အမည်မသိ လူသတ်သမားများကြောင့် မြန်မာအလုပ်သမားတစ်ဦး ပွဲချင်းပြီးသေဆုံး

Photobucket
မတ်လ ၁၁
ဘန်ကောက်မြို့ အနီး စမူပါကန် နယ်မြေ အမှတ်၅ ရှိဖက်ကစံရွာ အိမ်အမှတ် ၅/၂ တွင် နေထိုင်သည့် မြန်မာ အလုပ်သမား တစ်ဦးအား အမည်မသိလူသတ်သမား ၃ဦးက လာရောက်သတ်ပစ်ခဲ့ကြောင်း ယနေ့ထုတ် ထိုင်းရပ် သတင်းစာတွင် ဖေါ်ပြထားသည်။
အိမ်နီးချင်း မျက်မြင်သက်သေများ အဆိုအရ မြန်မာအလုပ်သမား အသက်၂၄နှစ် အရွယ် အောင်မိုးမင်း ဆိုသူ နေထိုင်သည့် အခန်းသို့ ပြီးခဲ့သည့် သန်းခေါင်ယံအချိန်က အမည်မသိ အသက်၂၀ ကျော်အရွယ် လူငယ် ၃ဦး ရောက်ရှိလာခဲ့သည်။
အခင်းဖြစ်ပွားသည့် အခန်းနှင့် မနီးမဝေးသည့် ထမင်းဆိုင်တွင် လူသတ်သမားဟု ယူဆရသူ ၃ဦးကခဏ နားနေပြီး အခြေအနေကို စောင့်ကြည့်ခဲ့သည်ဟု ဆိုသည်။ ထို့နောက် သေဆုံးသူကို လက်ပြန်ကြိုးတုတ်ပြီး ယာဘက်နံစောင်းတွင် ဓါးဖြင့် ထိုးသတ်ခဲ့ပြီး များမကြာမီ အချိန်အတွင်း လျှင်မြန်စွာ ပြန်လည် ထွက်ခွာသွားကြကြောင်း မျက်မြင်သက်သေက ပြောဆိုသည်။ အဆိုပါ သုံးဦးမှာ မြန်မာ သို့မဟုတ် ထိုင်းဟူ၍ တိတိကျကျမသိကြောင်း လည်းဆက်လက် ပြောဆိုထားသည်။ နယ်မြေရဲစခန်းမှူး ထိုင်ချနုန် ၀ယ်လို လပ်စုပွန်က သေဆုံးချိန် တစ်နာခန့်သာ ကြာသေးကြောင်း သတင်းထောက်ကို ပြောသည်။ မည်သို့သော အကြောင်းကြောင့် လူသတ်မှု ဖြစ်ကြောင်းနှင့် တရားခံများ မည်သူဖြစ်သည်ကို စုံစမ်းမည် ဖြစ်ကြောင်း ဆက်လက် ပြောဆိုသည်။
သေဆုံးသူမှာ V LPK 2003 ကုမ္ပဏီတွင်လုပ်ကိုင်သော မြန်မာအလုပ်သမားဖြစ်ကြောင်းကိုသာ ဖေါ်ပြ ထားပြီး လုပ်ငန်း အမျိုးအစားကိုမူ သီးခြား ဖေါ်ပြထားခြင်းမရှိပါ။

မြန်မာအလုပ်သမားများ တင်ဆောင်လာသည့် ကားတိမ်းမှောက်

Photobucket
မတ်လ ၁၀
ကိုတီး(ရခိုင့်တံခွန်ဂျာနယ်) 
မြန်မာအလုပ်သမားများနှင့် ပန်းရံလုပ်ငန်းခွင်များတွင် အသုံးပြုသည့် သံနန်းချောင်းများ တင်ဆောင် လာသည့် ကားတိမ်းမှောက်၍ အလုပ်သမားအချို့ ဒဏ်ရာပြင်းထန်သဖြင့် ချင်းမိုင်ဆေးရုံတွင် အတွင်းလူနာ အဖြစ် ဆေးဝါး ကုသမှု ခံနေရကြောင်း သိရှိရသည်။

မတ်လ ၉ရက်နေ့ နေ့လည်ပိုင်းက ချင်းမိုင်မြို့နယ် ခေါင်တန်နှင့် မဲအိုင်အဝေးလမ်းမကြီး နယ်မြေအမှတ်၃ ချင်းမိုင်မြို့နယ် စံကန်ဖေမြို့ ၀ခိုင်းရွာအနီးတွင်( အီစူဇူး ၈၂/၅၂၄၁ )ကား အရှိန်မြှင့်တင် မောင်းနှင်သဖြင့် ကားလမ်းမပေါ်တွင် ဘေးတိုက်အနေအထား တိမ်းမှောက်သွားခဲ့သည်။ ကားတိမ်းမှောက်မှုကြောင့် မြန်မာ အလုပ်သမား ၁၅ဦး ဒဏ်ရာ အနည်းငယ်ရရှိသွားခဲ့ပြီး ၅ဦးမှာ ဒဏ်ရာပြင်းထန်သဖြင့် ချင်းမိုင်ဆေးရုံတွင် အတွင်းလူနာအဖြစ် တင်ထားရသည်။

ချင်းမိုင်မြို့ နပ်ခေါဖိန် ဆေးရုံတွင် ၂ဦးနှင့် မဟာလနပ်ခေါ ဆေးရုံတွင် ၃ဦးတို့အား အတွင်းလူနာအဖြစ် ဆေး ၀ါး ကုသမှု ခံယူနေရသည်။ ဒဏ်ရာအနည်းငယ် ရရှိကြသော မြန်မာအလုပ်သမား ၁၅ဦးကိုမူ စံကန်ဖေဆေးရုံတွင် ကုသမှု ခံယူနေကြောင်း ထိုင်းနိုင်ငံထုတ် ထိုင်းရပ်သတင်းစာတွင် ဖေါ်ပြထားသည်။

အမှုစစ်ရဲအရာရှိ မူဆ်ီကာရှိန်က ကားအရှိန်ပြင်လို့ မှောက်တာလား အခြားအကြောင်းတွေကြောင့်လား ဆိုတာ သေသေချာချာ စစ်ဆေးပြီး အရေးယူသွားမည် ဖြစ်ကြောင်း အဆိုပါ သတင်းစာတွင် ဖေါ်ပြ ထားသည်။

ထိခိုက်ဒဏ်ရာသည့် လူများမှာ မြန်မာနိုင်ငံမှ ရှမ်းတိုင်းရင်းသားများဖြစ်ပြီး အမျိုးသမီး အမျိုးသား ခွဲခြား ရေးသားထားခြင်း မရှိပါ။ ၂၀၀၉ အကုန်ပိုင်းကလည်း ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့တွင် ပန်းရံ လုပ်ငန်းခွင်သို့ သွားသည့် ကားတစ်စီး တိမ်းမှောက်ခဲ့သဖြင့် မြန်မာအလုပ်သမား အချို့ ဒဏ်ရာရရှိခဲ့ ဖူးသည်။