1.18.2011

လာမည့် ၂၄ ရက်နေ့တွင် NLD အယူခံကို နေပြည်တော် တရားရုံး ကြားနာမည်

ရန်ကုန် ဇန်နဝါရီ ၁၈။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရှေ့နေကြီး သုံးဦးသည် လာမည့် ၂၄ ရက်နေ့တွင် ရွေးကောက်ပွဲ ကော်မရှင်၏ NLD ပါတီအား နိုင်ငံရေးပါတီ အဖြစ်မှ ပယ်ဖျက်သော ထုတ်ပြန်ချက်ကို ပယ်ဖျက်ပေးရန် တရားစွဲဆိုထားသည့် အမှုအတွက် သွားရောက် လျှေက်လဲချက်ပေးရမည်ဟု ထိုရှေ့နေ သုံးယောက်တွင် တစ်ဦးအပါအဝင်ဖြစ်သူ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောပါသည်။
ထိုအထူးအယူခံလျှောက်ထားမှုသည် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD ပါတီကို လွန်ခဲ့သောနှစ် မတ်လ ၈ ရက်နေ့မှ မေလ ၆ ရက်နေ့အထိ ရက် (၆၀) အတွင်းပါတီကို ပြန်လည်မှတ်ပုံတင်ရန် ငြင်းဆိုခဲ့သည့်အတွက် ရွေးကောက်ပွဲ ကော်မရှင်၏ ထုတ်ပြန်ကြေငြာချက်ကို တရားစွဲဆိုခဲ့သည့် အမှုဖြစ်ပါသည်။
၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် NLD ပါတီကို တရားမဝင်တော့ကြောင်း ထုတ်ပြန်နိုင်သော အခွင့်အရေး ရွေးကောက်ပွဲ ကော်မရှင်တွင် မရှိဟူသည့် အချက်အပေါ်မူတည်၍ တရားစွဲဆိုခဲ့ခြင်းးလည်း ဖြစ်ပါသည်။
ထိုတရားစွဲဆိုလျှောက်ထားမှုကို ရန်ကုန် ဗဟိုတရားရုံးချုပ်မှ ပြီးခဲ့သောနှစ် နိုဝင်ဘာ ၂၂ရက်နေ့ ကပယ်ချခဲ့ပြီးဖြစ်ရာ ယခု နေပြည်တော် တရားရုံးချုပ်မှ ကြားနာမည့် အယူခံသည် NLD အတွက် ဥပဒေကြောင်းအရ နောက်ဆုံး အယူခံလည်း ဖြစ်ပါသည်။
ထိုသို့ ပယ်ချခဲ့လျှင် NLD ပါတီအတွက် နိုင်ငံရေးပါတီအဖြစ် တရားဝင် ရပ်တည်နိုင်မှုကို ထိခိုက်လာနိုင်စရာ ရှိပါသည်။ သို့ရာတွင် NLD ပါတီကမူ မည်သို့ပင်ဖြစ်စေ နိုင်ငံရေး အစုအဖွဲ့ အနေဖြင့် ဆက်လက်ရပ်တည်သွားမည်ဟု ကြေငြာထားခဲ့ပြီး ဖြစ်ပါသည်။
ပြည်တွင်းသတင်းထောက်(ရွှေဝါရောင် သတင်းလွှာ)