2.19.2011

တာချီလိတ် အထူးရဲတပ်ဖွဲ့က အရပ်သားဈေးဆိုင်ခန်းများအား အဓ္ဓမ ရုပ်သိမ်း

Photobucket
ဖေဖေါ်ဝါရီလ ၁၉

တာချီလိတ်မြို့ ယာယီပတ်စပို့ ရုံးအနီး အရပ်သားများရောင်းချနေသည့် ဈေးဆိုင်ခန်း ၈ခန်းအား တာချီလိတ် အခြေစိုက် အထူးရဲတပ်ဖွဲ့ SB က အဓမ္မရုပ်သိမ်းလိုက်သဖြင့် ပစ္စည်းတန်ဘိုး ကျပ် သိန်းတစ်ထောင် ထက်မနည်း ဆုံးရှုံးခဲ့ကြောင်း မြို့ခံများ ပြောပြချက်အရ သိရသည်။

တာချီလိတ်မြို့ စံဆိုင်ရပ်ကွက် အောင်ချမ်းသာတိုက်တန်း ဗိုလ်ချုပ်လမ်း ရှမ်းရိုးမကွင်းရှေ့တွင်ရှိသော ယာယီပတ်စပို့လုပ်သည့် စခန်းတွင်ဖြစ်သည်။ ယခင် ယူနီဗာဆယ်ဘဏ်ဟောင်း အဆောက်အဦးကို ဗဟိုပြု၍ ဆေးခန်း၂ခန်းအပါအ၀င် ဘယ်ဘက် ၄ခန်း ယာဘက်၎ခန်း စုစုပေါင်းဈေးဆိုင်ခန်း ၈ခန်းတို့ ကို ပြီးခဲ့သည့် ၂နှစ်ခန့် ကတည်းက SB ဌာနမှ အရပ်သားများအား တစ်ခန်းလျှင် တစ်လ ဘတ် ၃၀၀၀နုန်းဖြင့် အငှါးချ ထား ခဲ့ခြင်းဖြစ်သည်။

နေ့စဉ် ရာချီရှိသည့် ထိုင်းနိုင်ငံရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားများ ယာယီပတ်စပို့ လာရောက် လုပ်ကိုင်ကြ သဖြင့် အဆိုပါ နေရာတွင် ဈေးရောင်းနေကြသည့် မြန်မာဈေးသည်များအသင့်အတင့် အရောင်း အ၀ယ်ကောင်းခဲ့ကြကြောင်း ဈေးသည်များနှင့် နီးစပ်သူတို့ က ပြောသည်။

“ကျနော်တို့ကို ဇန်န၀ါရီလကုန်က ဆိုင်တွေကို ပိတ်ပိတ် ဆိုပြီး ပိတ်ခိုင်းပြီး ဓါတ်ပုံရိုက်ပါတယ်။ ပစ္စည်းတွေ သိမ်းခိုင်းပြီးတော့ နောက်နေ့ကျတော့ SB က စခန်းမှူးတို့ တပ်ကြပ်ကြီးတို့တွေ ၀င်ရောက်ပြီးတော့ ဈေးလာရောင်းကြပါတယ်၊ ကျနော်တို့ဆိုင်အတွင်းမှာ ၀ယ်ထားတဲ့ ပစ္စည်းတန်ဘိုးတွေက ကျပ်ငွေ သိန်းတစ်ရာ ထက်မနည်းရှိပါမယ်” ဟု ဈေးသည်တစ်ဦးက ပြောသည်။

တာချီလိတ် SB တပ်ဆွယ်မှ ဦးဇော်မင်းသန်း မပြောင်းရွေ့ခင် အဆိုပါ ပြည်သူပိုင် အငှါးချထားသည့် ဈေးဆိုင် ခန်းများအား ဈေးရောင်းနေသူများသို့ကြိုတင်အကြောင်းကြားမှု တစ်စုံတစ်ခု မရှိပဲ အတင်းအဓ္ဓမ သိမ်းပိုက်ခဲ့ သည်။ ထို့နောက် ယခုအသစ်ရောက်ရှိလာသည့် ရဲမှူး ဦးမျိုးမင်း က ၀န်ထမ်းသက်သာ အမည်ဖြင့် အကောင် အထည်ဖေါ်နေခြင်းဖြစ်သည်။ ယာယီပတ်စပို့ လာရောက်လုပ်ကိုင်ကြသည့် မြန်မာ အလုပ်သမားများအား အခြားနေရာသို့ ထွက်ခွာခွင့်မပြုပဲ အဆိုပါ SB တပ်ဖွဲ့ဝင်မိသားစုများ ရောင်းချကြသည့် ဆိုင်ခန်းများတွင်သာ ဈေးဝယ်ရမည်ဖြစ်ကြောင်း ဘန်ကောက်မြို့မှ ပတ်စပို့ ကိုယ်စားလှယ်များနှင့် ရဲအုပ် ဦးကျော်ထင်တို့က ကြပ်မတ်ပြောဆိုနေကြောင်း သိရှိရသည်။

“သူတို့တွေရောင်းချင်ရင် အခြားနေရာလွတ်တွေရှိတာပဲလေ၊ခုဈေးသယ်တွေ ပစ္စည်းလက်ကျန်တွေကို ခုံက လေးချပြီး ရောင်းနေရတယ်၊အဲဒါကို ဒီမှာဝယ် ဒီမှာဝယ် ဘာညာဆိုပြီး ဈေးဝယ်သူတွေကို အော်တယ်။ ပြီးတော့ နေပြည်တော်ကလာတဲ့ SB တွေလာပြီး ဆရာလာလုပ်နေလို့ အထက်ကလာတဲ့ လူတွေလည်း မကျေမနပ်ဖြစ်နေတာ မြင်ရတယ်၊ တာချီလိတ် SBရုံးက တာလော့ ရပ်ကွက်မှာ ရှိတာလေ၊ ယာယီပတ်စပို့ လုပ်ငန်းတွေနဲ့ မသက်ဆိုင်ပဲ သူတို့ တာဝန်ချိန် မဟုတ်ပဲ သူတို့ မိသားစုတွေနဲ့ လာပြီးတော့ ပလပ်စတစ်လောင်း ဈေးရောင်း နေကြတာရှင့်” ဟု ဈေးသည်အမျိုး သမီးတစ်ဦးက ပြောသည်။

အသိမ်းခံရသည့် ဆိုင်ခန်းများတွင် ကုန်စုံဆိုင်၊ ထမင်းဆိုင် ၊ ပဒုမ္မာတိတ်ခွေအငှါးဆိုင် ၊ လပြည့်ဝန်းမိတ္တူဆိုင် တို့အပြင်သွားဆေးခန်း နှင့် အထူးကုဆေးခန်းတို့ ပါဝင်သည်။ သွားဘက်ဆိုင်ရာ ဆေးခန်းနှင့် အခြားဆေးခန်းနှင့် မဒုမ္မာခွေဆိုင်တို့၏ဆိုင် အတွင်းပိုင်ဆိုင်ရာ ပြင်ဆင်ထားမှုတို့မှာ တန်ဘိုး မြင့်မားကြောင်း နီးစပ်သူများက ပြောသည်။ ဆံပင်မိတ်ကပ်အလှပြင်ဆိုင် တစ်ဆိုင်ကိုမူ သိမ်းယူခြင်းမရှိပေ။ ဒေသခံ အာဏာပိုင်များ အဓ္ဓမသိမ်းယူခြင်းကို ခံလိုက်ရသဖြင့် ၂နှစ်ကျော်ခန့် ဈေးရောင်း နေကြသည့် ဈေးသည်များမှာ ရပ်တည်ရေးအတွက်အခက်အခဲကြုံနေကြရသည်။လက်ကျန်ပစ္စည်းရောင်း ချနေခြင်း ကိုလည်း ယခုလကုန်အထိသာ ခွင့်ပြုတော့မည်ဖြစ်ကြောင်း SB မှ စခန်းမှူးရဲအုပ် ဦးကျော်ထင် က လာရောက်ပြောဆိုပြီး ဓါတ်ပုံများ လာရောက်ရိုက်နေသဖြင့် ဈေးဆိုင်ပိုင်ရှင်များမှာ စိုးရိမ်နေကြသည်။

ဘန်ကောက်မြို့မှ တာချီလိတ်သို့ CEO, PKA,TAM နှင့် NV စသည့် ယာယီပတ်စပို့ ပွဲစားကုမ္ပဏီများ လာ ရောက် လုပ်ကိုင်ကြကြောင်း သိရှိရသည်။ အဆိုပါ ကုမ္ပဏီများမှ မြန်မာကိုယ်စားလှယ်များအား SB ဈေးဆိုင် များတွင်သာ ဈေးဝယ်ရန် ညွှန်ကြားထားကြောင်း သိရှိရသည်။

၂၀၁၀ ခုနှစ် ဒီဇင်ဘာလ ကုန်ထိ ယာယီပတ်စပို့ လုပ်ကိုင်ပြီးစီးသူပေါင်း သုံးသိန်းခွဲ ကျော်ရှိပြီးဖြစ် ကြောင်း ထိုင်းအစိုးရ တရားဝင်ထုတ်ပြန်ချက်အရ သိရှိရသည်။ 
ကိုကျော်သောင်းမှ ပေးပို့ပါသည်။