2.04.2011

ရုပ်သေးရုပ် သမ္မတကြီးဟု ပြောင်းလဲ ခေါ်ဆိုကြပါရန်

ရန်ကုန် ဖေဖေါ်ဝါရီ ၄။
ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် စစ်တပ်ကိုယ်စားများအစုအဖွဲတို့မှ အပြီးသတ် ရွေးချယ်ထားသော ဒုတိယသမ္မတ သုံးယောက်ထဲမှ နအဖ ဝန်ကြီးချုပ်ဟောင်း ဦးသိန်းစိန်ကို နိုင်ငံတော် သမ္မတ အဖြစ် ယနေ့ ရွေးချယ်လိုက်ပြီဟု သိရပါသည်။
ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့သော လွတ်တော်ကိုယ်စားလှယ် ၆၅၉ဦးတက်ရောက်ခဲ့ကြသည့် အမျိုးသား လွှတ်တော်တွင် မဲစနစ်ဖြင့်ရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်ဟုဆိုပါသည်။
နေပြည်တော်မှ ဖုန်းဖြင့်ရရှိသော သတင်းများအရ ဦးသိန်းစိန်က မဲ ၄၀၈မဲဖြင့် သမ္မတ ဖြစ်သွားခဲ့ပြီး၊ သီဟသူရတင်အောင်မြင့်ဦးက ၁၇၁ မဲ့ဖြင့်ဒုတိယနှင့် ဒေါက်တာ စိုင်းမောက်ခမ်းက ၇၅ မဲဖြင့် တတိယနေရာ အသီးသီးရရှိပါသည်။ ၄င်းတို့မှာ ဒုတိယ သမ္မတ အဖြစ် ဆက်လက် ရှိနေမည်ဖြစ်ပါသည်။
၂၀၀၈ အခြေခံဥပဒေအရ ဦးသိန်းစိန်သည် သူ၏သမ္မတ လုပ်ပိုင်ခွင့်အာဏာကို လာမည့် (၁၁) ရက်နေ့တွင် ပြုလုပ်မည့် အစိုးရသစ်၏ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးတွင် စတင် ရရှိမည်ဖြစ်ပါသည်။
ထိုအခြေခံ ဥပဒေအရပင် ကောင်စီမှ သမ္မတ ၊ ဒုတိယသမ္မတ နှစ်ဦး ၊ ပြည်သူ့လွှတ်တော်၏ ပြောရေးဆိုခွင့်ရှိသူ၊ အမျိုးသားလွှတ်တော်၏ ပြောရေးဆိုခွင့်ရှိသူများအပြင် ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယကာကွယ်ရေး ဦးစီးချုပ် ၊ ကာကွယ်ရေး ဝန်ကြီး၊ နိုင်ငံခြားရေး ဝန်ကြီး ၊ ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ဒေသရေးရာ ဝန်ကြီးများကို ရွေးချယ်ခန့်အပ်ပေးရမည်ဟု ဆိုပါသည်။
လွှတ်တော်အစည်းအဝေးကို မနက်ဖြန် ၈ ရက်နေ့တွင် ဆက်လက် ကျင်းပသွားဦးမည် ဖြစ်ပါသည်။
ယခု လွှတ်တော်မှထွက်ပေါ်လာခဲ့သော နိုင်ငံတော် သမ္မတနှင့် ဒုတိယ သမ္မတ အားလုံးသည် စစ်တပ်၏ ကိုယ်ပွါးပါတီဟု လူသိများသော ကြံဖွံ့ပါတီမှ ပင်ဖြစ်ကြပါသည်။ ထို့အတူ ဦးသိန်းစိန်ကို ဝန်ကြီးချုပ် ဖြစ်ခဲ့စဉ်က ဦးသန်းရွှေ၏ ရုပ်သေးရုပ် ဝန်ကြီးချုပ်ဟု ခေါ်ဆိုလေ့ ရှိကြရာ၊ ယခုအခါတွင်မူ ရုပ်သေးရုပ် သမ္မတကြီးဟု ပြောင်းလဲခေါ်ရတော့မည်ဖြစ်ပါသည်။ 
ပြည်တွင်းသတင်းထောက်(ရွှေဝါရောင် သတင်းလွှာ) 

စစ်မှန်သော ဒီမိုကရေစီစနစ်ကို မတည်ဆောက်ပါက ဟက်ကာများ ဆက်လက်တိုက်ခိုက်နေဦးမည်ဟုဆို

five_subnets.jpg
ဖေဖေါ်ဝါရီ ၎
နအဖ စစ်အစိုးရအနေဖြင့် စစ်မှန်သော ဒီမိုကရေစီစနစ်အား မတည်ဆောက်ပါက Hackers ကွန်ပျူတာ နည်းပညာရှင်များက မိမိတို့ တတ်စွမ်းသမျှ ဆက်လက် တိုက်ခိုက်နေဦးမည်ဖြစ်ကြောင်း ပြည်တွင်းပြည်ပ ရှိ Hackers များ၊ Attackers များနှင့် Hack-Activities များက ပြောသည်။
BHG အဖွဲ့မှ မြန်မာစစ်အစိုးရအား အင်တာနက် စစ်ဆင်ရေးတိုက်ပွဲ ဆင်နွဲနေသည်မှာ ၄ ရက်ရှိပြီဖြစ်သည်။ မြန်မာစစ်အစိုးရ ဤတိုက်ခိုက်မှုကို အလူးအလဲခံနေရကြောင်း အဓိကအားဖြင့် စစ်တပ်သုံး အရေးကြီးသော (ထိန်းချုပ်မှုကွန်ယက်) Subnets ၃ ခုမှာ ပျက်စီးသွားပြီကြောင်း ဟက်ကာအုပ်စုကပြောသည်။
၂၀၁၀ ဒီဇင်ဘာလ ၃၀ ရက်နေ့မှ စတင်ပြီး မြန်မာစစ်အစိုးရ၏ Subnetsများနှင့် ISP များကို DDoS နည်းဖြင့် အပြင်းအထန် တိုက်ခိုက်နေကြသည်။ တိုက်ခိုက်သည့် အင်အားစုများကို Asia Zone နှင့် EU Zone ဟူ၍ ခွဲခြားထားသည်။ ပြည်တွင်း ပြည်ပရှိ Hackers များ Attackers များHack-Activities များမှ ပူးပေါင်း ပါဝင်လျက်ရှိသည်။
ပြည်တွင်းဟက်ကာတစ်ဦးက“ ကျနော်တို့ တိုက်ခိုက်တာကို စစ်အစိုးရ အလူးအလဲ ခံနေရတယ် ဆိုတာ ကျနော်တို့ သိရတယ်။ အရင်တုန်းကလည်း ကျနော်တို့ တိုက်ခိုက်လို့ ဦးတေဇ ရဲ့Wifi လိုင်စင်များကို ချပေးနေနတဲ့ Red link ကုမ္ပဏီနဲ့ နအဖဒေါက်တိုင် ခေတ်လူငယ်ဆိုတဲ့ ၀က်ဘ်ဆိုဒ်တွေဟာ လုံးဝကို ပျက်စီးသွားခဲ့ပါတယ်။ အခုတစ်ခါတော့ နအဖမီဒီယာတွေကို အပြုတ်ဖြုတ်နိုင်ဖို့ DDoS နည်းနဲ့ အဓိကကျတဲ့ နေရာတွေကို တိုက်ခိုက်နေပါတယ်။ ဒီတိုက်ခိုက်မှုကာလမှာ သူတို့အနေနဲ့ ပျက်စီး ဆုံးရှုံးမှုတွေ ရှိနေပါပြီ။ နောက်အေ၇းကြီးတဲ့နေရာတွေကိုလည်း ကျနော်တို့ဆက်တိုက် အပြင်းအထန် တိုက်ခိုက်နေပါတယ်” ဟုပြောသည်။
ပြည်ပ ဟက်ကာနည်းပညာရှင် ခေါင်းဆောင်တစ်ဦးက “ နအဖစစ်အစိုးရက အင်တာနက်စာမျက်နှာများ မှတဆင့် မီဒီယာကို မီဒီယာနဲ့ တိုက်ခိုက်နေခြင်းကို လက်တုံ့ပြန်တာလည်းဖြစ်တယ်၊ ပြည်ပအင်တာနက် စာမျက်နှာများနှင့် မီဒီယာတွေကို နအဖစစ်အစိုးရက DDoS နည်းဖြင့် တိုက်ခဲ့ခြင်းကိုပြန်လည် လက်စားချေခြင်းလည်းဖြစ်တယ်။ စစ်အစိုးရအား မတရားဖိနှိပ်မှုကို လက်မခံတာကို ပြတာလည်း ဖြစ်ပါတယ်။ အဓိကက စစ်မှန်တဲ့ ဒီမိုကရေစီ စံနစ်ကို မတည်ဆောက်လျှင် မည်သည့် တည်ငြိမ်မှုကိုမှ မရရှိကြောင်းကို ပြသလိုခြင်းကြောင့် လည်းဖြစ်ပါတယ်”ဟု ပြောသည်။
BHG (Blink Hacker Group) အနေဖြင့် မြန်မာစစ်အစိုးရ၏ အင်တာနက်စာမျက်နှာများနှင့် စစ်ရေးအရ အရေးကြီးသော Subnets များ၊ HostServers များ၊ ISP များကို ဦးဆောင် တိုက်ခိုက်လျက်ရှိသည်။ယခင် ၂၀၁၀ ရွေးကောက်ပွဲကာလမှ ယနေ့အထိ DDoS နည်းဖြင့် တိုက်ခိုက်လျက်ရှိသည်။၂၀၁၀ နှစ်ကုန်ပိုင်းမှ စတင်၍ ပြည်တွင်းပြည်ပ ရှိ Hackers များ၊ Attackers များ၊Hack-Activities များက မြန်မာအစိုးရနှင့် ပါတ်သက်သော Subnets(ထိန်းချုပ်မှုကွန်ယက်) များနှင့် ISP များကို DDoS နည်းဖြင့် အပြင်းအထန် တိုက်ခိုက် နေသဖြင့် ထိခိုက်နစ်နာမှုများ ရှိနေကြောင်း သိရှိရသည်။
ဤကဲ့သို့ တိုက်ခိုက်ခြင်းကြောင့် နအဖ အနေဖြင့် ပြန်လည်ပြုပြင်စရိတ် ဒေါ်လာသန်းချီ ကုန်ကျနေ သည့်အပြင်၊ အင်တာနက်အသုံးပြုကြသည့် ပြည်သူလူထု၏ ယုံကြည်အားထားမှု နည်းပါးလာမှုတို့ ကိုလည်း
ရင်ဆိုင်နေရသည်။ အထူးသဖြင့် ၄င်းတို့၏ စစ်ဘက်ဆက်သွယ်ရေး လမ်းကြောင်းကို ထိထိရောက်ရောက် ဖျက်ဆီးနိုင်သဖြင့် စစ်ဘက်အုပ်ချူပ်မှုမှာ များစွာ အခက်အခဲဖြစ်နေရသည်။ ထို့ကြောင့် နယ်စပ်ဒေသရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို BHG အနေဖြင့် တထောင့်တစ်နေရာမှ ၀ိုင်းဝန်း ကူညီပေးနေသည်ဟု ဟက်ကာများက ယုံကြည်နေကြသည်။
BHG အဖွဲ့အနေဖြင့် နိုင်ငံရေးအရ အဖြေတစ်ခုကို ရှာမတွေ့မချင်း ဆက်လက်တိုက်ခိုက်နေမည်ဖြစ်သည်။ BHG အဖွဲ့သည် တစ်ကြိမ်ထက်တစ်ကြိမ် ပိုမိုပြင်းထန်သော တိုက်ခိုက်မှုများကို ပြုလုပ်နိုင်ရင်ပြင်ဆင်နေ ကြသည်။ ယခုစစ်ဆင်ရေးကို အများပူးပေါင်းပါဝင်နိုင်အောင် Operation Burma အမည်ဖြင့် ပြုလုပ်နေသည်။ ယခုတိုက်ခိုက်မှုကို မည်သည့်အချိန်တွင် ရပ်တန့်မည်ဆိုသည်ကို မသိနိုင်သေးပေ။ နောက်ထပ်တစ်ကြိမ် တိုက်ခိုက်လျှင် ဤထက်ပိုမိုပြင်းထန်သော တိုက်ခိုက်မှုမျိုးကို ပြုလုပ်မည်ဖြစ်ကြောင်း
ဟက်ကာများက ပြောဆိုကြသည်။
ယခုကဲ့သို့ နည်းပညာများဖြင့် နအဖအား တိုက်ခိုက်နေမှုများကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ရပ်တန့်ခိုင်းမှ သာလျှင် ရပ်တန့်မည်ဖြစ်ကြောင်း ဤတိုက်ပွဲဖြင့် ဒေါ်အောင်ဆန်းစုကြည် သာလျှင် မြန်မာနိုင်ငံ၏ ခေါင်းဆောင်အမှန် ဖြစ်ကြောင်း သက်သေပြခြင်းဖြစ်ကြောင်း ဟက်ကာများကပြောသည်။
မြန်မာပြည်သူလူထုများ အသုံးပြုနေသော အင်တာနက်လိုင်းများ ထိခိုက်မှုမရှိစေရန် ဤတိုက်ခိုက်မှုကို မြန်မာစံတော်ချိန် နံနက် ၉း၀၀ နာရီမှ ည ၆ နာရီအတွင်းတွင်သာ ပြုလုပ်နေသည်။ မြန်မာစစ်အစိုးရသည် ဟက်ကာများ၏ တိုက်ခိုက်မှုကို အပြင်းအထန် ခံနေရသော်လည်း မီဒီယာများကို လှည့်ပတ် ဖုံးကွယ်နေကြောင်း ဟက်ကာများက ဆိုကြသည်။
ကိုကျော်သောင်းမှ ပေးပို့ပါသည်။