4.02.2010

အဖေ ပို့ပေးလိုက်ချင်ပေမယ့်

Photobucket
(၁)

မိသားစုတွေနဲ့အတူ မွေးရပ်မြေရခိုင်ပြည်က ထွက်လာခဲ့တာ ၆နှစ်ပြည့်ခဲ့ပြီ။ ထိုင်းကိုရောက်ကတည်းက ရတဲ့ အလုပ်ကလေးတွေကို လုပ်ကိုင်လာခဲ့တယ်။ ရသမျှ ငွေလေးတွေကို ခြိုးခြံချွေတာသုံးစွဲပြီး၊ သားသမီးတွေ အတွက် နေရပ်ရင်းကို ပြန်လည်ပို့ပေးခဲ့တယ်။ စီးပွားပျက်လာခဲ့တဲ့ အထည်ကြီးပျက် တစ်ယောက်အနေနဲ့ မလုပ်နိုင်တဲ့အလုပ်၊ မလုပ်ဖူးတဲ့အလုပ်၊ မလုပ်ချင်တဲ့အလုပ်တွေကို အံကြိတ်ပြီးလုပ်ကိုင်ခဲ့ရတယ်။
ဘာသာစကားအခက်အခဲ၊ လုပ်ငန်းကျွမ်းကျင်မှု၊ အသက်အရွယ်အရ ဘန်ကောက်မှာ အလုပ်အကိုင် လုပ်ရတာ အဆင်ပြေမှု မရှိပေမယ့် ကြိုးစားကြိတ်မှိတ်ပြီးလုပ်ရပါတယ်။ ပင်ပန်းခံပြီးလုပ်ခဲ့တယ်။ အော် …ထားရစ်ခဲ့ရတဲ့ ငါ့သမီးလေးတွေ.. ထမင်းနပ်မှန် စားရပါစေ။ ကျောင်းတက်ရပါစေ။ အ၀တ်ကလေးတွေ ၀တ်ရပါစေလို့သာ အဖေ အာရုံပြုနေတော့တယ်။ ကိုယ့်ကျမ္မာရေးကို အထူးဂရုစိုက်နေရသလို သားသမီးလေးတွေ ကျမ္မာပါစေကြောင်း ဆုတောင်းလိုက်ရတာလဲ မမောတမ်းပါပဲ။
(၂)
သမီးကြီး ဘွဲ့ယူတော့မယ်ဆိုတဲ့အကြောင်း ဖုန်းဆက်လာတဲ့နေ့မှာ ကျနော်ပျော်လိုက်တာ။ အော်.. ပညာ မတတ်တဲ့ ငါ့လိုကောင်က မွေးတဲ့သမီး၊ ပညာတတ်စာရင်းကို သွင်းရမယ့် သမီးတစ်ယောက်တော့ ဖြစ်လာခဲ့ပြီ။ ကျနော်မျှော်လင့်ထားခဲ့တဲ့ ဘွဲ့ ဝတ်စုံနဲ့ သမီးကြီးကိုတော့မြင်ခွင့်၇တော့မယ်။ အဖေ့လိုအင်ဆန္ဒ အဖေ ဖြစ်စေချင်တာတွေကိုဖြစ်အောင် ကြိုးစားပေးခဲ့တဲ့ သမီးကြီးကို အဖေ ကျေးဇူးတင်တယ်သမီး။ မဖြစ်စလောက် ပို့ပေးတဲ့ ငွေကလေးကို ချို့ချို့တဲ့တဲ့နဲ့စား၊ နွမ်းနွမ်းပါးပါးနဲ့ ၀တ်ပြီးတော့ ပညာရေး ဆုံးခန်းတိုင်အောင် ကြိုးစားခဲ့တဲ့ သမီးအတွက် အဖေ ဂုဏ်ယူလို့မဆုံးဘူး။

မိသားစုတိုင်းလိုလို သားသမီးတွေဘွဲ့ယူတဲ့နေ့မှာ ရန်ကုန်ကိုလာကြပေမယ့် အလုပ်သမားဘ၀နဲ့ ထိုင်းနိုင်ငံ အတွင်းကို ရောက်နေတဲ့ အဖေတော့ မလာနိုင်ဘူးပေါ့သမီးရယ်။ သမီးအမေနဲ့ သမီးညီမလေးတွေကိုပဲ ခေါ်လိုက်ပေါ့၊ အဖေ လမ်းစရိတ် ပို့ပေးမယ်လေ၊ အဖေမလာရောက်နိုင်တာကို ၀မ်းမနည်းပါနဲ့သမီး၊ ဘွဲ့ရ ပညာတတ် စာရင်းဝင်ခဲ့ပြီဆိုတဲ့ အသိစိတ်ကလေးနဲ့ ပျော်ပျော်ရွှင်ရွှင် ဘွဲ့တက်ယူလိုက်ပါကွယ်။
(၃)
သမီးကြီးကအမေနဲ့အတူ ညီမအငယ် ၂ယောက်ပါ ရန်ကုန်ကိုရောက်နေတယ်လို့ ပြောလာတဲ့အခါ ကျနော် ကြည်နူးပျော်ရွှင်မိခဲ့တယ်၊ တောရွာမှာ နေထိုင်နေရတဲ့ မိသားစုတွေဖြစ်လေတော့၊ ဖုန်းနဲ့တောင်မှ ပြောခွင့် မကြုံခဲ့ဘူးလေ။ ခု.. ရန်ကုန် ရောက်လာတော့ အနှစ်နှစ်အကာလက ကွဲကွာနေခဲ့ရတဲ့ဇနီးနဲ့ရော သမီးလေးတွေနဲ့ပါ စကားပြောခွင့်ရမယ်ဆိုတော့ အတိုင်းထက်အလွန် ပျော်မိပြန်တယ်။

ဇနီးဖြစ်သူက ကျနော်ထွက်ခွာလာခဲ့ပြီးတဲ့ နောက်မှာ ရုန်ကန်လှုပ်ရှားရမှုတွေ၊ အခက်အခဲအချို့တွေကို ပြောပြပါတယ်။ ခင်ပွန်းသည်မရှိတဲ့အခါ မိန်းမတစ်ယောက်အနေနဲ့ မိသားစုတာဝန်တွေ အထူး ကြီးလေးတာကြောင့် မြန်မြန်ပြန်လာဖို့ မှာရှာပါတယ်။ ကျနော်ကလည်း တတ်နိုင်သမျှ မြန်မြန်ပြန်လာဖို့ ပြောလိုက်ပါတယ်။ နှစ်ပေါင်းများစွာ ပေါင်းသင်း နေထိုင်လာခဲ့ပြီးမှ မမျှော်လင့်ပဲ ခွဲခွာလာခဲ့ရတော့လည်း လွမ်းဆွတ်မှုတွေ ကိုယ်စီနဲ့ပေါ့လေ။
(၄)
သမီးကြီးက သမီးအငယ်ဆုံးလေးက စကားပြောချင်တယ်လို့ ပြောပါတယ်။ ဒီသမီးလေးက ကျနော်ထိုင်းကို ထွက်လာခဲ့တဲ့အခါ ၁နှစ်ကျော်ကျော်လေးပဲ ရှိသေးတယ်။ အဖေကိုမမြင်ဖူးတဲ့ကလေး၊ အဖေဆိုတာ သူ့အစ်မတွေ ပြောနေလို့သာ အဖေလို့ သိနေရှာတာ။ အငယ်ဆုံးသမီးလေးက ခု ၇နှစ် သမီးလေးတောင် ဖြစ်နေပြီ။ ဖုန်းနဲ့ ပြောလာတာက “အဖေ ဘယ်တော့ပြန်လာမလဲ” “အဖေနေကောင်းလား၊ အဖေ မြန်မြန်ပြန်လာပါ” ဆိုပြီး အသံလေးတွေ တိမ်ဝင်သွားခဲ့ရှာတယ်။ ကျနော်လည်း “ဖေဖေ အမြန်ပြန်လာခဲ့မယ် သမီး”လို့ ပြောပြီး မျက်ရည်တွေ အတောမသတ် စီးဆင်းလာတော့တယ်။ မကြားဖူးတဲ့ အသံ၊ မမြင်ဖူးတဲ့ မျက်နှာ၊ မငိုဖူးတဲ့ ဆို့နင့်ကြေကွဲမှုတွေနဲ့ စိတ်မကောင်းစွာ တဒင်္ဂမှင်တက်မိနေတော့တယ်။
(၅)
အင်း…သမီးကြီးရေ...  နို့ညှာမလေး မချစ်စုကလေးကို ပေးလိုက်ပါဦး။ ခုခြောက်တန်းတောင် ရောက်နေပြီ။ အဖေ သတိအရဆုံးက သူပေါ့၊ အဖေခွံ့ကျွေးမှ ထမင်းစားတတ်သူလေ။ အဖေမရောက်ရောက်အောင် စောင့်ပြီးမှ အိပ်တတ်သူလေ။ အဖေချော့သိပ်မှ အိပ်တတ်သူလေး။ ပေးလိုက်ပါအုံးသမီးကြီး ဖုန်းကို မချစ်စုကလေးကို ပေးလိုက်ပါ။ “အဖေနေကောင်းလား။ မြန်မြန်ပြန်လာပါ” “သမီးအဖေ့ကို သိပ်အောက်မေ့တာပဲ” လို့ ဆိုရှာပါတယ်။ ပြီးတော့ သူစာကြိုးစားတယ်။ အမေနဲ့ အမကြီးတို့ စကားကို နားထောင်တဲ့ အကြောင်းတွေကို ပြောပါတယ်။ သမီးဘာဝယ်ပို့ ပေးလိုက်ရမလဲလို့မေးတော့ အဖေ ဗွီဒီယို တစ်လုံး ၀ယ်ပေးလိုက်ပါလို့ ပြောလာပါတယ်။ ကျနော်ကလည်း ၀ယ်ပေးလိုက်မယ်ဆိုပြီး သမီးချစ်စုကလေး စိတ်ချမ်းသာအောင် ပြောလိုက်မိတော့တယ်။
(၆)
ကျနော်ကစီးပွားရေး အဆင်ပြေခဲ့တဲ့သူမို့ သတို့ငယ်ငယ်တုန်းက အိမ်မှာမီးစက်နဲ့ ညနေတိုင်း ဗွီဒီယို ကြည့်နေခဲ့ရတာတွေကို လိုချင်မှန်းသိပါတယ်။ ယခု အလုပ်သမားတစ်ယောက်ဖြစ်တဲ့ ကျနော်အနေနဲ့ ထိုင်းမှာ TVတစ်လုံး ၀ယ်ဖို့က ဘာမှ အခက်အခဲမရှိဘူးလို့ ပြောရင်ရပါတယ်။ ဘတ်ငွေ တစ်ထောင်၊ နှစ်ထောင်ပဲ ပေးရပါတယ်။ ထိုင်းမှာက ၀ယ်လာပြီးရင်လည်း နံရံမှာရှိတဲ့ ပလပ်ပေါက်ကို တီဗီကြိုး ထိုးလိုက်ရင် ကြည့်လို့ရပါပြီ။ ကျနော်တို့ မြန်မာပြည်မှာ ရခိုင်ဒေသလို နေရာမျိုးကို ထားလိုက်ဦး၊ ကျနော် ကျင်လည်ခဲ့တဲ့ ရန်ကုန်မြို့ကြီးမှာတောင် ရေမရ၊ မီးမလာ အမှိုက်ပုံတွေဗလပွနဲ့ မြို့ ဟောင်းကြီး ဖြစ်နေတယ်လို့ ပြောကြတယ်။
အဖေ သမီးလေးတွေအတွက် TV ၀ယ်ထည့်ပေးလိုက်ချင်ပါတယ်။ ထည့်ပေးနိုင်ပါတယ်။ ဒါပေမယ့် ကျနော့် သမီးလေးတွေ TV ကို ဘာမီးနဲ့ ကြည့်ကြမလဲ?။ နံရံမှာကြိုးထိုးလိုက်ရုံနဲ့ ရခိုင်မှာ မီးရနိုင်မလား?။ မီးမရှိတဲ့ နေရာကို TV ပို့လိုက်ရင်……………………………။ 
ရခိုင်ပင်လယ်ပြင်က ထွက်ရှိတဲ့ သဘာဝဓါတ်ငွေ့တွေနဲ့ ရခိုင်ပြည်အပါအ၀င် မြန်မာတစ်နိုင်ငံလုံး မီးလင်းရင်တော့ ကောင်းမှာပဲလို့သာ ဆုတောင်းနေရတော့တယ်။ ။

ကျော်သောင်း