4.21.2011

အခန်းပိတ်လှောင်အလုပ်လုပ်ရသည့် မြန်မာအလုပ်သမား၃၉ဦး လွတ်မြောက်

Photobucket
Photobucket
ဧပြီ ၂၀
ယမန်နေ့က ဘန်ကောက်မြို့လယ် (အနုဆ၀ါလီ) လွတ်လပ်ရေးကျောက်တိုင် အနီးရှိ ရာချဒါလမ်းမ တုစ၀ါ လမ်းသွယ်ရှိ အိမ်တွင်းစက်ချုပ်အလုပ်ရုံ ၄ရုံမှ အခန်းပိတ်လှောင် အလုပ်ခိုင်းစေ ခံနေရသည့် မြန်မာအလုပ်သမား ၃၉ဦးတို့ အား ကယ်ဆယ်ရေးအဖွဲ့၂ခုက ကယ်တင်နိုင်လိုက်သည်။ ထိုင်းအစိုးရ၏ Anti-Human Trafficking Division လူကုန်ကူးမှုတိုက်ဖျက်ရေး အထူးရဲတပ်ဖွဲ့နှင့် ဘန်ကောက်
အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ BAT တို့ ပူးပေါင်း ကယ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။ လုပ်ငန်းရှင်အမျိုးသမီးမှာမြန်မာနိုင်ငံ ရှမ်းတရုတ်လူမျိုးဖြစ်ပြီး ခင်ပွန်းဖြစ်သူမှာ တရုတ်နိုင်ငံသားဖြစ်သည်။ နေ့စဉ် နံနက် ၈နာရီမှ နောက်နေ့ နံနက် ၃နာရီကျော် ၄နာရီအထိ ပုံမှနာရီ၂၀ခန့် အလုပ်လုပ်ကိုင်ရပြီး နားရက် မရှိ လုပ်ကိုင်နေကြရသဖြင့် အလုပ်သမားများ ကျမ္မာရေးချို့တဲ့လာကြသည်။ အပြင်သို့လုံးဝထွက်ခွင့်မရှိပဲ အလုပ်သမားများ ထွက်ပြေးသွားသည့် အလုပ်ရုံများမှ အလုပ်သမများ ပိုင်ဆိုင်သည့်ဖုန်းများကို လုပ်ငန်းရှင်အမျိုးသမီးက သိမ်းဆည်းထားသည်။
AHTD အထူးရဲတပ်ဖွဲ့ဝင်များသည် လုပ်ငန်းရှင်ဇနီးမောင်နှံတို့အား ဦးစွာပထမ ဖမ်းဆီးပြီး ပိတ်လှောင်ထား သည့် အခန်းများအား ကပ်ကြေးကြီးများဖြင့် ညှပ်ခြင်း။ အချို့အခန်းများကို လှေကားများဖြင့် ကျော်တက်ပြီး
အလုပ်သမားများအား ကယ်ထုတ်ခြင်းများပြုလုပ်ကြရသည်။
ကော့ကရိတ်မြို့သူ မသွယ်က “ကျမအယင်လက ထွက်ပြေးတယ်။ ခန္ဓာကိုယ် ချိနေလို့ ပြေးမရောက်ဘူး၊ လဲကျတယ်။ နောက်တစ်ကြိမ် ထွက်ပြေးတော့လွတ်တယ်။ ပုလိပ်ပြန်ဖမ်းခိုင်းတယ်။ သူဌေးမကို ပုလိပ်ခဆိုပြီး ဘတ်၅၀၀၀ ထပ်တိုးဆပ်ရတယ်။ ကျမ ရောက်တာ ကုန်ခဲ့တဲ့နှစ် ၈လပိုင်းကတည်းကပါ။ ကိုယ်လုပ်တဲ့ပိုက်ဆံ တပြားမှ မကိုင်ရဘူးရှင့်။ ခုလိုလွတ်လပ် တဲ့ လေကိုရှုရှိုက်ရတာ၊ ကိုယ့်တိုင်းပြည် ကိုပြန်ရမှာမို့ ပျော်လွန်းလို့ ထမင်းလာကျွေးတာတောင် စားမရဖြစ် နေတယ်။ BAT က အဘတို့ကိုလည်း အထူးကျေးဇူးတင်ပါတယ်”ဟု ပြောသည်။
မသွယ်ဟူသည့် ကော့ကရိတ်မှ အလုပ်သမက မတ်လ ၂၈ ရက်နေ့က BAT သို့ စတင်၍ သတင်းပို့လာခဲ့သည်။ မသွယ်ပြောပြသည့် လမ်းအား BAT အဖွဲ့ က သွားရောက်ရှာဖွေခဲ့သော်လည်း လိပ်စာမတိကျသဖြင့် မတွေ့ရှိခဲ့ရပေ။ အချက်အလက်များ ထပ်မံစုဆောင်းနေစဉ်အတွင်း ညီညီတင်နှင့် ဖြိုးဝေဦးတို့ နှစ်ဦး ဧပြီ ၄ရက်နေ့ က အမှိုက်ပစ်စဉ် ထွက်ပြေးလာခဲ့ပြီး BAT သို့ ရောက်ရှိခဲ့သည်။ ဧပြီ၁၁ရက်နေ့တွင် ဖြိုးဝေဦး အကူအညီဖြင့် AHTD အဖွဲ့ မှ ရဲအရာရှိတို့နှင့်အတူ BAT အဖွဲ့ တို့  စက်ချုပ်ရုံ၎ရုံတို့ အား သွားရောက် မှတ်တမ်းတင်နိုင်ခဲ့ကြသည်။
ဧပြီလ ၁၂ ရက်နေ့ တွင် အထူးမှုခင်း စုံစမ်းဖေါ်ထုတ်ရေးတပ်ဖွဲ့ ရုံးသို့  ဖြိုးဝေဦး၏ ပွဲစားနှင့် လုပ်ငန်းရှင် ထွက်ဆို ချက်များအား ကွန်ပျူတာ ပန်းချီပုံများ ရေးဆွဲခဲ့ကြသည်။ ထို့နောက် သင်္ကြန်ရုံးပိတ်ရက်ဖြစ်သဖြင့် လုပ်ငန်းစဉ်ကို စောင့်ဆိုင်းခဲ့ရသည်။ သင်္ကြန်ပြီးနောက် ဧပြီ၁၈ ရက်နေ့ တွင် တရားရုံးတွင် ဖမ်းဝရမ်းရယူခဲ့ကြပြီး ယမန်နေ့ ၁၂ နာရီခွဲက တင်ကယ်တင်နိုင်ခဲ့ကြခြင်းဖြစ်သည်။
BAT တာဝန်ခံဦးကျော်သောင်းက “ပိတ်လှောင်ခံနေရာတဲ့ အလုပ်သမတွေက အပြင်ကို တစ်ခါမှ မထွက်ရဘူး ဆိုတော့ လိပ်စာကိုမပြောနိုင်ဘူး၊ ကျနော်တို့အဖွဲ့ သက်သက် ပထမ တစ်ခေါက် နေရာသွားရှာတယ်။ မတွေ့ ခဲ့ ဘူး။ ဖြိုးဝေဦး ရောက်လာမှ လိပ်စာအတိအကျ သိရတော့တယ်။ ဒီလိုလူကုန်ကူးခံရပြီး မတရားပိတ်လှောင် ခိုင်းစေခံရတဲ့လူတွေက မလွတ်ခင်တော့ လွတ်ချင်ကြတယ်။ လွတ်လာပြန်တော့ အိမ်က အခက်အခဲတွေကြောင့် မပြန်ပါရစေနဲ့ လို့ တောင်းပန်ကြတယ်။ အဆိုးဆုံးက မြ၀တီဘက်မှာရှိတဲ့ ဂိတ်တွေမှာ ဘတ် ၂၀၀၀ ထက် မနည်းတဲ့ ငွေနဲ့ ရွေးရမယ့် သူတို့ ရဲ့နောက်ဆုံးအခြေအနေကို စိုးရိမ်နေကြတာကိုဖြင့် ကျနော် စိတ်အထိခိုက် ဆုံးဖြစ်ပါတယ်” ဟု ပြောသည်။
ပိတ်လှောင်ခံထားရာမှ ကယ်ထုတ်လာသည့် အလုပ်သမ ၃၉ဦးအနက် လပိုင်း ရက်ပိုင်းသာရှိသေးသည့် အလုပ်
သမများမှာ လုပ်ငန်းရှင်၏ မတရားခေါင်းပုံဖြတ်ခြင်းကို မသိရှိသေးဖြစ်ကြောင်း ကောင်းမွန်ကြောင်း ထွက်ဆိုသူ ၂၀ဦးတို့ အား ဒိမ်းဒန်ရဲစခန်းသို့ ပြောင်းရွှေ့လိုက်သည်။ အချိန်ကြာမြင့်စွာလုပ်ကိုင်နေရပြီး လုပ်ငန်းရှင်၏ ဖိနှိပ်မှုမျိုးစုံကို ခံစားဖူးသည့် အလုပ်သမား၁၄ဦးက မတရားမှုများကို ထွက်ဆိုကြသည်။ အဆိုပါ ၁၄ဦးအနက် အမျိုးသမီး၉ဦးကို နွန်ဌဘူရီ အမျိုးသမီး ကယ်ဆယ်ရေးစခန်းသို့ ပို့ဆောင်လိုက်သည်။ ပထုံဌာနီ ကယ်ဆယ်ရေးစခန်းသို့ ဇနီးမောင်နှံနှစ်ဦးနှင့် အမျိုးသမီး ၃ဦး ပေါင်း ၅ဦးတို့ ကိုပို့ ဆောင်သည်။ အလုပ်ရှင်ဘက်မှ ရပ်တည်သည့် ၀ဏ္ဏ ၅ဦးနှင့် လုပ်ငန်းရှင် တရုတ်အမျိုးသားကိုမူ AHTD အထူးရဲတပ်ဖွဲ့တွင်ဖမ်းဆီးချုပ်နှောင်ထားပြီး စစ်ဆေးလျှက်ရှိသည်။
အထူးရဲတပ်ဖွဲ့ သို့ အလုပ်သမားများအား ခေါ်ဆောင်လာခဲ့ပြီးနောက် ဝေါဗီရှင်းနှင့် အမျိုးသမီးများနှင့် ကလေး သူငယ်များ ကာကွယ်စောင့်ရှောက်ရေး အဖွဲ့ တို့က လာရောက်ပြီး ဘာသာပြန်ပေးခြင်း၊ အစားအစာများ၊ သွားတိုက်ဆေးနှင့် သွားပွတ်တံများ လာရောက်ကူညီပေးခဲ့ကြသည်။
အလုပ်သမားများ အေးချမ်းစွာပြန်လည်ပို့ ဆောင်နိုင်ရေးနှင့် ကယ်ဆယ်ရေးစခန်းအတွင်းမှ အလုပ်သမားများ၏ အခြေအနေများကို BAT , ဝေါဗီရှင်းနှင့် ဖန်ငအခြေစိုက် FED အဖွဲ့ တို့ က စဉ်ဆက်မပြတ် စောင့်ကြည့်နေကြဆဲဖြစ်သည်။
ဘန်ကောက်နှင့် အခြားမြို့ကြီးအချို့တို့တွင် လုပ်အားခမရသည့် အလားတူ မြန်မာအလုပ်သများစွာ ရှိသည်။ မဟာချိုင် ပင်လယ်အစားအစာထုတ်လုပ်သည့် အလုပ်ရုံများနှင့် ငါးဖမ်း လုပ်ငန်းများတွင် မြန်မာများ ရောင်းစားခံရသည့် မြန်မာအလုပ်သမား အမြောက်အများရှိကြောင်း သိရှိရသည်။