6.24.2010

UN press release report about Children and mother dead in Burma

Press Release_MDG Report 2010

“ မဲဆောက်မြို့က မြန်မာရွေ့ပြောင်းအလုပ်သမားများ ပုံသေနည်း”



ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့ လုပ်ငန်းရှင်များအသင်းက အစိုးရကို တင်ပြထားတဲ့ စါရင်းအရ၊ မဲဆောက်အပါ အ၀င်တာ့ခရိုင်အတွင်းမှာ ကားဝပ်ရှော့နှင့် ဂဟေဆော်သည့် အလုပ်ရုံအသေးစားအပါအ၀င် စက်ရုံအလုပ်ရုံပေါင်း၅၀၀ခန့် ရှိပါတယ်။ မဲဆောက်မြို့မှာ အလုပ်သမား အရေအတွက် နှစ်သိန်းခွဲ ၀န်းကျင်ထက်မနည်း ရှိပါတယ်။ အလုပ်သမားတစ်ယောက် လုပ်အားခတစ်နေ့ကို ၁၅၃ဘတ်ပေးရမယ်လို့ ထိုင်းအစိုးက သတ်မှတ်ထားပါတယ်။ ဒါပေမယ့် မြန်မာအလုပ်သမားတွေ အမှန်တကယ်ရရှိတဲ့ နေ့တွက်က အနည်းဆုံး ဘန်၄၀ကနေ ဘတ်၇၀၀န်းကျင်သာ ရရှိကြတာကြောင့် ထိုင်းအစိုးရ သတ်မှတ်ဈေးထက် အများကြီး ကွာခြားနေပါတယ်။

မြန်မာတွေ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းပေါင်း ရာချီရှိတဲ့အနက် အလုပ်သမားအဖွဲ့ ရှစ်ဖွဲ့ဝန်းကျင်ရှိတဲ့ မဲဆောက်မှာ ဘာဖြစ်လို့ အစိုးရ သတ်မှတ်တဲ့အတိုင်း အလုပ်သမားတွေ မှန်မှန်ကန်ကန်ရရှိအောင် မလုပ်နိုင်ကြတာလဲ။ မေးမြန်းစုံစမ်းပြီး အသံစုံကို နားထောင်ကြည့်တော့ ဒီလိုပါတဲ့။

မဲဆောက်မြို့က စက်ရုံအလုပ်သမား အတော်များများကို မေးကြည့်တော့ သူတို့တွေဟာ မဲဆောက်အခြေစိုက် အဖွဲ့အစည်းတွေနဲ့ သိပ်မပတ်သက်ချင်ကြဘူးလို့ ဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့တွေဟာ ဓါတ်ပုံတွေရိုက်ကြတယ်၊ ဗွီဒီယိုတွေ ရိုက်ကြတယ်။ မြန်မာပြည်ကို အပြန်ရခက်မှာကို စိုးရိမ်ကြတယ်လို့ အချို့က ဆိုပါတယ်။ အချို့ကျတော့ အလုပ်လာလုပ်တာ နိုင်ငံရေး အဖွဲ့အစည်းတွေနဲ့ မပတ်သက်ချင်ဘူး။ ရှုပ်ရှုပ်ရှက်ရှက် မလုပ်ချင်ဘူးလို့ ပြောသူက ပြောပါတယ်။ မဲဆောက်မှာ အလုပ်လုပ်နေကြတဲ့ လူအတော်များများဟာ နယ်စွန်နယ်ဖျားက လူတွေများတာကြောင့် သူတို့က၊ မဲဆောက်မှာ ဘတ်၇၀ ရတာ မြန်မာငွေ ကျပ်၂၀၀၀ ကျပ်၃၀၀၀ ရနေပြီလေ။ ဗမာပြည်မှာထက် သာတယ်လေ၊ ဗမာပြည်မှာ ဘယ်မှာပဲလုပ်လုပ် တစ်နေကုန်လုပ်မှ ကျပ်တစ်ထောင်ပဲ ရတယ်လေ။ မိသားစုထမင်းနပ်မမှန်ဘူး။ ဒီမှာဘာပြောစရာလိုလဲ တော်ပြီးပေါ့လို့ ဆိုကြပြန်တယ်။ အချို့ကျတော့လည်း ဒီဘက်ကအဖွဲ့ အစည်းတွေနဲ့ရောပြီး အလုပ်သမား အခွင့်အရေး၊ ရက်မှန်ကြေးရအောင် ကျနော်တို့ တိုက်ပွဲဝင်တယ်ဆိုပါစို့။ ကျနော်တို့ အလုပ်ပြုတ်မယ်။ ၀င်ငွေမရဖြစ်မယ်။ အလုပ်သမားအဖွဲ့တွေက နာမည်ရသွားတယ်။ ဆုံးရှုံးတာက ကျနော်တို့ပဲလေလို့ ပုံသေနည်းချသူက ချထားကြပြန်တယ်။

အလုပ်သမားအရေး ဆောင်ရွက်တဲ့ လူငယ်တစ်ဦးကတော့ ကျနော်တို့က အလုပ်သမား အခွင့်အရေးတွေကို သိရှိအောင် အမြဲလုပ်ပါတယ်။ ဒါပေမယ့် မြန်မာအလုပ်သမားတွေက မဲဆောက်မှာ ရသင့်ရထိုက်တဲ့ အခွင့်အရေးကို တိုက်ရမှန်းမသိဘူး၊ မဲဆောက်မှာလုပ်တာ(၁)မြန်မာပြည်မှာထက် ၀င်ငွေသာတယ်။(၂)၀င်ငွေပိုရတဲ့ ဘန်ကောက်ကို တက်ရှာမယ်။(၃)အချက်က ကိုယ်မလုပ်ပဲ တင်းခံနေရင် သူများတွေအလုပ်ရသွားပြီး၊ ကိုယ်က အလုပ်လက်မဲ့ဖြစ်မယ်။ ဒီလိုတွေးကြပါတယ်။

အလုပ်သမားတွေ တွေးတဲ့အချက်ကို လုပ်ငန်းရှင်သူဌေးတွေက သိပါတယ်။ အလုပ်ထွက်ရင် ဘယ်မှာသွားနေမလဲ။ အလုပ်ကကော ဒီထက်ကောင်းလာမှာ မဟုတ်လေတော့ မလုပ်ချင်လဲ လုပ်နေကြရတာပေါ့။ အလုပ်သမားအဖွဲ့အစည်း အချို့က အလုပ်သမား အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲတွေ လုပ်တာတို့၊ စာစောင်တွေ ဝေငှတာတို့တွေကို စိတ်ဝင်စားမှု အထူး နည်းပါးကြပါတယ်။ မြန်မာပြည်ကို ပြန်မရဖြစ်မှာကို အထူးစိုးရိမ်ကြပါတယ်။ သူတို့ အလုပ်ပြုတ်တာဖြစ်ဖြစ်၊ ရောဂါတစ်ခုခု ရတာဖြစ်ဖြစ်၊ လုံးဝ နေထိုင်စရာမရှိ၊ စားစရာမရှိတဲ့ အခါတို့ ပြဿနာတွေ တက်လာတဲ့အခါမှ အဖွဲ့အစည်းတွေကို ဆက်သွယ်တတ်ပါတယ်။ နောက်တစ်မျိုးက တစ်ပတ်လုံး အလုပ်ချိန်က များပါတယ်။ တနင်္ဂနွေတစ်ရက် နားရတဲ့အချိန်မှာ တစ်ပတ်စာ ချက်ပြုတ်၊ လျှော်ဖွတ်နဲ့ တော်ရုံလူတွေ သင်တန်းစကားဝိုင်းတွေကို မတက်နိုင်ကြပါဘူး။ ဘာပဲပြောပြော မဲဆောက်မှာ မြန်မာအဖွဲ့အစည်းပေါင်း ရာချီ်ရှိသည့်တိုင်အောင် မဲဆောက်က အလုပ်သမားတွေ ဗဟုသုတနည်းပါး နေတာတွေ၊ အလုပ်သမားတွေရဲ့ ယုံကြည်အားကိုးမှုကို မတည်ဆောက် နိုင်တာတွေကိုကြည့်ရင် အဖွဲ့အစည်းလုပ်ငန်းတွေ မအောင်မြင်ဘူးလို့ ပြောလို့ရတယ်လို့ အဆိုပါ အလုပ်သမားအရေး လုပ်နေတဲ့ လူငယ်က ၀န်ခံပါတယ်။

မဲဆောက်အခြေစိုက် နိုင်ငံရေးအဖွဲ့အစည်းတွေက လှုပ်ရှားမှုတစ်ခုခုလုပ်ဖို့ လူအင်အား လိုတဲ့အခါမျိုးတွေမှာသာ အလုပ်သမားတွေကို ခေါ်တယ်ပြောတယ်၊ အခြားအချိန်တွေမှာ အဆက်အဆံတောင် မလုပ်ရုံမှမက မပတ်သက်သလို နေတတ်ကြတယ်လို့ အလုပ်သမားတွေက ပြောကြပြန်တယ်။

အချို့စက်ရုံအလုပ်ရုံတွေက ဆန္ဒပြကြတာတွေရှိခဲ့ပါတယ်။ ဒါပေမယ့် လူတွေ လေးငါးခြောက်ဆယ်၊ တစ်ရာနှစ်ရာကို ကျွေးမွေးထားဖို့၊ စောင့်ရှောက်ထားဖို့က ဘယ်အဖွဲ့ကမှ မတတ်နိုင်တော့ အလုပ်သမားတွေဟာအဲဒီဆန္ဒပြတဲ့ အလုပ်ရုံမှာပဲ ပြန်လုပ်ကြတာ ရှိပါတယ်။ ခေါင်းဆောင်လုပ်တဲ့ လူတွေတော့ ဝေးရာကို ပြေးပေါ့။ ပြီးတော့ မလုပ်ရင်လည်း မဖြစ်ပြန်ဘူး။ နေရပ်ရင်းမှာ မိသားစုတွေဆီကို မဖြစ်မနေပို့ရမှာ ဖြစ်တဲ့အတွက် အလုပ်လက်မဲ့ ဘ၀ကို မခံနိုင်ကြပါဘူး။ ဒီကနေငွေမပို့ နိုင်ရင် ရွာမှာရှိတဲ့ မိသားစုတွေ ထမင်းမစားရဖြစ်ရမယ်။ အဲဒါကြောင့် အလုပ်ကို အမြဲတစေ လုပ်နေရမှ တန်ရာကျတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

နောက်တစ်ခုက မြန်မာအဖွဲ့အစည်းတွေဟာ တရားဝင်ဖွဲ့စည်းခွင့်နဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေ မဟုတ်ဘူးလေ။ ဒါကြောင့် လူစုလူဝေးလုပ်လို့ မရတာတွေ၊ ဟောပြောပို့ချလို့ မရတာတွေကို မဲဆောက်အာဏာပိုင်တွေက နှောက်ယှက် တားမြစ်မှုတွေ ရှိပါတယ်။

အခြားအကြောင်းတစ်ခုမှာ အလုပ်သမား အခွင့်အရေး လုပ်ကိုင်သည့် အလုပ်သမားအဖွဲ့များအား အင်ဂျီအိုများမှ အားပေး ကူညီထောက်ပံ့ခြင်းမရှိပါ။ အလုပ်သမား အခွင့်အရေးဆိုတာက ထိုင်းလုပ်ငန်းရှင်နဲ့ ထိုင်းအစိုးရတွေဆီက တောင်းဆိုရမယ်၊ တိုက်ပွဲဝင်ရမယ် ဖြစ်ပါတယ်။ အင်ဂျီအိုတွေက ထိုင်းအစိုးရနဲ့ ထိပ်တိုက်တွေ့မှုတွေကို ရှောင်ရှားပြီးတော့ သူတို့မှာ နိုင်ငံတကာက ရလာတဲ့ အလှူငွေတွေကို ချပေးခြင်းသာဖြစ်ပါတယ်။ အလုပ်သမား အခွင့်အရေးကို လုပ်တဲ့အဖွဲ့တွေကို ထောက်ပံ့ကူညီမှု အထူးနည်းပါးပါတယ်။ မရှိသလောက် ဖြစ်ပါတယ်။ ပါလာတဲ့ငွေတွေကို HIV ၊ ပညာပေး၊ စာသင်ကျောင်း အဲဒီမှာပဲ အင်ဂျီအိုတွေ ပုံအောကြပါတယ်။ အလုပ်သမား အခွင့်အရေးကို လုပ်ကိုင်တဲ့ အဖွဲ့အစည်းတွေကို လုပ်နိုင်အောင် ကူညီပေးတဲ့ အင်ဂျီအို မရှိဘူးလို့ အလုပ်သမားအရေး လုပ်ကိုင်သူက ဆိုပါတယ်။

လုပ်သက်ရင့်နေတဲ့ အလုပ်သမားအရေး ဆောင်ရွက်သူတစ်ဦးကတော့ ထိုင်းလုပ်ငန်းရှင်တွေက လိုအပ်တာထက် ပိုနေတဲ့ မြန်မာအလုပ်သမား အရေအတွက်ကို ရနေတယ်။ အလုပ်သမားလိုအပ်လို့ မရမကလိုက်ရှာ ရတာမျိုးမှ မဟုတ်တာ၊ လူဘယ်လောက် လိုတယ်ဆိုပြီး ဖုန်းဆက်လို့တောင် အလုပ်သမား လိုချင်သလောက်ကို ရနေပါတယ်။ မဲဆောက်ကို တဖွဲဖွဲ နေ့တိုင်းရောက်နေတာ၊ ဘတ်၄၀ကနေ ၇၀အတွင်း ပေးနေတာတောင် အလုပ်လုပ်ချင်တဲ့လူတွေ တစ်ပုံကြီး ဖြစ်နေတော့ ကျနော်တို့ အခွင့်အရေး တိုက်တဲ့နေရာမှာ အလုပ်သမားတွေ ပူးပေါင်းပါဝင်မှုက အရမ်းနည်းပါတယ်။

နိုင်ငံခြားသား၊ ထိုင်းလုပ်ငန်းရှင်တွေက အလုပ်သမားအခွင့်အရေး ချိုးဖေါက်နေတယ်။ အချိုးဖေါက် ခံနေရသူတွေက မြန်မာ အလုပ်သမားတွေဖြစ်တယ်။ အခွင့်အရေး ချိုးဖေါက်မှုဖက်က အင်အားကြီးမားတယ်။ ကျနော်တို့ဘက်က အင်အားနည်းတယ်၊ အထိအခိုက်များပါတယ်။ လုပ်ကိုင်ရတာ မျက်နှာလည်းငယ်ရသလို စိတ်မကောင်းစရာလည်း နေ့တိုင်းကြုံနေရပါတယ်။

ပြီးတော့ အလုပ်သမားအရေး လုပ်နေတဲ့ လူအချို့ကိုယ်တိုင် နေထိုင် အလုပ်လုပ်ကိုင်ခွင့်လည်းမရှိ၊ တရားဝင် ဖွဲ့စည်းထားသည့် အဖွဲ့တွေ မဟုတ်တာကြောင့် အဖွဲ့အစည်းတွေက ထောက်ပံ့ဖို့ ခက်ခဲတယ်လို့ ပြောပါတယ်။ ဘတ်ရှိပေမယ့် အလုပ်သမားအရေး လုပ်တဲ့လူအချို့ကို ဆိုင်ကယ်ပေါ်မှာ တင်လာတာ လူကုန်ကူးမှုနဲ့တရားစွဲပြီး ထောင်ချတာတွေရှိပါတယ်။ အလုပ်သမားအဖွဲ့ ခေါင်းဆောင်ကိုယ်တိုင် မြ၀တီဘက်ကို ပို့တာခံဖူးတယ်လို့ ဆိုပါတယ်။ အလုပ်သမားအရေး လုပ်တယ်လို့ အမည်ခံ ထားပေမယ့် ကလေးတွေကိုပြတဲ့ ကျောင်းကလေးတွေကို ဖွင့်ပြီး ရပ်တည်နေကြရတယ်လို့ ဆိုပါတယ်။

တရားဝင် လုပ်ကိုင်ခွင့်ရှိတဲ့ မြန်မာအလုပ်သမားအဖွဲ့ တစ်ခုနဲ့ တရားဝင်မဟုတ်ပေမယ့် နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ လုပ်ဖေါ်ကိုင်ဘက် အဖွဲ့အစည်းအချို့ ရှိပေမယ့် ထိထိရောက်ရောက် လုပ်နိုင်တာမရှိဘူးလို့ ဆိုပါတယ်။

မဲဆောက်မြို့ဆိုတာ လူကုန်ကူးမှုဌာနချုပ်ဖြစ်ပေမယ့် လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့တွေလည်း ထိထိရောက်ရောက် လုပ်နိုင်စွမ်း မရှိဘူးလို့ဆိုပါတယ်။ မဲဆောက်မြို့မှာ အလုပ်သမားအရေး လုပ်နေကြတဲ့ လူတွေရဲ့ အဖြစ်က ထိုင်းအစိုးလည်းမကြိုက်၊ လုပ်ငန်းရှင်လည်းမုန်း၊ နအဖသူလျှို အန္တရာယ်လည်း ရှိတာကြောင့် လုပ်သင့်တဲ့ အလုပ်တောင် မဟုတ်ဘူးလို့ အချို့က ပြောကြပါတယ်။ ဆန္ဒပြလို့ဖြစ်ဖြစ်၊ အမှုဖြစ်လို့ဖြစ်ဖြစ် အလုပ်သမားတွေ ပြဿနာဖြစ်လို့ ဆ၀ါဒီကန်(အလုပ်သမားရုံး)တို့ တရားရုံးတို့ကို သွားလာရင်း အလုပ်သမားအရေး လုပ်တဲ့လူတွေကိုပင်လျှင် မဲဆောက်က ပုလိပ်တွေ ဖမ်းပြီးတော့ မြ၀တီဘက်ကို ပို့တာကိုခံရပါတယ်။ ကူညီပေးမယ့် အလုပ်သမားအဖွဲ့က လူတွေကိုလည်းဖမ်း၊ အမှုဖြစ်နေတဲ့ လူတွေလည်း အဖမ်းခံရဆိုတော့ မြန်မာအလုပ်သမားတွေဟာ အလုပ်သမားအဖွဲ့တွေကို အားကိုး ယုံကြည်မှု နည်းပါးသွားကြပါတယ်။ အကာအကွယ်လည်း တကယ်ပဲမဲ့နေကြရတယ်လို့ ဆိုပါတယ်။

မဲဆောက်မှာ အလုပ်သမားတွေကို အလုပ်ရုံတွေက နေထိုင်စားသောက်စရိတ်အတွက် ဘတ်၂၀၀ ကနေ ဘတ်၄၀၀အတွင်းမှာ ဖြတ်တောက် ခံရတတ်ပါတယ်။ မဲဆောက်မှာရှိတဲ့ စက်ရုံတွေက ဘန်ကောက်ကတစ်ဆင့် လာလုပ်နေတဲ့ စက်ရုံခွဲကလေးတွေ၊ ဒါမှမဟုတ် ကော်မရှင်စား အသေးစားလေးတွေ ဖြစ်ပါတယ်။ ၂၀၀၇ တုန်းက တိုက်ပွဲဝင်ခဲ့တဲ့အလုပ်သမားတွေ ရရှိခဲ့တာ ရှိပါတယ်၊ ၁၅၃ ဘတ်ရပါတယ်၊ ဒါပေမယ့် များမကြာမီအတွင်း အဲဒီအလုပ်သမားတွေကို အလုပ်ဖြုတ်ပစ် လိုက်ပါတယ်။ နောက်အခြေအနေတစ်ခုက သတင်းစာတို့ စာစောင်တို့ဆိုတာ မဲဆောက်မှာ အထူးနည်းပါးပါတယ်။ မည်ကာမတ်တပ် ကွက်တိ၊ ကွက်ကြားပဲ ရှိတယ်လို့ အလုပ်သမားတွေက အားမလိုအားမရ ပြောပြကြပါတယ်။ ဟိုအဖွဲ့က နည်းနည်းထုတ်၊ ဒီအဖွဲ့က နဲနဲထုတ်နဲ့ အလုပ်သမားတိုင်း ဖတ်ရှုခွင့်မရတာလည်း အားနည်းချက် တစ်ခုပါပဲလို့ အလုပ်သမားအရေး လုပ်ကိုင်သူ နောက်တစ်ဦးက ပြောပြပါတယ်။

မြန်မာအလုပ်သမားတွေဟာ မဲဆောက်မြို့ကို ခေတ္တခဏနားခိုတဲ့ နေရာအဖြစ် သတ်မှတ်ထားပြီးတော့ ရတဲ့နည်းနဲ့ ဘန်ကောက်ကို တက်ကြပါတယ်။ ခုဆိုရင်ဘန်ကောက်ကို ဘတ်တစ်သောင်းခွဲနဲ့ တက်နေကြပါတယ်။ အတော်များများက ဘတ်၅၀၀၀စီပေးပြီး ကျန်တစ်သောင်းကိုတော့ လုပ်ရင်းနဲ့ ပေးဆပ်ရတယ်လို့ ပြောကြပါတယ်။ ဗီဇာနဲ့ လုပ်နေတဲ့ အုပ်စုဆိုရင် ၁၈၀၀၀/ပေးရပါတယ်။ အလုပ်သမား အတော်များများ လုပ်နေကြပါတယ်။ အလုပ်သမားတွေ ဘာဖြစ်လာမယ်ဆိုတာကို မသိနိုင်သေးပေမယ့် ယာယီပတ်စပို့ လုပ်ပေးနေတဲ့ ပွဲစားတွေတော့ ချမ်းသာအောင် ရနေကြပါပြီ။ မဲဆောက်က အလုပ်သမားတွေက ယာယီပတ်စပို့နဲ့ ထိုင်းအတွင်းပိုင်းကို သွားပြီး အလုပ်လုပ်ရမှာဆိုတော့ တော်တော်ပဲ ၀မ်းသာအားရ လုပ်နေတာကို တွေ့ကြရပါတယ်။

အယင်တုန်းက အလုပ်သမားအဖွဲ့ နှစ်ဖွဲ့သုံးဖွဲ့သာ ရှိခဲ့တဲ့မဲဆောက်မြို့မှာ ယခုအခါ ဆယ်ဖွဲ့နီးပါးဖြစ်နေပြီး ဖြစ်ပါတယ်။ သိန်းချီရှိနေတဲ့ မြန်မာ အလုပ်သမားတွေအတွက် အလုပ်သမားအဖွဲ့တွေ နောက်ထပ် လိုအပ်ပါသေးတယ်။ အလုပ်သမားတွေရဲ့ ပြဿနာတွေက အမည်ခေါင်းစဉ်တွေ အထူးများပြားတာကြောင့် နောက်ထပ်အဖွဲ့တွေ ပေါ်ပေါက်လာမှာကို ကြိုဆိုပါတယ်လို့ အလုပ်သမားအရေးလုပ်တဲ့ အခြားအဖွဲ့တစ်ခုက ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။ ဒီအလုပ်သမားအဖွဲ့တွေ စုပေါင်းပြီးတော့ ခေါင်းစဉ် တူတာလေးတွေကို စုပေါင်းတာဝန်ယူပြီးတော့ လုပ်ကိုင်ရင်လည်း အကျိုးဖြစ်ထွန်းနိုင်တယ်လို့ ထောက်ပြပြန်ပါတယ်။ အရင်လုပ်တဲ့လူနဲ့ နောက်လုပ်တဲ့ လူတွေကြားထဲမှာ ၀ါရင့်တာတွေ၊ လုပ်သက်နုတာတွေကို ဘေးဖယ်ထားပြီး သိန်းချီရှိတဲ့ အလုပ်သမားတွေမှာ ခေါင်းစဉ်အမျိုးမျိုးနဲ့ တက်လာနေတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ရေးက ပဓာဏကျတယ်လို့ အလုပ်သမားအရေးလုပ်တဲ့ အဖွဲ့တစ်ခုက ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

အလုပ်သမားအဖွဲ့အဖြစ် မားမားမတ်မတ် ရပ်တည်ပြီးတော့ တရားဝင်ရပ်တည်ခွင့်ရအောင် အလုပ်သမားအရေး လုပ်နေတဲ့အဖွဲ့တွေ တောင်းဆို တိုက်ပွဲဝင်ကြရပါမယ်။ အလုပ်သမားတွေကိုပဲ အခွင့်အရေးတွေကို ချပြနေတာမျိုး မဟုတ်ပဲ လွတ်လပ်စွာ ဖွဲ့စည်းတည်ထောင်ခွင့်ရအောင် အလုပ်သမားအဖွဲ့တွေ အယင်လုပ်ကြရပါမယ်။ ဒါမှ နိုင်ငံတကာအဖွဲ့တွေက တရားဝင် ထောက်ပံ့ ကူညီပေးလာမှာဖြစ်ပြီးတော့ အလုပ်သမားတွေ အားကိုးအားထားပြုလောက်တဲ့ မြန်မာ အလုပ်သမား အဖွဲ့များအဖြစ် ဂုဏ်သိက္ခာရှိလာမှာ ဖြစ်တယ်လို့ မဲဆောက်က အလုပ်သမားအရေးလုပ်တဲ့ လူငယ်က ပြောပြပါတယ်။

(မဲဆောက်မှ။အလုပ်သမားအရေးဆောင်ရွက်သူ၃ဦးနှင့် အလုပ်သမား၅ဦးတို့ အားမေးမြန်းရေးသားပါသည်) 
ကိုကျော်သောင်းမှ ပေးပို့ပါသည်။