5.12.2010

အလုပ်သမား ကလေးကယ်ရီများ သတိပေးခံရ

မေလ ၁၂

မိမိ၏ကလေးငယ်များအား နေရပ်ရင်း မြန်မာနိုင်ငံသို့ ပြန်လည်းပို့ ဆောင်ပေးသည့် ကလေးကယ်ရီ (ပွဲစား)များအား ထိုင်းအာဏာပိုင်များက ဖမ်းဆီးအရေးယူတော့မည်ဟု သိရသဖြင့် မြန်မာအလုပ်သမ ကလေးမိခင်များ စိုးရိမ်နေကြကြောင်း သိရှိရသည်။

ထိုင်းနိုင်ငံတစ်နံတလျားရှိ မြန်မာအိမ်ထောင်သည် အလုပ်သမားအချို့တို့တွင် မွေးဖွားလာသည့် ကလေးငယ်များ ၆လမှတစ်နှစ်အတွင်း အရွယ်များကို မိမိနေရပ်ရင်းရှိမိဘများထံသို့ ပွဲစားများနှင့်နေ့စဉ် ပို့ဆောင်ပေးလျှက်ရှိသည်။ ထိုင်းနိုင်ငံအတွင်း နေရာဒေသကိုလိုက်၍ ကလေးငယ်တစ်ဦးအား နယ်စပ်မြို့  (ရနောင်း၊မဲဆောက်၊မယ်ဆိုင်)မြို့သို့ အရောက် ဘတ်ငွေ ၄၀၀၀ မှ ၅၀၀၀ အတွင်းပွဲစားသို့ ပေးချေရသည်။ နယ်စပ်မြို့ များသို့ ကလေးငယ်မိသားစုများက လာရောက်ယူဆောင်သည်။

အဆိုပါ ပွဲစားကယ်ရီဆိုသူများမှာ မြန်မာအလုပ်သမား အ၀ိုင်းအ၀န်းနှင့် နီးစပ်သည့် ထိုင်းနိုင်ငံသားအချို့နှင့် မြန်မာပတ်စပို့ ကိုင်ဆောင်ထားကြသည့် မြန်မာနိုင်ငံသားအချို့ တို့ စီးပွားဖြစ်လုပ်ကိုင်လေ့ရှိသည့် အချိန်ကြာမြင့် ခဲ့ပြီး ဖြစ်သည့် လုပ်ငန်းတစ်ခုဖြစ်သည်။

ဘန်ကောက်မြို့ အယ်ကရှိုင်(---လမ်း) အထည်ချုပ်စက်ရုံမှ မြန်မာအလုပ်သမ တဦးက “ကျမအမမှာ ကလေး၂လ သားလေးပါ။ အဲဒါ ကျမကိုပို့ခိုင်းတယ်။ ကျမမှာ ယာယီပတ်စပို့ ရှိတယ်လေ။ ကြားရတဲ့ သတင်းက ကလေးမိခင် ဟုတ်မဟုတ် မွေးစါရင်းနဲ့တိုက်ကြည့်မယ်၊ နာမည်တွေစစ်ဆေးမယ်။ နို့ ကို လှန်ခိုင်းမယ်။ နို့ တိုက်ခိုင်းမယ်ဆိုတော့ ကျမက အပျိုရှင့်၊ အဖမ်းခံရရင်တော့ ခက်မယ်”ဟု ပြောသည်။

မြန်မာနိုင်ငံအနှံအပြားမှ ထိုင်းနိုင်ငံအတွင်းသို့ လာရောက် အလုပ်လုပ်ကိုင်ကြသည့် အိမ်ထောင်သည်များမှာ မပြာပလောက်သော အရေတွက်သာရှိသည်။ မြန်မာအလုပ်သမား အတော်များများတို့ မှာ ထိုင်းနိုင်ငံသို့  ရောက်ရှိပြီးမှ အိမ်ထောင်ပြု ကလေးမွေးပြီး နေရပ်ရင်းမိဘများထံသို့ ပြန်လည်ပို့ ဆောင်ပေးလေ့ရှိကြသည်။

ကလေးကယ်ရီ(ပွဲစား)များက နို့ဗူးများဖြင့် ကလေးငယ်များကို နယ်စပ်သို့ သယ်ယူသွားလေ့ရှိသည်။ လမ်းတွင် မိဘအ၇င်းအချာ မဟုတ်သဖြင့် မကြာကြာ ငိုလေ့ရှိတတ်သည်။ အချို့ ကလေးငယ်များမှာ အငိုမတိတ်ပဲ ကားတစ်စီးလုံး ခရီသည်များ စိတ်အနှောက်အယှက် ဖြစ်ရသည်အထိ အငိုသန်ကြသည်။ ကားသမားများကလည်း ကလေးရှင် အရင်းအချာ မဟုတ်မှန်းသိကြသည်။ ယခင်နှစ်များစွာက ကလေးများကို ယခုကဲ့သို့ ကယ်ရီပွဲစားများ နယ်စပ်သို့ ပို့  ဆောင်ခဲ့သော်လည်း အခက်အခဲ တစ်စုံတစ်ရာမရှိခဲ့ပေ။ ယခုကဲ့သို့ မိခင်၊ ဖခင်အ၇င်းများမဟုတ်သည့် လူကယ်ရီများအား ထိုင်းအာဏာပိုင်များက ဖမ်းဆီး အရေးယူမည်ဟု သတင်းထွက်ပေါ်လာသဖြင့် ကလေးပို့ရန် စီစဉ်စိတ် ကူးထားသည့် မြန်မာ အလုပ်သမား အိမ်ထောင်သည်များအခက်ကြုံနေရကြောင်းသိရှိရသည်။