

ဧပြီ ၇၊ဘန်ကောက်။
ဘန်ကောက်မြို့ နိုင်ငံခြားသတင်းထောက်များကလပ်တွင်ဖရီးဘားမားရိမ်းဂျားအဖွဲ့ က ခိုလှုံရာမဲ့ ကလေးများ အစီရင်ခံစာကို ယနေ့ ထုတ်ဝေလိုက်သည်။
နိုင်ငံတကာဆောင်ရွက်ရေးဆိုင်ရာအဖွဲ့အစည်းများက အခက်အခဲကြုံတွေ့နေရသော မြန်မာ ကလေးငယ် များအား စောင့်ကြည့်လေ့လာ မေးမြန်းချက်များကို Free Burma Ranger အဖွဲ့ က စာမျက်နှာ ၁၀၇ မျက်နှာပါ အစီရင်ခံစာနှင့်အတူ ဓါတ်ပုံများ ဗွီဒီယိုရိုက်ကွက်များကို စီဒီခွေများနှင့် ပူးတွဲထုတ်ဝေဖြန့် ချီခဲ့ခြင်းဖြစ်သည်။
အဆိုပါအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ကိုမန်းကီးက “အစိုးရက သတ်မှတ်ထားတဲ့ အနက်ရောင်၊ အနီရောင်နယ် မြေတွေမှာ ကျနော်တို့ သွားလာလှုပ်ရှားကြပါတယ်၊ စစ်ပွဲမှာ ဒဏ်ရာရတဲ့လူတွေကို ကျနော်တို့ ဆေးဝါးကုသ ပေးတယ်၊ စားစရာတွေ၊ ၀တ်စရာတွေ ပေးကမ်းပါတယ်၊ ပြီးတော့ အသိပညာတွေ အတတ်ပညာ တွေကိုလည်း သင်ကြားပြသပေးပါတယ်၊ ကျနော်တို့ရဲ့ ကူညီယိုင်းပင်းမှုကြောင့် ကျနော်တို့ကို ဒေသခံတွေက သားသမီးတွေလို ကာကွယ်စောင့်ရှောက်ပေးပါတယ်၊ အကူအညီတွေအပြန်အလှန် ရရှိပါတယ်”ဟု ပြောသည်။
အစီရင်ခံစာတွင် ပထမဦးဆုံးဖေါ်ပြထားသည်မှာ ပြည်တွင်ဒေသမှ ဖိအားအမျိုးမျိုးကြောင့် မိခင်နယ်မြေ ဒေသကိုကို စွန့်ခွာပြီး ထွက်ပြေးလာရသော ကလေးများ၏ ခံစားချက်များနှင့် အတွေ့အကြုံများကို ဖေါ်ပြထားသည်။ နအဖစစ်သားများက သူတို့ ၏အုပ်ချုပ်သော ဒေသတွင်းနှင့် အပစ်ခတ်ရပ်စဲရေး ဒေသများတွင်၎င်း၊ ပုန်းကွယ်နေရသည့် ဒေသများတွင်၎င်း ကလေးများအပေါ် ဖိနှိပ်မှုများကို အဓိက ဖေါ်ပြထားသည်။
အစီအရင်ခံစာတွင် ကလေးသူငယ်များ ကိုယ်တိုင်မြင်တွေ့ ခဲ့ရသော တရားမျှတမှု မရှိသည့် သတ်ဖြတ်မှုများ ဖိနှိပ်ညှင်းပန်းမှုများ၊ ဖမ်းဆီးထောင်သွင်းအကျဉ်းချမှုများ၊ မုဒိမ်းကျင့်ခြင်းများ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊ အဓ္ဓမ လုပ်အားပေးစေခိုင်းမှုများ၊ ပေါ်တာဆွဲမှုများ၊ ကလေးစစ်သားအဖြစ် အတင်း အကျပ်စေခိုင်းမှုများ၊ အခြေခံလူ့အခွင့်အရေးများအပေါ် ချိုးဖေါက်ခံရမှုများ၊ ဆင်းရဲမွဲတေမှုကြောင့် ရောင်းစားခံရမှုများ၊ ကျောင်းနေခွင့်မရခြင်းများ၊ ကျမ္မာရေးစောင့်ရှောက်မှု မရရှိခြင်းများပါဝင်သည်။ ပြည်တွင်းမှ အကြောင်းအမျိုးမျိုးကြောင့် ထွက်ပြေးလာရသည့် ကလေးများသည် လုံခြုံမှုမရှိခြင်း၊ အကူအညီများကင်းမဲ့ခြင်း စသည်တို့ ကြုံတွေ့ နေရကြောင်း အစီရင်ခံစာတွင် ရေးသားထားသည်။
ကိုမန်းကီးက ဆက်လက်ပြောပြရာတွင် “ကျနော်တို့ က ပြည်သူတွေနဲ့ အတူရှိပါတယ်၊ ပြည်သူတွေနဲ့ အတူ အသက်လုပြီး ထွက်ပြေးရပါတယ်၊ ကျနော်တို့ အချိန်မရွေး အသတ်ခံရနိုင်ပါတယ်၊ ဒါပေမယ့် ကျနော်တို့  စွန့်စားပြီး လုပ်နေကြတာဖြစ်ပါတယ်၊ ကျနော်တို့ ဒီလိုလုပ်နေတဲ့အတွက် မသေသင့်တဲ့လူတွေမသေတော့ ဘူး၊ ဘာမှမသိတဲ့အနေအထားကနေ ကျနော်တို့ ပြောပြတဲ့အတွက် သိလာတတ်လာတွေရှိပါတယ်၊အင်္ဂလိပ် မစ်ရှင်တစ်ဦးရဲ့ ကောင်းမှုပေါ့လေ”ဟု ပြောသည်။
ဤအဖွဲ့သည် နအဖအစိုးရက နယ်စပ် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအား အကြီးအကျယ် ထိုးစစ်ဆင်နွဲစဉ် ၁၉၉၇ခုနှစ်က လူထုလိုအပ်ချက်အရ ပေါ်ပေါက်လာရခြင်းဖြစ်ဟုဆိုသည်။ Free Burma Ranger အဖွဲ့နာမည်ဖြင့် မြန်မာနယ်စပ်ဒေသတိုင်းတွင် အဖွဲ့ပေါင်း တစ်ရာကျော် ကွန်ယက်ဖြန့်ကျက် လှုပ်ရှားလျှက်ရှိကြောင်း ပြောပြသည်။ အချိန်ပြည့်တာဝန် ထမ်းဆောင်နေသော အဖွဲ့ မှာ ၅၂ ဖွဲ့ ရှိသည်။ ရှမ်း၊ ကရင်၊ ရခိုင်၊ လားဟူ၊ ပအို့ဝ်၊ ချင်း၊ ကချင် အပါအ၀င် လူမျိုးစုပေါင်း ၁၀ခုနှင့် ဖွဲ့စည်းထားကြောင်း Free Burma Ranger အဖွဲ့ ခေါင်းဆောင် Steve Gumaer က ပြောဆိုသွားသည်။
ထိုသို့ အချက်အလက် အတိအကျ ခိုင်ခိုင်မာမာရရှိရေးအတွက် အချိန်အတန်ကြာအောင်စွန့် စား လုပ်ဆောင်ခဲ့ရပြီးမှ ယခုကဲ့သို့  ထုတ်ဖေါ်ပြရခြင်းဖြစ်ကြောင်း ပြောခွင့်ရ အမျိုးသမီး Amanda Carroll ကလည်း ရှင်းလင်းပြောဆိုသွားသည်။ ဤအစီရင်ခံစာ ထုတ်ဝေသည့် သတင်းစာ ရှင်းလင်းပွဲသို့ ဘန်ကောက် အခြေစိုက် မြန်မာသတင်းဌာနအချို့ နှင့် နိုင်ငံတကာသတင်းဌာနတို့ က သတင်းထောက်များ၊ လေ့လာသူများ တက်ရောက်ခဲ့ကြသည်။
ကိုကျော်သောင်းမှ ပေးပို့ပါသည်။