6.03.2010

အမေရိကန် ဆီနိတ်တာက မြောက်ကိုရီးယားနှင့် နျူကလီးယား ဆက်နွယ်မှုရှိသည်ဟူသော စွပ်စွဲချက်ဖြင့် မြန်မာခရီးစဉ်ဖျက်သိမ်း

ဇွန် ၃၊ ကြာသာပတေး ၊ ၂၀၁၀။

အမေရိကန် ဆီနိတ်တာနှင့် အာရှနှင့် ပဆိဖိတ်ရေးရာဆိုင်ရာ ဥက္ကဌ ဂျင်ဝက်က သူ၏တောင်ကိုရီးယား ခရီးစဉ် အပြီးတွင် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံများသို့ သွားရောက်ရန် ဖြစ်သော်လည်း မြန်မာခရီးစဉ်ကို ဖျက်သိမ်း၍ ထိုင်းနိုင်ငံသို့သာ သွားရောက်တော့မည်ဟု ယနေ့ နေ့စွဲဖြင့် ကြေငြာချက် တစောင် ထုတ်ပြန်ခဲ့ ပါသည်။
သူ၏ထုတ်ပြန်ကြေငြာချက်တွင် အသစ်တွေ့ရှိရသော အစီရင်ခံစာတရပ်အရ မြန်မာစစ် အစိုးရသည် မြောက်ကိုရီးယားနှင့် နျူကလီးယားလက်နက်များဆိုင်ရာ လုပ်ငန်းများတွင် ပူးတွဲဆောင်ရွက်မှုများကို တွေ့ရှိ ရသဖြင့် ခရီးစဉ်ကို ဖျက်သိမ်းခဲ့ရသည်ဟု ထုတ်ပြန်ခဲ့ပါသည်။
မစ္စတာ ဂျင်ဝက်က သူ၏ခရီးစဉ်ကို ဖျက်သိမ်းခဲ့ရခြင်းနှင့် ပါတ်သက်ပြီး မြန်မာနိုင်ငံသည် အမေရိကန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကတ်ကင်းဘဲလ်ကို  မြန်မာစစ်အုပ်မှ ဂတိကဝတ် ပြုခဲ့သော်လည်း ကုလသမ္မဂ္ဂ၏ သဘောတူစာချုပ် အမှတ် ၁၈၇၄ ကို ဖေါက်ဖျက်နေသည်ဟု ယုံကြည်ရသောကြောင့် ဖျက်သိမ်းခဲ့ရခြင်း ဖြစ်သည်ဟု ဆိုပါသည်။
ဂျင်ဝက်၏ မူရင်းထုတ်ပြန်ကြေငြာချက်ကို ဖတ်ရှုရန် 
ပြည်တွင်းသတင်းထောက် (ရွှေဝါရောင်သတင်းလွှာ)

တရုတ်နှင့်မြန်မာ သဘောတူစာချုပ် ၁၅ ခု လက်မှတ်ရေးထိုး

 ဇွန် ၃ ၊ ရန်ကုန် ။
တရုတ်ဝန်ကြီးချုပ် ဝမ်ကြားပေါင်၏ တရုတ်မြန်မာ နှစ်ခြောက်ဆယ်ပြည့် အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် ခရီးစဉ်အတွင်း စစ်အစိုးရ ဝန်ကြီးချုပ် ဦးသိန်းစိန်နှင့် သဘောတူစာချုပ် ၁၅ခုကို ယနေ့ လက်မှတ်ရေးထိုးခဲ့သည်ဟု သိရှိရပါသည်။
ထိုအခမ်းအနားကို တက်ရောက်ခွင့်ရခဲ့ပြီး ကိုယ်တိုင် တွေ့မြင်ခဲ့ရသူ နအဖ အရာရှိတဦးက တရုတ်နှင့် မြန်မာ သဘောတူ လက်မှတ်ရေးထိုးခဲ့သည့် စာချုပ်များတွင် သဘာဝဓါတ်ငွေ့ ပိုက်လိုင်းကိစ္စ၊ ရေအားလျှပ်စစ် လုပ်ငန်းများ ၊ ရထားသယ်ယူပို့ဆောင်ရေး လုပ်ငန်းများ ၊ နယ်စပ်ကုန်သွယ်မှု လုပ်ငန်းများ၊ သတ္တုတူးဖေါ်ရေးလုပ်ငန်းများနှင့်  အခြားအကူအညီပေးရေး ဆိုင်ရာ သဘောတူစာချုပ်များ ပါဝင်သည်ဟု ပြောပြခဲ့ပါသည်။ 
၎င်းအရာရှိကပင် ဆက်လက်ပြောပြရာတွင် တရုတ်ဝန်ကြီးချုပ်သည် ထိုသဘောတူစာချုပ်များ  လက်မှတ် မရေးထိုးမှီ နအဖ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဝန်ကြီးချုပ် ဦးသိန်းစိန်တို့နှင့် သီးခြား တွေ့ဆုံ ခဲ့ကြသည်ဟု ဆိုပါသည်။ 
တရုတ်ဝန်ကြီးချုပ်၏ မြန်မာနိုင်ငံ ခရီးစဉ်သည် လွန်ခဲ့သော ၁၆နှစ် ၁၉၉၄ခုနှစ် ဒီဇင်ဘာလက ၂၆ရက်မှ ၂၈ရက်နေ့ အထိ ၂ရက်ကြာ ခရီးစဉ်နောက်ပိုင်းတွင် ပထမဆုံး ဝန်ကြီးချုပ် ခရီးစဉ်ဖြစ်ဖြစ်ပါသည်။

တရုတ်ဝန်ကြီးချုပ် ဝမ်ကြားပေါင်နှင့် သူ၏အဖွဲ့သည် ယနေ့ညနေပိုင်းတွင် နေပြည်တော်မှ ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိလာခဲ့ပြီ ဖြစ်ပါသည်။ တရုတ်ဝန်ကြီးချုပ်သည် မြန်မာပြည် ခရီးစဉ် အပြီးတွင်  တောင်ကိုရီးယား၊ ဂျပန်နှင့် မွန်ဂိုလီးယား  နိုင်ငံတို့သို့ သွားရောက်ရန် ရှိပါသည်။ 
ပြည်တွင်းသတင်းထောက် (ရွှေဝါရောင် သတင်းလွှာ)