7.05.2008

Security Tightened in Rangoon after Bomb Blast ရန်ကုန်မြို့အတွင်း လုံခြုံရေးများ တင်းကျပ်စစ်ဆေး


File photo shows members of Burma's special police force on guard in Rangoon. Burmese junta
has deploying security guards around-the-clock at government buildings and at the offices
of junta-backed groups following Tuesday’s bomb blast in Rangoon. (Photo: AFP)

Burmese authorities have begun deploying security guards around-the-clock at government buildings and at the offices of junta-backed groups following Tuesday’s bomb blast at a Union Solidarity and Development Association (USDA) office in Rangoon, according to sources close to authorities.
Since Tuesday’s incident at the USDA office in Shwe Pyi Thar Township in the northern outskirts of Rangoon—in which no one was killed—military authorities have increased nighttime patrols in army trucks and have set up checkpoints around the city, as well as urging the public through state-run media to remain alert and to report any suspicious activity, said the sources.


The chairman of Rangoon City Development Committee, Brig-Gen Aung Thein Linn, who is also an official with junta-backed civic organization USDA, told reporters in Rangoon that members of the USDA will be deployed as security guards around assigned offices and buildings.
Speaking to The Irrawaddy on Thursday, an official from Rangoon City Development Committee who requested anonymity said: “Aung Thein Linn said that he will increase security patrols. All USDA offices will be guarded 24 hours. And members of the USDA will be deployed as security troops.”
A USDA member in Kyauktada Township said that security guards recruited from his organization would undergo security training.
“The Authorities in townships and wards around Rangoon are calling meetings at the moment,” said a member of the Township Peace and Development Council. “They also asked residents to become involved in the security guard training, which will be led by USDA officials.”
Members of the Township Peace and Development Council in Rangoon have been pressuring local authorities in every ward in Rangoon division to form security groups within the next few days, said residents in Hlaing Thayar, Yankin and Pabedan townships.
An armed students’ group in exile, the Vigorous Burma Student Warriors, later claimed responsibility for the bombing.
Irrawaddy correspondent Aung Thet Wine contributed to this report from Rangoon.
ရန်ကုန်မြို့အတွင်း လုံခြုံရေးများ တင်းကျပ်စစ်ဆေး
ဇူလိုင် (၁) ရက် နံနက် ရန်ကုန် ရွှေပြည်သာမြို့နယ် ကြံ့ဖွံ့ရုံး၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ရန်ကုန်တိုင်း တတိုင်းလုံးရှိ ကြံ့ဖွံ့ရုံးများတွင် လုံခြုံရေးအစီအစဉ်များ လုပ်ဆောင်နေပြီး ရန်ကုန်မြို့အနှံ့ စစ်ဆေးရေးဂိတ်များ ချထား စစ်ဆေးနေကြောင်း မြို့ခံများက ပြောသည်။
“ရွှေပြည်သာမှာ ကြံ့ဖွံ့ရုံး ဗုံးပေါက်တဲ့အတွက် အခုလို လုံခြုံရေးတွေ စတင်ဆောင်ရွက်တာ ဖြစ်ပါ တယ်။ ရန်ကုန်တိုင်း ကြံ့ဖွံ့အသင်းက အခုလို စီစဉ်တာပါ။ ကြံ့ဖွံ့အဖွဲ့ဝင်တွေက မိမိနဲ့သက်ဆိုင်တဲ့ မြို့နယ်တွေမှာ အလှည့်ကျစီ စောင့်ပေးရမှာ ဖြစ်ပါတယ်” ဟု ရွှေပြည်သာမြို့နယ်မှ ကြံ့ဖွံ့အဖွဲ့ ၀င်တဦးက ပြောသည်။
ရွှေပြည်သာမြို့နယ် အမှတ် (၆) ရပ်ကွက် ဘုရင့်နောင်လမ်းမကြီးရှိ ကြံ့ဖွံ့ရုံးတွင် ယခုလ (၁) ရက် နေ့ နံနက် (၆) နာရီခွဲအချိန်ခန့်က ဗုံးပေါက်ကွဲခြင်းဖြစ်သည်။
ထိုသို့ဗုံးပေါက်ကွဲပြီး နောက်တနေ့မှစ၍ ရန်ကုန်မြို့အနှံ့ စစ်ဆေးရေးဂိတ်များ ချထားကာ ကားများ ကို စစ်ဆေးနေကြောင်းလည်း ရန်ကုန်မြို့ခံများက ပြောသည်။
ရန်ကုန်မြို့ခံတဦးက “မင်္ဂလာဒုံကနေ မရမ်းကုန်းလမ်းဆုံထိ ပြည်လမ်းပေါ်မှာ (၃) ဂိတ်၊ အင်းစိန် ကနေ လှည်းတန်းလမ်းဆုံ (၂) ဂိတ်၊ လှည်းတန်းကနေ မြေနီကုန်းအထိ (၃) ဂိတ်၊ မြေနီကုန်း ကနေ စံပြရုပ်ရှင်ရုံအထိ (၃) ဂိတ်၊ မြို့ထဲမှာလည်း ဂိတ်တွေ အများကြီးချထားပြီး ကားအသွား အလာကို စစ်နေတယ်။ အထူးသဖြင့် ဆာ့ဖ်လို၊ ပါဂျဲရိုးလို ကားအကောင်းစားတွေကို အသေအချာ စစ်ဆေးနေတာ တွေ့တယ်” ဟု ပြောသည်။
နအဖ စစ်အစိုးရသည် ပေါက်ကွဲမှုများ ဖြစ်ပေါ်တိုင်း ပြည်ပရောက် အတိုက်အခံများကို စွပ်စွဲလေ့ ရှိပြီး ယခုကဲ့သို့ စစ်ဆေးရေးလုပ်ခြင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို လူမြင်ကွင်း၌ ချထားခြင်းတို့ လုပ်လေ့ရှိသည်။
သို့သော် ယခုတကြိမ်၌ စစ်ဆေးရေးဂိတ် အထူးများပြားခြင်း၊ ပြည်လမ်းမပေါ်ကဲ့သို့ နေရာမျိုးတွင် သံဆူးကြိုးခုံများ ချပြီး အသေအချာ စစ်ဆေးခြင်း၊ လိုင်းကားများ၊ ကြားကားများထက် အိမ်စီး ကားငယ်များ၊ ဇိမ်ခံကားအကြီးများကို ပိုမို စစ်ဆေးခြင်းတို့ ပြုလုပ်နေကြောင်း သိရသည်။
စစ်ဆေးရေးဂိတ်များ၌ ယူနီဖောင်းဝတ် ရဲ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် အရပ်ဝတ် လူများ ပူးပေါင်းပါဝင်ကြပြီး စစ်သားများကိုမူ ဂိတ်များ၏ မနီးမဝေးများတွင်သာ နေရာချထားကြောင်း၊ ညဘက်၌လည်း စစ်ဆေးရေးဂိတ်များ ချ စစ်ဆေးနေကြောင်း သိရသည်။
နအဖ စစ်အစိုးရ၏ ဇူလိုင် (၂) ရက် သတင်းစာများတွင် ရွှေပြည်သာ ကြံ့ဖွံ့ရုံး ဗုံးပေါက်ကွဲမှုကြောင့် ရုံးခန်း၏ အုတ်နံရံအကျယ် (၆) လက်မ၊ အမြင့် (၉) လက်မခန့် ပေါက်ထွက်ပျက်စီးကာ ရုံးအောက် ထပ်အ၀င် တံခါးကြီး၊ ပြူတင်းပေါက်မှန်များ၊ စာရေးစားပွဲ (၃) လုံး၊ ကုလားထိုင် (၆) လုံး၊ လက်နှိပ် စက် (၁) လုံး၊ တယ်လီဖုန်းကိုယ်ထည် (၁) ခု ပျက်စီးကြောင်း၊ လူထိခိုက်ဒဏ်ရာရမှု မရှိကြောင်း ဖော်ပြပါရှိသည်။
ရွှေပြည်သာမြို့နယ်၌ တာဝန်ကျ ရဲတဦးကမူ ဗုံးအမျိုးအစားမှာ ယခင် ဧပြီ (၂၀) ရက်က ပေါက်ကွဲ သော ဗုံးများထက် ပေါက်အား ပြင်းထန်ကာ လူကိုသေစေနိုင်သည်အထိ အန္တရာယ်ရှိသော လက် လုပ်ဗုံးအမျိုးအစား ဖြစ်သည်ဟု ပြောသည်။
ယခုအခါ တရားခံဖမ်းဆီးရရှိရေးအတွက် စုံစမ်းနေပြီး အများပြည်သူများကလည်း မသင်္ကာဖွယ်ရာ လူများ တွေ့ရှိပါက အချိန်မီသတင်းပေးရန် အစိုးရသတင်းစာတွင် ရေးသားထားသည်။

စိန်ခေါ်မှုများကို အန်တုသူ




၂၀၀၈ ခုနှစ် ဇူလိုင်လ (၄) ရက်နေ့ဆိုလျှင် အင်းစိန် ထောင်၌ မတရားထောင်ချခံထားရသူ ဆရာ ဦးဝင်းတင်သည် ထောင်သက် (၁၉) နှစ် တင်းတင်း ပြည့်ပြီဖြစ်သည်။ လူသတ်မှုဖြင့် ထောင်တသက် တကျွန်း ကျနေသူများပင် ထောင်တွင်း ဆုမှတ်ရက် လျှော့ရက်များ ခံစားခွင့်ရသဖြင့် (၇) နှစ်သာသာ လောက် ထောင်တွင်း၌ နေသားရလျှင် ထောင်မှ လွတ်မြောက်ကြသည်။ ဆရာသည် နိုင်ငံတော်ကို လက်နက်ကိုင် ပုန်ကန်ခဲ့သူတဦး မဟုတ်သလို အာဏာရှင်တို့အား လုပ်ကြံရန်လည်း အိပ်မက်မျှ မက်ခဲ့သူမဟုတ်။ ဆရာသည် သတင်းစာသမားပီပီ တိုင်းပြည် လူထု တွေ့ကြုံ ခံစားနေရသော ဒုက္ခဆင်းရဲတို့ကို နှလုံးရည်ဖြင့် ကယ်တင်ရန် ကြိုးစား အားထုတ်သူမျှသာဖြစ်သည်။ ထို့ကြောင့်လည်း တိုင်းပြည်ပြဿနာများကို အကြမ်းမဖက်သည့်နည်း (နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းအရ တွေ့ဆုံဆွေးနွေးအဖြေရှာသည့်နည်း) ဖြင့် အဖြေရှာလိုသူ ဒေါ်အောင်ဆန်းစုကြည်နှင့် လက်တွဲမိခြင်း ဖြစ်ပေသည်။
ဆရာဦးဝင်းတင်ကဲ့သို့သော နှလုံးရည်သမားတဦးကို ငြိုးသူရန်ဖက်သဖွယ် ဆယ်စုနှစ် (၂) စုနီးပါး ထောင်သွင်း အကျဉ်းချထားရက်သည့် စစ်ဗိုလ်ချုပ်ကြီးများ၏ “သူရသတ္တိ” ကား အံ့စရာကောင်းလှ ပေသည်။ အကယ်သာ စစ်ဗိုလ်ချုပ်ကြီးများ တိုင်းပြည်နှင့် လူမျိုးကို အမှန်တကယ် ချစ်သည်ဆိုလျှင် “ပြည့်မျက်စိ”၊ “ပြည့်နား”၊ ပြည့်ဦးနှောက်” သဖွယ်ဖြစ်သော သတင်းစာဆရာ စာရေးဆရာ ပညာရှင်များကို ဖမ်းဆီးထောင်ချမည့်အစား နေရာပေး စကားပြောဆို ဆွေးနွေးခွင့် ပေးရပေမည်။
ဆရာသည် စာရေးဆရာ သတင်းစာဆရာအဖြစ် နှစ်ပေါင်း (၃၀) ကျော် တိုင်းပြည်နှင့် လူမျိုးကို အလုပ်အကျွေးပြုခဲ့သည်။ သူ နေထိုင် ကျင်လည်ရာ လူမှုပတ်ဝန်းကျင်ရှိ မိတ်ဆွေ သူငယ်ချင်း အပေါင်းအသင်း လုပ်ဖော် ကိုင်ဖက်များကိုလည်း စိတ်စေတနာ ပြည့်ဝစွာ ကူညီထောက်ပံ့လေ့ ရှိသည်မှာ သူ၏ ထူးခြားထင်ရှားသည့် စရိုက်သဘာဝဖြစ်သည်။ ထို့ကြောင့် ဆရာသည် လူချစ် လူခင်များသူ ဖြစ်ပေသည်။ ဆရာသည် သူ့ လူမှုပတ်ဝန်းကျင်တွင် အကူအညီလိုနေသူ မည်သူ့ကို မဆို မျက်နှာစိမ်း မျက်နှာကျက် မရွေး ကူညီတတ်သူ ဖြစ်သည်။ အထူးသဖြင့် သူအလုပ်လုပ်သည့် သတင်းစာတိုက်မှ လုပ်ဖော်ကိုင်ဖက် အလုပ်သမား မိသားစုများ၏ စားဝတ်နေရေး အခက်အခဲ များကို သူ့အိတ်ထဲမှ စိုက်ထုတ်ကူညီလေ့ရှိသည်။ သူ ရရှိသည့်လစာ ၀င်ငွေကို သူ့အတွက် သုံးစွဲသည်က နည်း၍ အခြားလိုအပ်နေသူ မိတ်ဆွေများ လုပ်ဖော်ကိုင်ဖက်များအတွက် သုံးစွဲသည်က များပေသည်။ ထို့ကြောင့် ဆရာဦးဝင်းတင်၏ နေထိုင်စားသောက်မှု ဘ၀ပုံသဏ္ဌာန်ကို အာဏာရှင်ဘက်သားတို့က “ဘုံဝါဒ” သမားအဖြစ် ကင်ပွန်းတပ်ကြခြင်းဖြစ်သည်။ ဆရာ့ကို ကွန်မြူနစ်ဟု တံဆိပ်ကပ်ကြခြင်းဖြစ်သည်။ ဗိုလ်အောင်ကြီးကပင်လျှင် ဆရာ့အား ကွန်မြူနစ်ဟု စွပ်စွဲခဲ့သည်ကို မှတ်မိကြမည် ထင်ပါသည်။
အမှန်တွင်မူ ဆရာ့စိတ်နေ စိတ်ထားမှာ “သူတော်စင်” တဦးကဲ့သို့ ဖြူစင်နေခြင်းဖြစ်သည်။ ဆရာသည် သူ့တကိုယ်ရေ တကာယအတွက် ခြိုးခြံစွာနေတတ်သူဖြစ်၍ အ၀တ်အစား၊ အသုံး အဆောင်မှအစ ငွေကြေးအဆုံး အခြားလိုအပ်နေသူများကို ဝေမျှစွန့်ကြဲတတ်သည်မှာ ၀ါသနာ တခုလိုပင် ဖြစ်သည်။ အလွန် ကျဉ်းကျပ်သည့် ထောင်ထဲမှာပင် ဆရာသည် သူ၏ ထောင်ဝင်စာတွင် ပါရှိလာသော အသုံးအဆောင် အစားအသောက်များကို အခြားလိုအပ်နေသူများအား မျှဝေ စွန့်ကြဲလေ့ ရှိပေသည်။ ရံဖန်ရံခါ သူ့အတွက် အမှန်တကယ် လိုအပ်သည့် အာဟာရဖြစ်မည့် အစားအသောက်နှင့် ဆေးဝါးများကိုပင် ဝေမျှတတ်သဖြင့် ဘေးမှ ရဲဘော်များက ၀င်ရောက် ဟန့်တားကြရသည်။ သို့တိုင်အောင် ဆရာက အပြုံးမပျက်ဘဲ “ဝေလိုက်ပါဗျာ၊ ကျနော်လည်း နေကောင်းနေတာပဲ၊ အသည်းအသန်ကြီး ဖျားနာနေတာမှမဟုတ်ဘဲ” ဟု ပြောတတ်သည်။ နောက်ဆုံး ဆရာ စိတ်ချမ်းသာအောင် သူပြောသည့်အတိုင်း ခွဲတမ်းချ ဝေမျှပေးရမြဲဖြစ်သည်။
အမှန်ဆိုလျှင် ဆရာ့ကျန်းမာရေးမှာ ဒေါင်ဒေါင်မည်မဟုတ်ပါ။ အရိုးကျည်းပေါင်းတက် ရောဂါကြောင့် လည်ပင်းတွင် အမြဲတစေ ဒေါက်ချာ စွပ်ထားရသည်။ နှလုံးရောဂါအတွက်လည်း အမြဲ ဆေးစား နေရသည်။ ဆီးရောဂါ ခံစားနေရရုံမက အူကျဝေဒနာကိုလည်း အာဏာပိုင်များက လျစ်လျူပြု ထား၍ လက်တဖက်နှင့် အမြဲဖေးမထားရပါသည်။ အကျဉ်းထောင်တိုက်ထဲတွင် နေရောင်၊ လေကောင်းလေသန့်၊ ရေကောင်းရေသန့် မရသဖြင့်လည်း အာဟာရချို့တဲ့မှု ရှိပါသည်။ အကျိုး ဆက်မှာ ဆရာ့မျက်စေ့များ မှုန်ဝါးနေပြီ။ အပေါ်သွားများ လုံးဝမရှိရှာတော့။ အောက်သွားလည်း သွားလေးငါးချောင်းသာ ကျန်တော့သည်။ သို့တိုင်အောင် ဆရာသည် စာရေးသောက်ရေးနှင့် ပတ်သက်လာလျှင် ဘ၀တူရဲဘော်များအတွက်သာ ကြည့်၍ သူ့အတွက် စဉ်းစားလေ့မရှိပါ။ စစ်အာဏာပိုင်များနှင့် ပတ်သက်လျှင်ကား သူ့ရပ်တည်ချက် ယုံကြည်ချက်တို့ကို မြူမှုံမျှပင် အပွန်းအပဲ့ ခံတတ်သူမဟုတ်ပါ။ ဤသည်ပင် နိုင်ငံရေးအကျဉ်းသားများက ဆရာ့အပေါ် အထူးလေးစား ချစ်ခင်ရသည့်အကြောင်းဖြစ်သည်။
ထောင်ထဲတွင် ထောင်ဝင်စာ လုံးဝမလာနိုင်သူများ၊ (၂) လ (၃) လမှ တကြိမ်လာတတ်သူများ၊ ထောင်ဝင်စာလာသော်လည်း ချို့တဲ့သူများ စသည်တို့ကို ဆရာက အသေအချာ မှတ်သားထား တတ်သည်။ သူ ထောင်ဝင်စာတွေ့ပြီး ပြန်လာသည်နှင့် အဆင်သင့်သူ ရဲဘော်တဦးကို အကူအညီ တောင်း၍ အစားအသောက်များကို ခွဲတမ်းချ အထုပ်ကလေးများ ထုပ်စေသည်။ လူပုဂ္ဂိုလ်တဦးချင်း အတွက် လိုအပ်ချက်နှင့် ဆီလျော်အောင် ဟင်းလျာ၊ မုန့်ပဲသွားရေစာ၊ သစ်သီး၊ ဆေးဝါး စသည် များကို အထုပ်ငယ်များ ထုပ်၍ မျှဝေပေးသည်။ သူ့အတွက် အနည်းငယ်သာ ချန်တတ်သည်။ စစ်အာဏာရှင်၏ အကျဉ်းတိုက်ထဲ၌ ထိုကဲ့သို့ ကိုယ့်အတ္တကို ချိုးနှိမ်ကာ ခြိုးခြိုးခြံခြံ ဝေမျှ စားသောက်နိုင်ရေး ကိစ္စသည် ပြောသလောက် လွယ်သည့်ကိစ္စမဟုတ်ပေ။ အခက်အခဲ အကျပ်အတည်းကြီးလေ “အတ္တစိတ်က တိုးထွက်လာတတ်လေလေ” ဖြစ်သည်။
တိုက်ခန်းတခန်းထဲတွင် နှစ်ယောက်အတူ ပိတ်ထားခြင်းခံနေရသော်လည်း မိမိ၏ ထောင်ဝင်စာ ရိက္ခာကို အခန်းဖော် နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်ချင်း ဝေမျှ မကျွေးနိုင်သူများ ရှိခဲ့သည်ဟုဆိုလျှင် တချို့က ယုံချင်မှ ယုံပါလိမ့်မည်။ ပို၍အံ့သြစရာကောင်းသည်မှာ “ငပိကျော်တဇွန်း” “ဆေးလိပ် တဖွာ” ဝေမျှ မစားနိုင်သူများက နိုင်ငံရေး ဆွေးနွေးကြသောအခါ “ကိုယ်ကျိုးစွန့်ရေး” “အနစ်နာ ခံရေး” ဆိုသော ဝေါဟာရများကို ထပ်တလဲလဲ ပြောတတ်ကြသည်။ “ငပိကျော်တဇွန်း” “ဆေးလိပ် တဖွာ” အတွက်နှင့် ကိုယ့်ရဲဘော်ကို သစ္စာဖောက်ကာ အာဏာပိုင်၏ သတင်းပေးဖြစ်သွားကြသူများ လည်းရှိသည်။ ထို့ကြောင့် ထောင်အတွင်း အခြေအနေ စရိုက်သဘာဝနှင့် အခက်အခဲများကို သိမှသာ ဆရာဦးဝင်းတင်၏ စိတ်နေစိတ်ထား မွန်မြတ်လှပုံကို သိနိုင်ပေမည်။ ဆရာနှင့် အကျဉ်း ထောင်တိုက် တခုတည်းတွင် အတူနေဖူးကြတော့မှ ဆရာ့ကို အာဏာပိုင်တို့က ဘာကြောင့် ကွန်မြူနစ်ဟု တံဆိပ်ကပ်ကြသည်ကို နားလည်လာရသည်။ အမှန်တွင် ဆရာသည် “လူသား ဆန်လွန်းသူ” “လူပီသလွန်းသူ” ပုဂ္ဂိုလ်တဦးဖြစ်သဖြင့် သူနှင့် ဆက်ဆံဖူးသူများက သူ့ကို ချစ်ခင် လေးစားသွားခြင်းဖြစ်ပေသည်။ ထို့ကြောင့် လူအများ၏ စက်ဆုတ်ရွံရှာခြင်းခံရသူ အာဏာရှင်တို့က ဆရာ့ကို လူအများ အထင်အမြင်လွဲမှားအောင် ၀ါဒဖြန့်ခဲ့ကြပုံရပေသည်။
လူတဦးကို လူအများက လေးစားချစ်ခင်သည်ဆိုခြင်းမှာ အကြောင်းမဲ့ဖြစ်နိုင်သည် မဟုတ်ပေ။ ဆရာ ဦးဝင်းတင်ကဲ့သို့ တိုင်းပြည်လူထုကပါ ချစ်ခင်လေးစားဖို့ဆိုသည်က ပို၍ပင်မလွယ်ပါ။ လူထု၏ချစ်ခင်လေးစားမှုကို ငွေပေးဝယ်၍ ရနိုင်သည်မဟုတ်သကဲ့သို့၊ သေနတ်နှင့်ချိန်၍ လေးစားခိုင်းသော်လည်း မရနိုင်ပါ။ ဤသည်မှာ လူတဦး၏ တသက်တာ နေထိုင်စားသောက်မှုနှင့် တကွ ကိုယ့်ကျင့်သီလတို့နှင့်ပါ သက်ဆိုင်သည့် ကိစ္စဟု ဆိုရပေမည်။
ဆရာ့ နောက်ကြောင်းကို တစေ့တစောင်းမျှ လေ့လာကြည့်လျှင် လူထုက ဘာကြောင့် ဆရာ့အား လေးစားကြသည်ကို နားလည်သဘောပေါက်နိုင်လိမ့်မည် ထင်ပါသည်။ ဆရာဦးဝင်းတင်၏ ဇာတိမှာ ပဲခူးတိုင်း ကြို့ပင်ကောက်မြို့ဖြစ်သည်။ အဖ ဦးပုနှင့် အမိ ဒေါ်အမာတို့မှ ၁၉၃၀ ပြည့် မတ်လ (၁၂) ရက်နေ့တွင် မွေးဖွားခဲ့၍ ယခုနှစ် မတ်လတွင် (၇၈) နှစ်ပြည်ပြီးခဲ့ပြီဖြစ်သည်။ ဆရာသည် ငယ်စဉ်ကပင် စာဖတ်ဝါသနာ ထုံခဲ့သူဖြစ်သည့်အလျောက် စာပေဗဟုသုတကြွယ်ဝသူဖြစ်သည်။ အသက် (၂၀) အရွယ် တက္ကသိုလ် တက်နေစဉ်မှာပင် တဘက်၌ သတင်းထောက်တပိုင်း ဖြစ်နေခဲ့ပြီ။ ဆရာသည် ၁၉၅၃ ခုနှစ် (၂၃) နှစ်အရွယ်တွင် အင်္ဂလိပ်စာပေ၊ ခေတ်သစ်ရာဇ၀င်နှင့် နိုင်ငံရေးသိပ္ပံ ဘာသာတွဲဖြင့် ရန်ကုန်တက္ကသိုလ်မှ ၀ိဇ္ဇာဘွဲ့ရခဲ့သည်။ အသက် (၁၃) နှစ်အရွယ် ၁၉၄၃ ခုနှစ်တွင် “အကျိုးဆောင်” ဂျာနယ်တွင် ၀င်ရောက်လုပ်ကိုင်ခဲ့ဖူးသည်။ စာပေဗိမာန်၌လည်း လက်ထောက် အယ်ဒီတာအဖြစ် ၁၉၅၀ မှ ၁၉၅၄ ခုနှစ်ထိ တာဝန်ထမ်းဆောင်ခဲ့သေးသည်။
ဝိဇ္ဇာဘွဲ့ရသည့် ၁၉၅၃ ခုနှစ်တွင် Agence France-Presse (AFP) နိုင်ငံခြားသတင်းဌာနတွင် ညပိုင်းအယ်ဒီတာအဖြစ် ၀င်ရောက်လုပ်ကိုင်နေပြီဖြစ်သည်။ ဆရာသည် သူစိတ်အားထက်သန်သည့် သတင်းစာပညာနှင့် စာရေးခြင်းကိစ္စ၌သာ အာရုံစူးစိုက်၍ ကြိုးစား အလုပ်လုပ်ခဲ့သည်။ အသက် (၂၀) အရွယ်မျှနှင့် စာပေဗိမာန်တွင် လက်ထောက်အယ်ဒီတာဖြစ်နေပြီ။ (၂၃) နှစ်တွင် (AFP) နိုင်ငံခြားသတင်းဌာနတွင် ညပိုင်း အယ်ဒီတာဖြစ်နေပြီဆိုသည်ကို ကြည့်လျှင် ဆရာ၏ ပညာထူးချွန်မှုကို သိနိုင်ပေသည်။
ထို့ကြောင့်ပင် ၁၉၅၄ မှ ၁၉၅၇ ခုနှစ်ထိ နယ်သာလန် (ဟော်လန်) နိုင်ငံ၊ အမ်စတာဒမ်မြို့၊ ဂျမ်ဘာတန် (Jambarton) စာအုပ်ထုတ်ဝေရေး ကုမ္ပဏီတွင် စာအုပ်ထုတ်ဝေမှုပညာနှင့် စာနယ်ဇင်းပညာဆည်းပူးခွင့် ရရှိခဲ့သည်။ ဂျမ်ဘာတန်မှာပင် ပညာဆည်းပူးရင်း မြန်မာဘာသာပြန် စာအုပ်စာတမ်းများ ထုတ်ဝေရေးတွင် “အကြံပေးအယ်ဒီတာ” အဖြစ် ဆောင်ရွက်ခဲ့သည်။ ထိုသို့ မအားလပ်သည့် ကြားမှပင် မြန်မာနိုင်ငံသတင်းများ စုဆောင်း၍ ကိုယ်တိုင်ဘာသာပြန် တည်းဖြတ် လက်နှိပ်စက်ရိုက်၍ “ဒို့ပြည်သတင်း” ဆိုသည့် သတင်းစာ စောင်ရေ (၅၀၀) ခန့်ကို ကိုယ့်အိတ်ထဲမှ ငွေကြေးစိုက်ထုတ်ကာ ထုတ်ဝေခဲ့သည်။ ထိုသတင်းစာကို ကမ္ဘာတ၀ှမ်းရှိ ပြည်ပရောက် မြန်မာများထံ စာတိုက်မှ အခမဲ့ပေးပို့ ဖြန့်ဝေသည့်အလုပ်ကို ၁၉၅၇ ခုနှစ်၊ ဧပြီလ မြန်မာနိုင်ငံ ပြန်လာသည့်အချိန်ထိ လုပ်ဆောင်ခဲ့သည်။ တော်ရုံတန်ရုံ ဇွဲလုံ့လနှင့် ပညာလည်းသင် အလုပ်လည်း လုပ် တဘက်တွင်လည်း စေတနာ့ဝန်ထမ်း သတင်းစာထုတ် စသည်တို့ကို တပြိုင်နက်လုပ်နိုင်မည် မဟုတ်ပေ။ ယနေ့ခေတ် လူငယ်များ အတုယူဖွယ်ဖြစ်သည်။
၁၉၅၇ ခုနှစ် ကြေးမုံသတင်းစာ စတင်ထူထောင်စဉ်ကလည်း ကြေးမုံဦးသောင်း (အောင်ဗလ) နှင့် အတူ ပါဝင်ခဲ့ပြီး ကြေးမုံသတင်းစာ ဦးစီးအယ်ဒီတာအဖြစ် တာဝန်ယူခဲ့သည်။ ကြေးမုံသတင်းစာ ချိတ်ပိတ်ခံရပြီးနောက်၊ ၁၉၆၉ ခုနှစ်မှ ၁၉၇၈ ခုနှစ်ထိ မန္တလေး “ဟံသာဝတီသတင်းစာ” အယ်ဒီတာချုပ် ဖြစ်ခဲ့သည်။ ဟံသာဝတီသတင်းစာ အယ်ဒီတာချုပ်ဘ၀တွင် ဥရောပနှင့် အာရှနိုင်ငံများစွာသို့ သတင်းစာဆရာတယောက်အဖြစ် လေ့လာရေး ခရီးဆန့်ခဲ့သည်။
ဟံသာဝတီသတင်းစာ အယ်ဒီတာချုပ်အဖြစ် တာဝန်ယူစဉ် မြန်မာစာပေ လှုပ်ရှားမှုအတွက် အရေးပါသော “မန္တလေး စနေစာဖတ်ဝိုင်း” ကို ဦးဆောင် ကျင်းပခဲ့သူတဦးလည်း ဖြစ်ခဲ့သည်။ ထို စနေစာပေ၀ိုင်းတွင် လူထုဦးလှ၊ လူထုဒေါ်အမာ၊ သမိုင်းပညာရှင် ဒေါက်တာသန်းထွန်း၊ မောင်သာနိုး၊ မောင်စွမ်းရည်၊ တင်မိုး၊ ကြည်အောင်၊ ကိုလေး (အင်းဝဂုဏ်ရည်) အစရှိသော ထင်ရှားသည့် စာပေကဗျာပညာရှင်များ တက်ရောက် စာတမ်းဖတ် ဆွေးနွေးခဲ့ကြသဖြင့် မဆလအာဏာရှင်တို့၏ မျက်မာန်ရှခြင်း ခံခဲ့ရပေသည်။ ၁၉၇၈ ခုနှစ်၌ မဆလအစိုးရက ဟံသာဝတီသတင်းစာကို ပိတ်ပင်ဖျက်သိမ်းလိုက်ပြီး၊ ဦးဝင်းတင်ကိုလည်း ရာထူးမှ ထုတ်ပယ်ခဲ့သည်။
သို့သော် ဆရာသည် ထိုအချိန်မှစ၍ စာပိုရေးနိုင်ခဲ့သည်။ “ပေါ်သစ်” ကလောင်အမည်ဖြင့် စာပေ၊ ပန်းချီ၊ သဘင်၊ ဂီတ စသည်တို့နှင့် ပတ်သက်၍ ဆောင်းပါး၊ စာတမ်းနှင့် ဝေဖန် အကဲဖြတ်ချက် များကို ရေးသားခဲ့သည်။ မဂ္ဂဇင်းဂျာနယ်များတွင် ကိုယ်တိုင်ရေးဆောင်းပါးများ၊ ဘာသာပြန် ဆောင်းပါးများ အဆက်မပြတ်ရေးခဲ့သည်။
ဆရာ ဦးဝင်တင်၏ ထင်ရှားသော ဘာသာပြန်စာအုပ်များမှာ “ကွိ” (Queed)၊ “ဥတ္တရအလင်း” (The Northern Star) တို့ဖြစ်သည်။ “ကမ္ဘာနီတွင် တဒင်္ဂ” ဆိုသည့် ခရီးသွားမှတ်တမ်းစာအုပ်ကိုလည်း ရေးသားခဲ့သည်။ ဟံသာဝတီသတင်းစာ အယ်ဒီတာချုပ်ဘ၀တွင် ဥရောပတိုက်သို့ မြန်မာ ယဉ်ကျေးမှုအက အဖွဲ့နှင့် လိုက်ပါခဲ့စဉ်က အတွေ့အကြုံများကို သတင်းစာများတွင် အခန်းဆက် ဆောင်းပါးများ ရေးခဲ့သည်။ ယင်းဆောင်းပါးများကို စုစည်း၍ “ခြေမှာစကား လက်ဖျားကဗျာ” ဟု စာအုပ်တအုပ် ထုတ်ဝေခဲ့သည်။
ရှစ်လေးလုံးအရေးတော်ပုံအတွင်း စာပေ အနုပညာရှင်ပေါင်းစုံတို့ လက်မှတ်ထိုး ထုတ်ပြန်သည့် ကြေညာချက် ထွက်ပေါ်လာရေးအတွက် ဆရာဦးဝင်းတင် ကမကထပြု၍ ကြိုးပမ်းဆောင်ရွက် ခဲ့သည်။ “စာနယ်ဇင်းသမဂ္ဂ” ဖွဲ့စည်းလှုပ်ရှားကြသည့်အခါ ဒုတိယဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။ ကျောင်းသားမသဂ္ဂမှ ထုတ်ဝေခဲ့သည့် “သမဂ္ဂသတင်းစာ” တွင်လည်း တက်ကြွစွာ ပါဝင်ရေးသား ခဲ့သည်။
“ဆန္ဒဖော်သံ သတင်းစာ” ကို ၁၉၈၈ ခုနှစ် သြဂုတ်လ (၃၀) တွင် ကိုယ်တိုင်ဦးစီးထုတ်ဝေခဲ့သည်။ စစ်အာဏာသိမ်းပြီးနောက် စက်တင်ဘာလ (၂၄) ရက်နေ့တွင် “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်” စတင်ဖွဲ့စည်းသည့်အခါ ဒေါ်အောင်ဆန်းစုကြည်၏ အစုအဖွဲ့မှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် အဖြစ် တာဝန်ယူခဲ့သည်။ ၁၉၈၈ ခုနှစ် ဒီဇင်ဘာလတွင် အဖွဲ့ချုပ်မှ ဦးအောင်ကြီး နုတ်ထွက်ခဲ့ ရပြီးနောက် ပြန်လည်ဖွဲ့စည်းခဲ့သည့် ဗဟိုအလုပ်အမှုဆောင်ကော်မတီတွင် “အတွင်းရေးမှူး” အဖြစ် ဆောင်ရွက်ခဲ့သည်။
စစ်အစိုးရ၏ ပြည်ထဲရေးနှင့် သာသနာရေး ၀န်ကြီးဌာနမှ ၁၉၈၉ ခုနှစ် ဇွန်လ (၆) ရက်နေ့တွင် နိုင်ငံရေးပါတီများ၏ လွတ်လပ်စွာ ရေးသားထုတ်ဖော် စည်းရုံးခွင့်ကို ပိတ်ပင်ချုပ်ချယ်ရန် ရည်ရွယ်၍ ကြေညာချက်အမှတ် (၃၈) ကို ထုတ်ပြန်ခဲ့သည်။ ထို့ကြောင့် အဖွဲ့ချုပ်မှ ဦးဆောင်၍ နိုင်ငံရေးပါတီ များအနေဖြင့် ထိုအမိန့်ကို ဆန့်ကျင်ရန် ဆော်သြခဲ့သည်။ ထိုသို့ဆော်သြရာ၌ သုံးစွဲခဲ့ရသည့် “အများပြည်သူ၊ သဘောမတူတဲ့၊ အမိန့်အာဏာဟူသမျှ၊ တာဝန်အရ ဖီဆန်ကြ” ဟူသော ဆောင်ပုဒ်ကို ဆရာဦးဝင်းတင် ရေးသားခဲ့သည်။
၁၉၈၈ ခုနှစ် အောက်တိုဘာလတွင် ပြစ်မှုမှ ရှောင်တိမ်းနေသည့် တရားခံ (ထိုစဉ်က အဖွဲ့ချုပ်လူငယ် စိုးသိမ်း) ၏ ဖခင်ထံ တယ်လီဖုန်း ဆက်သွယ်စကားပြောဆို၍ဟူသော အကြောင်းပြချက်ဖြင့် ၁၉၈၉ ခုနှစ် ဇူလိုင် (၄) ရက်နေ့တွင် ဆရာ ဦးဝင်းတင် ဖမ်းဆီးခံရသည်။ အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၃) နှစ် ချမှတ်ခံရသည်။ လွတ်ရက်စေ့ကာနီးတွင် ဆရာဦးဝင်းတင်အား နိုင်ငံရေးကို စွန့်၍ စစ်အုပ်စုနှင့် လက်တွဲရန် စစ်ထောက်လှမ်းရေးမှ ဗိုလ်မှူးချုပ်သန်းထွန်းက စည်းရုံးခဲ့သည်။ ဆရာက “စစ်လွှမ်းမိုး ရေးဒဿန” ကို သူ အသက်ရှင်နေသရွေ့ အမြစ်ပြတ်အောင် တိုက်မည်ဟု တုန့်ပြန်ခဲ့သဖြင့် ၁၉၉၂ ခုနှစ် ဇွန်လတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အများပြည်သူ ဆူပူအုံကြွအောင် လုပ်ဆောင် ရာတွင် နောက်ကွယ်မှ ကြိုးကိုင်အားပေးခဲ့သည်ဟု စွပ်စွဲကာ အင်းစိန်ထောင်ထဲမှာပင် ထောင်ဒဏ် (၁၁) နှစ် ထပ်မံ ချမှတ်ခံရသည်။
ဆရာ ဦးဝင်းတင်အား ၁၉၈၉ ခု ဇူလိုင်လ (၄) ရက်နေ့ ဖမ်းဆီးချိန်မှ စ၍ အင်းစိန်ထောင် အထူး တိုက်ဝင်းအတွင်း ထားရှိ၍ ပတ်ဝန်းကျင်နှင့် လုံးဝ အဆက်အသွယ် ဖြတ်တောက်ထားခဲ့သည်။ ၁၉၉၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဆရာ ဦးဝင်းတင်အား အထူးတိုက်မှ (၃) တိုက်သို့ ပြောင်းရွှေ့ ထားခဲ့သည်။ အကျဉ်းထောင်အတွင်း အာဏာပိုင်များ၏ မတရားပြုမှုများကို ဆန့်ကျင်တိုက်ပွဲ ဆင်ရာတွင် ဦးဆောင်ခဲ့သည်။ ထောင်တွင်းနိုင်ငံရေး အကျဉ်းသားအခွင့်အရေးအတွက် တိုက်ပွဲ ၀င်ရင်း သတင်းစဉ်တခုကို တိုက်ဝင်းအတွင်း ထုတ်ဝေနိုင်ခဲ့သည်။ ၁၉၉၄ ခုနှစ်တွင် Suu-Slorc Dialogue “တွေ့ဆုံဆွေးနွေး အဖြေရှာရေးလမ်းစဉ်” ကို ရေးသားခဲ့သည်။ “ဒေါ်အောင်ဆန်းစုကြည် အား ပြန်လွှတ်ပေးရန်” “အမျိုးသားညီလာခံ ဖျက်သိမ်းပေးရန်” “စစ်မှန်သော တွေ့ဆုံဆွေးနွေး မှုများ စတင်ရန်” သဘောထားစာတမ်းကို ရေးသားဖြန့်ဝေခဲ့သည်။ ထို့နောက် “သုံးပွင့်ဆိုင် ဆွေးနွေးပွဲ” စတင်ရန်၊ ဒေါ်အောင်ဆန်းစုကြည်၊ န၀တ၊ လူမျိုးစုခေါင်းဆောင်များ တွေ့ဆုံ ဆွေးနွေးမှသာလျှင် မြန်မာနိုင်ငံ လက်ငင်းကြုံတွေ့နေရသော ပြဿနာအရပ်ရပ်ကို ဖြေရှင်း နိုင်မည်ဖြစ်ကြောင်း နိုင်ငံရေးပေါ်လစီတရပ် ချမှတ် ထုတ်ပြန်ကြေညာခဲ့သည်။
၁၉၉၅ ခုနှစ် သြဂုတ်လတွင် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်လာပြီးနောက် စစ်မှန်သော တွေ့ဆုံဆွေးနွေးပွဲများ အရိပ်အယောင်မတွေ့ရသဖြင့် “Appeal to the World” ကမ္ဘာကြီးသို့ ပန်ကြားချက်တစောင်ကို ရေးသား၍ ဘ၀တူထောင်ကျ နိုင်ငံရေး ရဲဘော်များ၏ အကူအညီဖြင့် ထောင်ပြင်ပသို့ ရောက်ရှိပြန့်နှံ့အောင် လုပ်ဆောင်ခဲ့နိုင်သည်။ ထိုစာတွင် စစ်အစိုးရ၏ လုပ်ရပ် များသည် ရိုးသားမှန်ကန်မှု မရှိသဖြင့် နိုင်ငံတကာမှ စစ်အာဏာရှင် နအဖအား ၀ိုင်းဝန်းအရေး ယူပေးပါရန် တောင်းဆိုခဲ့သည်။ ထို့နောက် ရက်ပိုင်းအတွင်း “Appeal to the public” ကမ္ဘာ့ ပြည်သူများသို့ ပန်ကြားချက်ကို ရေးသားဖြန့်ဝေခဲ့သည်။ ယင်း “ပန်ကြားချက်” တွင် စစ်အာဏာ ရှင်တို့သည် ကမ္ဘာ့ပြည်သူများအား အထပ်ထပ်အဖန်ဖန် လိမ်လည်လှည့်ဖြားနေသည်ကို ဒဏ်ခတ် သောအားဖြင့် နည်းမျိုးစုံ ဆန့်ကျင်ကန့်ကွက်မှုများ ပြုလုပ်ကြပါရန် တိုက်တွန်းထားသည်။
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီးနောက် ဇူလိုင်လအတွင်းမှာပင် “ထောင်တွင်း လူ့အခွင့်အရေးချိုးဖောက်မှုအစီရင်ခံစာ” ကို မြန်မာနိုင်ငံလူ့အခွင့်အရေးစောင့်ကြည့်သူ “မစ္စတာ ယိုဇိုယိုကိုတာ” မှတဆင့် ကုလသမဂ္ဂရွှေရတုညီလာခံသို့ ရောက်ရှိအောင် စုပေါင်းဆောင်ရွက်ကြ ရာတွင် ဆရာဦးဝင်းတင် ဦးဆောင်ခဲ့သည်။
ထို့ပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် အတုအယောင်အမျိုးသားညီလာခံမှ နှုတ်ထွက် သင့်ကြောင်း အကြံပြုချက်ကို ထောင်တွင်းနိုင်ငံရေးအကျဉ်းသားများ စုပေါင်းလက်မှတ်ရေးထိုး၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ထံ ပေးပို့နိုင်ခဲ့ သည်။ ထို့ပြင် လက်ငင်းအရေးကြီးဆုံး လုပ်ငန်းစဉ် (၂) ခုကို အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း အကြံပြုတိုက်တွန်းခဲ့သည်။
ယင်းလုပ်ငန်းစဉ် (၂) ရပ်မှာ ပါတီပြုပြင်ရေး (Party Reform) နှင့် ညီလာခံ ပြုပြင်ပြောင်းလဲရေး (NC Reform) တို့ဖြစ်သည်။ ဆရာဦးဝင်းတင်သည် ထောင်တွင်း၌ “ထ” လေးလုံးပေါ်လစီကို ချမှတ်လမ်းညွှန်မှု ပေးခဲ့ပေသည်။ “ထူထောင်ရမယ်၊ ထိန်းသိမ်းရမယ်၊ ထိုင်မနေနဲ့၊ ထိတွေ့ရမယ်” ဆိုသည့် ပေါ်လစီဖြစ်သည်။ ယင်းပေါ်လစီက “ထောင်တွင်းရှိနိုင်ငံရေးအကျဉ်းသားများ စိတ်ဓာတ် မကျရေး”၊ “စစ်ထောက်လှမ်းရေး၏ ဦးနှောက်ခ၀ါချမှု မခံရရေး”၊ “မိမိ၏ အတွေးအခေါ် ပိုမို အားကောင်း တိုးတက်လာအောင် ကြိုးပမ်းအားထုတ်ရေး”၊ “အကျဉ်းသားအခွင့်အရေးများ ပိုမိုရရှိရေးအတွက် အာဏာပိုင်တို့၏ ဖိနှိပ်မှုများကို ငုံ့မခံရေး”၊ “မိမိတို့ ရပိုင်ခွင့်များအတွက် ညီညီညွတ်ညွတ် တိုက်ပွဲဝင်ရေး” စသည်တို့ကို လမ်းညွှန်ပေးခဲ့သည်။
၁၉၉၅-ဇူလိုင်လလယ်တွင် ထောင်တွင်းနိုင်ငံရေးအဖွဲ့ အစည်း အင်အားစုအသီးသီး ပါဝင်စုစည်းသော ထောင်တွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ထောင်တွင်းဖိနှိပ်ညှဉ်းပမ်းမှုများ၊ ရဲဘက်စခန်းများ၏ ငရဲခန်းများ၊ လက်ရှိမြန်မာနိုင်ငံအခြေအနေတို့ ပါဝင်သော (၈၃) မျက်နှာပါ စာတမ်း “ထောင်တွင်းလူ့အခွင့်အရေးချိုးဖောက်မှု အစီရင်ခံစာ” ကို အပြင်သို့ ခိုးထုတ်နိုင်ခဲ့သည်။ တိုက်ဆိုင်စွာပင် ဒေါ်စုကလည်း ဇူလိုင် (၁၀) တွင် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာချိန် ဖြစ်သည်။
နောက်တိုက်ဆိုင်မှုတခုမှာ ထိုစဉ်က မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး စောင့်ကြည့်သူ ကုလသမဂ္ဂ သံတမန် မစ္စတာယိုဇိုယိုကိုတာလည်း မရှေးမနှောင်းမှပင် ရန်ကုန်သို့ ရောက်လာချိန်ဖြစ်သည်။ ဤသို့ဖြင့် အစီရင်ခံစာမှာ ချောမောစွာပင် မစ္စတာ ယိုဇိုယိုကိုတာ၏ လက်သို့ ရောက်သွားကြောင်း သတင်းကြားခဲ့ရသည်။
ထို့ ပြင် တဆက်တည်းမှာပင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အား ကျင်းပဆဲအမျိုးသားညီလာခံမှ နှုတ်ထွက်သင့်ကြောင်း ထောင်တွင်းနိုင်ငံရေး အင်အားစုများက စုပေါင်းလက်မှတ်ရေးထိုးကာ ဒေါ်အောင်ဆန်းစုကြည်ထံ ပေးပို့ နိုင်ခဲ့ကြသည်။ ဤကဲ့သို့ ထောင်တွင်း၌ နိုင်ငံရေးအကျဉ်းသားများ ညီညီညွတ်ညွတ် စိတ်ဓာတ်မကျဘဲ နိုင်ငံရေးတာဝန်များ ဆက်လက်ထမ်းဆောင်နိုင်ခြင်းမှာ ဦးဝင်းတင်ကဲ့သို့ သော ခေါင်းဆောင်ကောင်းတယောက်၏ ဦးဆောင်လမ်းညွှန်မှု ရှိနေသောကြောင့် ဆိုသည်မှာ အလွန်ထင်ရှားပါသည်။
၁၉၉၅ ခုနှစ် နိုဝင်ဘာလတွင် ထို (၈၃) မျက်နှာပါစာတမ်း “ထောင်တွင်းလူ့အခွင့်အရေး ချိုးဖောက်မှု အစီရင်ခံစာ” ကုလသမဂ္ဂသို့ ရောက်ရှိသွာခြင်းနှင့် စပ်လျဉ်း၍ အာဏာပိုင်များ အကြီးအကျယ် ဒေါသပေါက်ကွဲကာ (၄) တိုက်မှ နိုင်ငံရေးအကျဉ်းသားတဦးဖြစ်သူ တပ်ကြပ်ကြီးဟောင်း တင်ဝင်းအား စစ်ထောက်လှမ်းရေးမှ သွေးဆောင်စည်းရုံး၍ တိုက်ဝင်းအတွင်းရှိ လှုပ်ရှားမှုများကို စစ်ဆေးမေးမြန်းခဲ့သည်။
တင်ဝင်းက သူအားစစ်ထောက်လှမ်းရေးက ပြန်လွှတ်ပေးမည်ဟူသော မက်လုံးကြောင့် သစ္စာ ဖောက်ခဲ့သည်။ ဤသို့ ဖြင့် နိုင်ငံရေးအကျဉ်းသားများထားရာ တိုက်ဝင်းအတွင်းရှိ လျှို့ ဝှက်ချက်များ ပေါက်ကြားကာ ရေဒီယိုအပါအဝင် စာရွက်စာတမ်းများ သိမ်းဆည်းခံခဲ့ရသည်။ အမျိုးသားနေ့ စိန်ရတုသဘင်အထိမ်းအမှတ် လက်ရေးစာစောင်နဲ့ ဖုန်းမော်အထိမ်းအမှတ် သွေးသစ်လှိုင်းစာစောင် အပတ်စဉ် လက်ရေးသတင်းစာစောင်များလည်း သိမ်းဆည်းခံရပါသည်။ နိုင်ငံရေးအကျဉ်းသား (၆၃) ယောက်ကို ထောင်ထဲမှာပင် စစ်ထောက်လှမ်းရေးက ထပ်မံဖမ်းဆီး တိုက်ပိတ်လိုက်ပါသည်။
သို့ဖြင့် ဆရာဦးဝင်းတင်အပါအဝင် ကျနော်တို့ နိုင်ငံရေးအကျဉ်းသား (၈) ယောက်ကို နာမည်ကျော်စစ်ခွေးတိုက်တွင် တိုက်ပိတ်လိုက်ပါသည်။ စစ်ခွေးတိုက် (၁) ခန်းတွင် ဒေါက်တာမြင့်နိုင် (ကန့်ဘလူလွှတ်တော်ကိုယ်စားလှယ်)၊ (၂) ခန်းတွင် စာရေးသူ၊ (၃) ခန်းတွင် ဒေါက်တာဇော်မြင့်မောင် (အမရပူရ လွှတ်တော်ကိုယ်စားလှယ်)၊ (၄) ခန်းတွင် မျိုးမြင့်ညိမ်း၊ (၅) ခန်းတွင် ဒေါက်တာ ခင်ဇော်ဝင်း၊ (၇) ခန်းတွင် ဦးနိုင်းနိုင်း (ပုဇွန်တောင်လွှတ်တော်ကိုယ်စားလှယ်)၊ အခန်း (၈) တွင် ဦးထွန်းဝင်း (မင်းဗျားစီးနင်းတိုက်ခိုက်မှု) နှင့် အခန်း (၁၀) တွင် ဆရာဦးဝင်းတင် ဖြစ်ပါသည်။ စစ်ခွေးတိုက်တခုလုံးတွင် ကျနော်တို့ (၈) ယောက်သာ ရှိပါသည်။
သံမံတလင်းပေါ်တွင် အိပ်ကြရပြီး သောက်ရေအိုးနှင့်တကွ မည်သည့်အသုံးအဆောင်မျှမပေးပါ။ အဆိုးဆုံးကိစ္စမှာ အိမ်သာသွားရန် ဘာမှစီစဉ်မပေးခြင်းဖြစ်သည်။ သီတင်းတပတ်မျှလည်း ရေချိုးခွင့်မပေးပဲ ထားခဲ့သည်။ ကျနော်တို့ က ကိုယ့်အတွက်ထက် ဆရာဦးဝင်းတင်အတွက် ပို၍စိုးရိမ်ခဲ့ကြသည်။ ဆရာသည် ထိုစဉ်က အူကျဝေဒနာ ခွဲစိပ်ကုသမှုခံယူထားရသည်မှာ မကြာ သေး။ ထို့ကြာင့် ဤမျှဆိုးရွားလှသော ညှဉ်းပမ်းနှိပ်စက်မှုဒဏ်ကြောင့် ဆရာ့ကျန်းမာရေး ပိုမို ဆိုးရွားသွားမည်ကို အားလုံးက စိုးရိမ်ခဲ့ကြသည်။ သို့သော် ဆရာကား အပြုံးမပျက်၊ အခြား သူများကိုပင် စိတ်ဓာတ်မကျရန် အားပေးနေခဲ့သည်။၁၉၉၆ မတ်လ (၁၂) ရက်နေ့ တွင် ဆရာ့ (၆၆) နှစ်မြောက် မွေးနေ့ ပွဲကို ထိုစစ်ခွေးတိုက်မှာပင် ကျနော်တို့ ဆင်နွှဲခဲ့ကြသည်။ ကျနော်တို့အားလုံးက သီချင်းဖြင့်လည်းကောင်း၊ ကဗျာဖြင့် လည်းကောင်း၊ ဆရာ့မွေးနေ့ကို ဂုဏ်ပြုရွတ်ဆိုခဲ့ကြသည်။ ဆရာကလည်း သူ့ဘဝဖြတ်သန်းမှု အတွေ့အကြုံ အချို့ကို ပြန်ပြောင်းပြောပြခဲ့သည်။
ဆရာက လူ့ ဘဝဆိုသည်မှာ “စိန်ခေါ်မှုများကို ရင်ဆိုင်ခြင်း” ဖြစ်ကြောင်း၊ စိန်ခေါ်မှုကို ရင်မဆိုင် လို၍ ထွက်ပြေးပါက ဘဝအရှုံးသမားအဖြစ် နိဂုံးချုပ်ရရုံသာရှိကြောင်း၊ ထို့ကြောင့် စိန်ခေါ်မှု မှန်သမျှကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ရန် ပြင်ဆင်ထားခြင်းသည် အောင်မြင်ခြင်း၏ အကြောင်းဖြစ်သည်ဟု ကျနော်တို့ကို အားတက်ဖွယ်ရာစကားများ ပြောကြားခဲ့သည်။စစ်ခွေးတိုက်တွင် ဆရာနှင့်အတူနေရစဉ်က “မြန်မာပြည်မှာ နိုင်ငံရေးလုပ်တော့မယ်ဆို ကတည်းက စစ်အာဏာရှင်တွေနဲ့ ရင်ဆိုင်ရမယ်ဆိုတာ ကျနော်တို့ ကြိုတင်တွက်ဆထားရမယ်။ အာဏာရှင်ကို ပလ္လင်ပေါ်ကဆွဲချတဲ့အခါ အဆင်မသင့်ရင် အသက်တောင် ပေးချင်ပေးရလိမ့်မယ်ဆိုတာလည်း ကျနော်တို့ မြင်ထားဖို့ လိုပါတယ်။ ကျနော်တို့ ခေတ်မှာ ကျနော်တို့ တာဝန်မကျေရင် နောက်လာမယ့် မျိုးဆက်တွေက ကျနော်တို့ကို အပြစ်တင်စရာ ဖြစ်လိမ့်မယ်။ အနည်းဆုံး နောက်တက်လာမယ့် လူငယ်မျိုးဆက်ကို လွတ်လပ်ရေးနဲ့ တရားမျှတရေးအတွက် ဘယ်လမ်းကို လျှောက်ရမယ်ဆိုတာ လောက်တော့ စံနမူနာပြနိုင်ရမယ်။ ကျနော်တို့ကိုယ်တိုင် အလံမလှဲစတမ်း စွန့်လွှတ်စွန့်စားပြနိုင်မှ နောက်လူငယ်မျိုးဆက်ကလည်း ဒီအလံကို ဆက်လက်စွဲကိုင် ချီတက်ကြမှာဖြစ်တယ်။ ဒါကြောင့် ကျနော်တို့အနေနဲ့ စစ်လွှမ်းမိုးရေးဒဿနကို အမြစ်ကလှန်နိုင်ဖို့  ဒီပွဲမှာ အလံ မလှဲစတမ်း ယုံကြည်ချက်ကို မြဲမြဲဆုပ်ကိုင်ထားကြဖို့ လိုပါတယ်။” ဟု ဆရာပြောခဲ့သော စကားရပ်ကို ယခုပြန်လည်စဉ်းစားကြည့်သောအခါ ဆရာကိုယ်တိုင်က စိန်ခေါ်မှုများအတွက် အသင့်ပြင်ဆင် ထားပုံကို တွေ့ ရတယ်။ ဆရာဦးဝင်းတင်၏ ကျန်းမာရေးအခြေအနေကို သိနေသူများက ဤမျှလောက်အထိ ဆရာ ကြံ့ကြံ့ ခံနိုင်ပါ့မလားဟု စိုးရိမ်နေကြသော်လည်း ဆရာက သူ့ တွင် စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်စွမ်း ရှိသေးကြောင်း၊ မျိုးဆက်သစ်တို့ကို လမ်းပြလျက်ရှိနေဆဲပင်ဖြစ်သည်။ လွန်ခဲ့သော မတ်လတွင် အသက် (၇၈) နှစ်ပြည့်၍ (၇၉) နှစ်တာခရီးကို စတင်နေသူ ဆရာဦးဝင်းတင်သည် အကျဉ်းထောင် အတွင်းရှိ တိုက်ခန်းကျဉ်းကျဉ်းကလေးထဲ၌ အထီးကျန်ဘဝကို ဖြတ်သန်းရင်း စစ်အာဏရှင်တို့  စိန်ခေါ်မှုကို ရင်ဆိုင်အံတုနိုင်ဆဲ ရှိပေသည်။မျိုးဆက်သစ်တို့ အနေဖြင့် “ဆရာဦးဝင်းတင်” ကို အားကျအတုယူရင်း “မြန်မာ့ဒုတိယ လွတ်လပ် ရေးတိုက်ပွဲ” အတွက် ပေါ်ပေါက်လာမည့် စိန်ခေါ်မှုအသစ်များကို ရင်ဆိုင်အံတုရန် ပြင်ဆင်ကြရ ပေဦးမည်။ စစ်အာဏာရှင်စနစ်၏ စိန်ခေါ်မှုအသစ်တို့ကို ရင်ဆိုင်အနိုင်ယူဖို့ ပြင်ဆင်ကြရပေဦးမည်။ “အာဏာရှင်ကို ပလ္လင်ပေါ်ကဆွဲချတဲ့အခါ အဆင်မသင့်ရင် အသက်တောင် ပေးချင်ပေးရလိမ့်မယ် ဆိုတာလည်း ကျနော်တို့ မြင်ထားဖို့ လိုပါတယ်။” ဆိုသော ဆရာ့စကားမှာ “အမြင့်ဆုံးသော စိန်ခေါ် မှုကြီး” ကိုရင်ဆိုင်ရန် ဆရာ့အနေနှင့် အသင့်ပြင်ဆင်ထားပြီးဖြစ်သည်ကို သိမြင်နိုင်သည်။
ထို့ ပြင်ဆရာ၏ “ထူထောင်ရမယ်၊ ထိန်းသိမ်းရမယ်၊ ထိုင်မနေနဲ့၊ ထိတွေ့ ရမယ်” ဆိုသည့် အားပေး စကားမှာလည်း မျိုးဆက်သစ်တို့အတွက် ရည်ရွယ်ပုံရပေသည်။ “အောင်မြင်မှု” မည်သည် “စိန်ခေါ် မှုများကို ကျော်လွှားနိုင်သူ” တို့အတွက် ဖြစ်ပေသည်။ ။


ဇင်လင်း