သင်္ကြန်သီချင်း ပေါင်းစုံကို ရောသမမွှေသီဆိုရင်း ပေါက်ချလာသော ဖိုးရှုပ်၏အသံကွဲကြီးကြောင့် ဦးရုက္ခစိုး မျက်နှာကြီး ရှုံ့မဲ့သွားသည်။ ဘေးတွင် ကြွက်စုတ်လည်း ရေဖလားတလုံးကိုင်လျှက်သား ပါလာသည်။
ရုက္ခစိုး။ ။ ဟေ့ကောင် ဖိုးရှုပ် .. တစက်ကလေးမှ မသာယာတဲ့ မင်းအသံကြီးကို နားညည်းတယ်ကွာ .. ဒီမှာ အလုပ်ပျက်တယ်။ ပါးစပ်ကလေးပိတ်ပြီး မင်းတို့နှစ်ယောက်လုံး ဒီနားခဏလာထိုင်စမ်းပါဦး။
ဖိုးရှုပ်။ ။ ဟာ ဦးရုက္ခစိုးကြီးကလည်းဗျာ .. ကျနော်လည်း အနုပညာကို မြတ်နိုးခုံမင်သူပါဗျ။ ချင်းမိုင် ရောက်နေပေမယ့် သင်္ကြန်အချိန်မှာတော့ ပိုးက မရဘူး။ ဆိုချင်သလိုလို ကချင်သလိုလိုနဲ့။ ခင်ဗျားက တရားပဲ ထိုင်ရတော့မလို လာငြိမ်ခိုင်းတာတော့ မတရားဘူးဗျာ။ ဘာလုပ်မှာလဲ ပြော .. ။
ဦးရုက္ခစိုးက သူ့ရှေ့မှ ခရီးဆောင်ကွန်ပျူတာကို တချောက်ချောက် ကလိရင်း “ရှူးတိုးတိုး” ဟု ဟန့်လိုက်သည်။
ရုက္ခစိုး။ ။ ဒီမှာ ငါ .. သိကြားမင်းနဲ့ အွန်လိုင်းကနေ ချက်တင်လုပ်မလို့ဟာ သူ့ဘက်က လက်မခံ သေးလို့ဟ။ ဟော ဟော လက်ခံလိုက်ပြီတွေ့လား .. ။
ကြွက်စုတ်။ ။ သိကြားမင်းနဲ့ ချက်တင်တဲ့ ကြား မကြားဖူးပါဘူးဗျာ။ ခု သင်္ကြန်တွင်းမှာ သိကြားမင်း လူ့ပြည် ဆင်းတာပဲဟာ .. ဒဲ့ (တဲ့) တွေ့ပြီး ဗျူးပေါ့ဗျ။
ရုက္ခစိုး။ ။ ဟ မင်း အတော်ဗဟုသုတ ခေါင်းပါးတာပါလား .. ဒီနှစ် သိကြားမင်း လူ့ပြည်မဆင်းဘူးကွ..။
ဖိုးရှုပ်။ ။ ဘာလို့လဲ ဆီဈေးတွေလည်း ကျသားနဲ့။
ရုက္ခစိုး။ ။ အဲဒါနဲ့မဆိုင်ဘူး .. သူ့မဟေသီတွေက စိတ်မချလို့ မလွှတ်ဘူး။ ခု မော်ဒယ်လေးတွေက အဝတ်ဝတ်တာ မလုံလို့တဲ့။ အဲဒါနဲ့ သူလည်း စိတ်ညစ်ညစ်နဲ့ စကိုက်ပ် သုံးပြီး အွန်လိုင်းကနေပဲ လူ့ပြည်ကို ချက်ကင်ဝင်မယ်တဲ့။
ဖိုးရှုပ်။ ။ သြော် ပို့စ်မော်ဒန် သကြားမင်းထင်တယ်။ ဒါဆို ကြုံတုန်း ကျုပ်လည်း ဝင်ဗျူးမယ်ဗျာ။ သိကြားမင်းနဲ့ အင်တာဗျူး ဆိုရင် ပေါက်နိုင်တယ်။ စာမူခလေးဘာလေး မျိုးမျိုးမြက်မြက် ရတာပေါ့။
ရုက္ခစိုး။ ။ အဲဒါကြောင့် မင်းတို့ကို ခေါ်တာပေါ့ကွ .. ဒါပေမယ့် ကြည့်ဦး .. သူ့ဘက်က ခဏခဏ လိုင်းကျ ကျနေတယ် တွေ့လား။
ကြွက်စုတ်။ ။ အင်း .. ဒါကတော့ .. သူထိုင်နေတဲ့နေရာက မြန်မာပြည်အပေါ်တည့်တည့်မှာမို့လို့ ထင်တယ်။ မြန်မာပြည်မှာ ခုတလော အင်တာနက်က ကျလိုက်၊ ပြန်မရလိုက်၊ ပျောက်လိုက် .. မပေါ်လာလိုက် ဖြစ်နေတယ်တဲ့။
ထိုစဉ် ဦးရုက္ခစိုး၏ ဂျီတော့ခ် သေတ္တာအတွင်း သိကြားမင်း ဆိုသောအမည် စိမ်းလာလေသည်။
သိကြားမင်း။ ။ ဟိုင်း။
ရုက္ခစိုး။ ။ ဟိုင်း ဟိုင်း ..။
သိကြားမင်း။ ။ ယူက ဘယ်သူလဲဟင်။ မိုးဟေကိုလား၊ ဝတ်မှုံရွှေရည်လား၊ အေးမြတ်သူလား၊ အိန္ဒြာကျော်ဇင်လား .. တခြားတယောက်ဆိုရင်တော့ တို့က ၁၈ နှစ်အောက် မိန်းကလေးမှ စကား ပြောမှာနော်။
ရုက္ခစိုး။ ။ ဟိုက် .. ဖိုးရှုပ်ရေ .. ခွတော့ကျပဟ .. ။ ဘယ်လိုလုပ်မလဲ။
ဖိုးရှုပ်။ ။ အမှန်ပြောပြလိုက်ဗျ .. လိမ်ပြောရင် ဂျာနယ်လစ် အက်သစ်နဲ့ ငြိမယ်။
ဖိုးရှုပ်က ရုပ်တည်နှင့် ဆုံးမသလို ပြောနေသောကြောင့် ဦးရုက္ခစိုးလည်း သိကြားမင်းထံ တချောက်ချောက်နှင့် ပြန်သတင်းပို့တော့သည်။
ရုက္ခစိုး။ ။ ဘိုးဘိုးသိကြား .. ကျနော်က ချင်းမိုင်ရုက္ခစိုးပါ။ ရန်ကုန်သားတာတေ ဆိုတဲ့ကောင် လက်ဆော့သမျှ ရုက္ခစိုးအလုပ် တခါမှမလုပ်ရတော့ဘဲ ဟိုရောက်လိုက် သည်ရောက်လိုက် ဖြစ်ချင်တိုင်း ဖြစ်နေရတဲ့သူပါ။
သိကြားမင်း။ ။ သြော မောင်ရင့်နာမည်တော့ ကြားဖူးပါတယ်။ မောင်ရင်က စီလီဘရစ်တီပဲ .. အင်း ဘာပြောချင်လို့လဲ။ ကျုပ်က အချိန်တော့ သိပ်မပေးနိုင်ဘူးနော်။ အလုပ်ကခပ်များများရယ်။
ကြွက်စုတ်။ ။ ဦးရုက္ခစိုးရေ .. လေသံကတော့ ပြောင်းသွားပြီ။ အချိန်သိပ်မပေးနိုင်ဘူးတဲ့။ ကောင်မ လေးဆိုရင်တော့ အကြာကြီးပြောမယ့် သဘောမှာရှိတယ်။
ဦးရုက္ခစိုးက ကြွက်စုတ်ကို အသာနေစမ်းပါကွာ ဆိုသည့်သဘောဖြင့် လက်ကာပြကာ သေတ္တာထဲ စာရိုက်ထည့် လိုက်သည် ..။
ရုက္ခစိုး။ ။ ကျနော်နဲ့အတူ ဘေးမှာ ရောက်နေတဲ့ ဖိုးရှုပ်ကလည်း ဘိုးသိကြားနဲ့ ဆုံတုန်းလေး ဗျူးချင်လို့တဲ့ .. ကျနော်ကတော့ တိုင်ချင်တာပါ။
သိကြားမင်း။ ။ ဟုတ်ပြီ ဟုတ်ပြီ မေးကြလေ။ တိုင်မယ်ဆိုရင်လည်း တိုင်။
သိကြားမင်းက ပြောခွင့်ပြုလိုက်သည်နှင့် ကြွက်စုတ်က ကမန်းကတမ်း လုကာ အတင်းဝင်ရိုက်သဖြင့် ဦးရုက္ခစိုး ဖင်ထိုင်လျက် ပြုတ်ကျသွားရသည်။
ကြွက်စုတ်။ ။ ဒါနဲ့ ဘိုးသိကြား .. ဘိုးသိကြားရဲ့ နာမည်ကျော် ခွေးရေပုရပိုဒ်ဆိုတာကြီး ရှိသေးလား ခင်ဗျ။
သိကြားမင်း။ ။ အာ အဲဒါကြီးသုံးလို့ဘယ်ဖြစ်တော့မလဲကွ .. ငါ့ဒေတာတွေ အားလုံးကို လက်ပ်တော့ ထဲပဲ ထည့်သိမ်းထားတော့တယ်။ မင်းပြောတဲ့ဟာကြီးကို အမျိုးသားပြတိုက်ကို လှူမလားလို့။
ကြွက်စုတ်။ ။ ဟုတ်လား .. ဒါဆိုရင် မလှူခင် ပုံတူလေး တပုံလောက် ပို့ပေးပါလား။ ကျနော် အတုလုပ်ပြီး ချင်းမိုင် ညဈေးမှာ သွားရောင်းချင်လို့။
ကြွက်စုတ်စကားကြောင့် ဖိုးရှုပ်နှင့် ဦးရုက္ခစိုးတို့ နှစ်ဦးစလုံး မျက်နှာများရှုံ့မဲ့သွားသည်။ ကြွက်စုတ်ကို အတင်းတွန်းတိုက်ကာ ဖိုးရှုပ်ဝင်မေးသည်။
ဖိုးရှုပ်။ ။ ဘိုးသိကြားခင်ဗျာ .. ဒီကောင်ကြွက်စုတ်ပါ။ အမိုက်အမဲလေးကို ခွင့်လွှတ်လိုက်ပါနော်။ ကျနော်မေးတာ အရင်ဖြေပါဦး။ မြန်မာ့ယဉ်ကျေးမှု သင်္ကြန်ဆိုတာ ရှိသေးလား သိချင်လို့ပါ။
သိကြားမင်း။ ။ ဟာ .. မင်းတို့ တယ်အောက်တဲ့ ငနဲတွေပဲ။ ကျုပ်တောင် ခွေးရေပုရပိုဒ်ထဲ မမှတ်ဘဲ လက်ပ်တော့နဲ့ မှတ်နေမှဟာ .. ယဉ်ကျေးမှုသင်္ကြန်တွေဘာတွေ လုပ်မနေနဲ့ ..။ ခုက ရီမစ္စ (Remix) သင်္ကြန် .. ဟစ် ဟော့သင်္ကြန် …။ မြို့မ ကျန်ခဲ့ပြီ .. ရော့အင်ရိုးလ် ကျန်ခဲ့ပြီ .. ဖိုးဂစ်တို့ သာဆိုးတို့ သင်္ကြန် ရေလည်လန်း တဲ့သင်္ကြန် ရို့ .. ရို့ .. ။ အင်းလျားလမ်းမှာ မဏ္ဍပ်ထိုင်မယ် .. မီးသတ်ပိုက်နဲ့ ထိုးမယ် .. ကောင်မလေးတွေ ခါးပေါ်ရင် .. အဟစ် အဟစ် ..။
“ဟိုက် .. မလွယ်ပါလားဟ။ ငါ တိုင်မလို့ဟာတောင် ဘယ်က ဘယ်လို တိုင်ရမှန်း မသိတော့ဘူး” ဟု ဦးရုက္ခစိုးက တိုးတိုးညည်းကာ .. စာဝင်ရိုက်ဖို့ ပြင်သည်။
ရုက္ခစိုး။ ။ ဒါနဲ့ ဘိုးသိကြားရယ် .. ဘိုးသိကြားကသာ ရီမစ္စသင်္ကြန် လုပ်နေပေမယ့် နေပြည်တော်မှာ တော့ သပြေခက်နဲ့ ရေစက်ကလေးတွေချပြီး ကစားတုန်းမဟုတ်လား။
သိကြားမင်း။ ။ ဟား .. ထပ်သရီး ..။ ဒီသောက်ရူးတွေကိုတော့ စာရင်းထဲ ထည့်မနေနဲ့။ နေပြည်တော် သင်္ကြန်မှာ မြန်မာ့ရိုးရာ အစဉ်အလာအတိုင်း သပြေခက်နဲ့ ရေပက်ပြနေတာက ကျုပ် လာပြီး စာရင်းတို့မယ် ဆိုတာ သိလို့ ကြောက် ကြောက်နဲ့ တနှစ်တခါ လုပ်မိလုပ်ရာ လုပ်ပြတာ။ ပါတိတ်အင်္ကျီတွေဝတ်၊ ပန်းကုံး ကြီးတွေဆွဲလို့ .. ရုပ်တွေကလည်း နာပါ့။ တကယ်က ဒင်းတို့ ရွပိုးထိုးရင် ဘယ်သူမှ မီတာ မဟုတ်ဘူး။ ဟို ဝန်ကြီး ဆော်ကြမ်းဆိုတဲ့ ငနဲဓာတ်ပုံတွေ တွေ့တယ်မဟုတ်လား။ သူ့ရုပ်ကြီးနဲ့ မျောက်က ကနေလိုက်တာ များ။ ငါက ကတယ်ဆို ဟုတ်တုတ်တုတ်။
ဖိုးရှုပ်။ ။ သူတို့ကို တနှစ်တခါ စာရင်းတို့ နေရတော့ ဘိုးဘိုး အလုပ်ရှုပ်တာပေါ့နော်။
သိကြားမင်း။ ။ ဟ အလုပ်ရှုပ်ခံမလားကွယ်တို့ရယ် .. ။ အကြံပိုင်သော သိကြားပါကွ။ မပူနဲ့ နှစ်တိုင်း မဟုတ်တာတွေလုပ်လွန်းလို့ နှစ်တိုင်း စာရင်း သွင်းနေရတဲ့ သူတို့နာမည်တွေကို အော်တိုထည့်ထား လိုက် တယ် ..။ ဒီနှစ်တော့ မင်းတို့တပ်ချုပ်ကြီး ငရွှေ့မြေး ပါ စာရင်းတို့ရဦးမယ် .. ။
ကြွက်စုတ်။ ။ ဘာလို့လဲဟင် .. သရုပ်ပျက်လို့လား။
သိကြားမင်း။ ။ လာပြန်ပြီတကောင် .. သရုပ်ပျက်တယ် မပြောပါနဲ့။ ပို့စ်မော်ဒန် ခေတ်လွန် သင်္ကြန်လို့ ပြောပါ။ သရုပ်ပျက်တဲ့သူတွေသာ စာရင်းတို့ရရင် ငါတပါးတည်းမပြောနဲ့ သုဇိတာတို့၊ သုမာလာတို့ ရှိသမျှ နတ်သမီး တွေ ဝိုင်းတို့တာတောင် စာရင်းက နောက်နှစ်ထိ ပြီးမှာ မဟုတ်ဘူး။ ဒီတော့ ခေတ်လွန်တာကို ငါက ပါမစ်ပေးလိုက်ပြီ။ ကောင်မလေးတွေ မလုံ့တလုံ ဝတ်တော့ ဘာဖြစ်လဲ။ မင်းတို့ သကောင့်သားတွေပဲ ငမ်းကြတာမဟုတ်လား။ ခွက်စောင်းခုတ်တော့ ဘာဖြစ်လဲ .. နည်းနည်းပါးပါး ကွဲရုံ စပ်ရုံပေါ့ .. မီးသတ် ပိုက်နဲ့ ထိုးတော့ ဘာဖြစ်လဲ .. မွန်းရုံ၊ အင်္ကျီတွေ စုတ်ပြတ်သတ်ရုံ ပေါ့၊ အရက်သောက်တော့ ဘာဖြစ်လဲ .. မသကာ အန်ဖတ်ဆို့ သေရုံပေါ့။ မူးပြီး မှားယွင်းကုန်တော့ ဘာဖြစ်လဲ .. ဗိုက်ထွက်ရုံပေါ့ .. ဟွန်း။ ဒါလေးကိုများ ဇာလာချဲ့နေသေးတယ်။
ခု ငရွှေ့မြေးကို စာရင်းတို့ရမှာက အလကားရတဲ့ မဏ္ဍပ်ပါမစ်တွေကို အမြတ်ကြီးစား ရောင်းစားနေလို့ဟေ့။ သိပြီလား။ လုပ်စားတတ်လို့ကွ။ ပြီးရင် သူ့မဏ္ဍပ်မှာ မော်ဒယ်အချောလေးတွေ ခေါ်ထားပြီး ဂေါ်ငနဲတွေကို မဏ္ဍပ်ထိုင်ခွင့် ရောင်းစားဦးမှာလေ။ လက်တောက်လောက်လေးနဲ့ စီးပွားရှာတော်လွန်းလို့ .. လေးစားသမှုနဲ့ မှတ်ထားရမှာ။ မြန်မာနိုင်ငံရဲ့ စီးပွားရေးစွမ်းဆောင်ရှင် အလောင်းအလျာလေးအဖြစ် ဂုဏ်ပြုမလို့ သိပြီလား။
သိကြားမင်းက ဆောင့်ကြီးအောင့်ကြီး ဖြေနေသောကြောင့် ဦးရုက္ခစိုး မေးခွန်းလွှဲဖို့ ပြင်ရသည်။
ရုက္ခစိုး။ ။ မန္တလေးသင်္ကြန်ကတော့ နည်းနည်း ယဉ်ကျေးမယ် ထင်တယ်နော် ဘိုးဘိုး။
သိကြားမင်း။ ။ ဟာ မန္တလေးသင်္ကြန်လို့ မခေါ်တော့ဘူးလေ .. အတော်ခေတ်နောက်ကျတာပဲ။ တရုတ်ကြီး သင်္ကြန်လို့ ခေါ်တယ် .. မှတ်ထား။
ကြွက်စုတ်က “ဦးရုက္ခစိုးကြီး .. သိကြားမင်း တင်းနေပြီထင်တယ်နော်” ဟု သတိပေးသည်။ အလိုက်ကမ်းဆိုး မသိသော ဖိုးရှုပ်က အတင်းဝင်မေးပြန်သည်။
ဖိုးရှုပ်။ ။ ဒါနဲ့ ဘိုးသိကြားကြည့်ရတာ လူ့ပြည်မဆင်းရလို့ တင်းနေပုံရတယ်။ ဟုတ်လား။
သိကြားမင်း။ ။ ဟင်းဟင်း .. တင်းတယ်ကွ၊ တင်းတယ်။ ဒီသောက်ခေတ်မီ နည်းပညာတွေ ပေါ်လာလို့ ငါ မဆင်းရတော့တာ။ ဘယ့်နှယ်ကွာ ငါက ဒီနှစ်ကို ဝတ်မှုံရွှေရည်လေးနဲ့ တွေ့ရ ကောင်းမလား၊ ချစ်သုဝေနဲ့ သီချင်းတွဲဆိုရကောင်းမလား စဉ်းစားထားတာ။ ခုတော့ ငါ့အိပ်မက်တွေ အကုန် ပျောက်ပျက် ကုန်ပြီကွ။ ချစ်သုဝေနဲ့ သီချင်းတွဲမဆိုရတော့ဘဲ ခေတ်ဆွေးအဘွားကြီး သုဇိတာနဲ့ နှစ်ပါးသွားရတော့မယ်။ .. ဟိုက် .. ။
ပြောနေရင်း “ဟိုက်” ဆိုသောအသံ ဝင်လာသောကြောင့် သူတို့ သုံးဦးစလုံး လန့်သွားကြသည်။
ဦးရုက္ခစိုး။ ။ ဘိုးသိကြား .. ဘိုးသကြား ဘာဖြစ်လို့လဲဟင်။
သိကြားမင်း။ ။ ဘယ်အချိန်က သုဇိတာ ငါ့နောက် ရောက်နေမှန်းမသိဘူးဟေ့။ ဒီမှာ နားရွက်လာ ဆွဲလိမ်နေတယ်။
ကြွက်စုတ်။ ။ ကျနော်တို့က ဘိုးသိကြားကို တိုင်ရမှာလေ။ ပြောင်းပြန်ဖြစ်နေပြီ။
သိကြားမင်း။ ။ လောလောဆယ်တော့ ကျုပ်ကပဲ တိုင်ပါရစေဗျာ။ ဒီမှာ အောက်တော့တဲ့ ကျုပ်ကို အမိန့်ပေးနေတယ်။ ဘယ်လိုလုပ်ရမလဲ။
ဦးရုက္ခစိုး။ ။ အဲလိုဆိုရင်တော့ ခေတ်အဆက်ဆက် လူကြီးတွေ သုံးလာခဲ့တဲ့ နည်းကိုပဲ သုံးလိုက်ပါ ဘိုးသိကြားရယ် အဲဒါက အန္တရာယ်ကင်းပါတယ်။ နားသာထောင်လိုက်ပေတော့။
ဦးရုက္ခစိုး၏ စကားအဆုံးတွင် စိမ်းနေသောမီးလေး မီးခိုးရောင်သို့ ပြောင်းသွားလေတော့သည်။
အလကားနေရင်း သောက်ဖို့ အကြောင်းရှာနေသော ဖိုးရှုပ်နှင့် ကြွက်စုတ်တို့မှာ သိကြားမင်းနှင့် တွေ့ဆုံခန်း အောင်မြင်စွာ ပြီးဆုံးသည့် အထိန်းအမှတ်အဖြစ် ပုလင်းထောင်ကြမည်ဟု ဆိုသဖြင့် ဦးရုက္ခစိုးကြီးပါ ကန့်လန့်ကန့်လန့်နှင့် ပါသွားတော့သည်။ သူတို့သုံးဦးသား ထွက်ခွာ သွားရာလမ်းတလျှောက်၌ ဖိုးရှုပ်၏ ကီးမတည့်သော သင်္ကြန် သီချင်းသံက ပျံ့လွင့်ကျန်ခဲ့လေတော့၏။
“ရှာပုံတော် မင်းသားကြီး .. ဆိုက်ဘာကဖေးတကာ ရောက်ခဲ့ပြီ .. ဘယ်ရပ်သူဇာတိမှန်းလဲ မသိတော့ အခက်တွေ့ပြီ။ မနှစ်ကပေးတဲ့ သူ့လိပ်စာ ဟက်ခံထိလို့ ပျက်ကုန်ပြီ .. မမှတ်မိတော့ ခက်သားလား ဒေဝီ ..”။ ။