6.25.2010

ယာယီပတ်စပို့ ကိုင်ဆောင်ထားသည့် မြန်မာအလုပ်သမတစ်ဦး သတ္တိရှိရှိရင်ဆိုင်

ဇွန် ၂၅
ဘန်ကောက်မြို့ လုမ္ပနီမြေအောက် ရထားဘူတာရုံတွင် အလုပ်ကိစ္စဖြင့် ရထားစီရန်စောင့်ဆိုင်းနေသည့် မြန်မာ အလုပ်သမ တစ်ဦးအား ထိုင်းလ၀က ရဲနှစ်ဦးက ဖမ်းဆီးခဲ့သည့်ကို သတ္တိရှိရှိ ရင်ဆိုင်လိုက်သဖြင့် ငွေမကုန်ပဲ ပြန်လည် လွတ်မြောက်လာခဲ့ သည်။
ယနေ့ နံနက်ရှစ်နာရီကျော်ခန့် မိတ်ဆွေတစ်ဦးထံသို့ သွားရန် အဆိုပါဘူတာရုံတွင်မဇာခြည်ဆိုသူ စောင့်ဆိုင်းနေစဉ် ပုလိပ်က ဘတ်ကို တောင်းကြည့်ခဲ့သည်။ ယာယီပတ်စပို့ စာအုပ်တွင် စမူပါကန်နယ်မြေတွင် အလုပ်လုပ်ကိုင်ကြောင်းပါရှိသည်။
မဇာခြည်က “စမူပါကန်စာအုပ်နဲ့ ဘန်ကောက်ကို လာလို့မရဘူး၊ စမူပါကန်မှာပဲသွားလို့ရမယ်လို့ ပြောတော့ ကျမက ယာယီပတ်စိပို့က ထိုင်းနိုင်ငံအတွင်း အားလုံးနေရာကို လုပ်လို့ရတယ် မဟုတ်ဘူးလားလို့မေးပါတယ်။ ဆိုတော့ WORK PERMIT မပါဘူးလို့ ပြောပြန်တယ်။ ဘတ်၄၀၀၀ ပေးရမယ်လို့ ပြောပါတယ်။ ကျမကပြောတယ်၊ WORK PERMIT က ကျမ သုံးလပြည့်တဲ့ အခါမှလုပ်မယ်။ အချိန်ရှိသေးတယ်၊ ပြီးတော့ ခုတောင်းတဲ့ ပိုက်ဆံလည်းမရှိဘူး၊ မပေးနိုင်ဘူး။ ရဲစခန်း ခေါ်ချင်ခေါ်သွား၊ ကျမမှာ အထောက်အထား အပြည့်အစုံရှိတယ်လို့ ပြန်ပြောပါတယ်” အဆိုပါထိုင်းပုလိပ်နှစ်ဦးကကားပေါ်တွင် တင်ဆောင်ပြီး မဇာခြည်နှင့်အမျိုးသမီးသူငယ်ချင်းတို့နှစ်ဦကို IDC ဌာနချုပ်သို့ ခေါ်ဆောင်လာခဲ့သည်။ သူငယ်ချင်းဖြစ်သူမှာ စာရွက်စာတမ်းအားလုံး ပြည့်စုံသူဖြစ်သည်။
ပတ်စပို့လုပ်ထား၍ လွတ်လပ်စွာ သွားလာနေခြင်းဖြစ်ကြောင်း၊ ဖမ်းဆီးသည့် ပုလိပ်များထက် အဆင့်မြင့်သော တာဝန်ရှိသူများက လက်မှတ်ထိုးထားကြောင်း၊ သို့ဖြစ်၍ ဖုန်းဆက်ကြည့်နိုင်ကြောင်း ပြန်လည်ရှင်းပြခဲ့သည်။ ဖမ်းဆီလာသည့် ပုလိပ်များကလည်း ဖုန်းဆက်ကြည့်ခဲ့သည်။ ထို့နောက်ဖမ်းဆီးပြီး ပြန်လည် ပို့ဆောင်မည်ဆိုပါကလည်း ပုလိပ်များ၏ အမည်ကို ပြောရန်နှင့် ကိုယ်ပိုင်နံပါတ်များကိုပါ ပြောရန်တောင်းဆိုခဲ့သည်။
“ကျမ မကျေနပ်ဘူး၊ ကျမဈေးရောင်းတယ်၊ ခုလိုမတရား ဖမ်းဆီးခံလိုက်ရတော့ ကျမ မနက်ပိုင်းအလုပ်ပျက်
တယ်။ နစ်နာတယ်။ တရားစွဲလို့ရရင် တရားစွဲချင်တယ်၊ ငွေအကုန်ခံပြီးပတ်စပို့ လုပ်ထားတာ၊ မရှိခင်တုန်းကလည်း ထိုင်းပုလိပ်ကိုကြောက်၊ ရှိတော့လည်း ပေးရအုံးမလား၊ မပေးဘူး၊ ကျမတော့ မကြောက်ဘူး”ဟု ပြောသည်။
အသက်၁၈နှစ်အရွယ် မဇာခြည်မှာ ကရင်ပြည်နယ် ဘားအံမြို့ကဖြစ်ပြီး အ၀တ်အထည်များ ရောင်းချသည့်
ဈေးသည် တစ်ဦးဖြစ်သည်။

အာဆီယံပြည်သူ့ အတိုင်ပင်ခံ အကြိုစည်းဝေးပွဲ ဘန်ကောက်တွင်ကျင်းပ

ဇွန် ၂၆
လာမည့် စက်တင်ဘာလခန့်တွင် ကျင်းပမည့် ဗီယင်နမ်နိုင်ငံတွင် ကျင်းပမည့် အာဆီယံအစည်းအဝေးတွင် Asean People Forum အစည်းတွင် လူထုအခြေပြု လူ့အဖွဲ့အစည်းများ အနေဖြင့် မည်သို့သော အချက်အလက် များကို တင်ပြကြမည်ကို ညှိနှိုင်းတိုင်ပင်ကြသည့် နိုင်ငံတကာအစည်းဝေးပွဲအား ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တွင် ယနေ့ ကျင်းပခဲ့ကြသည်။
ယနေ့ တစ်နေကုန် ကျင်းပသည့် အကြိုစည်းဝေးပွဲတွင် နိုင်ငံတကာ အဖွဲ့အစည်းပေါင်း ၃၅ဖွဲ့ခန့်တက် ရောက်ခဲ့ပြီး လာမည့် အာဆီယံ အစည်းဝေးပွဲတွင် လူထုအခြေပြု လူ့အဖွဲ့အစည်းများ အနေဖြင့် မည်သို့ သော အကြောင်းအရာများကို တင်ပြကြမည်ကို အသေးစိတ် ဆွေးနွေးခဲ့ကြသည်။
ထိုင်းနိုင်ငံ တောင်ပိုင်းဖန်ငအခြေစိုက် FED ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖေါင်ဒေးရှင်းမှ ကွင်းဆင်း ပညာပေး အရာရှိ ဦးကျော်လင်းဦးက “အယင်တုန်းကလို အာဆီယံခေါင်းဆောင်တွေနဲ့  ပြည်ပအခြေစိုက် လူထုအခြေပြု အဖွဲ့အစည်း ကိုယ်စားလှယ်တွေနဲ့ အာဆီယံခေါင်းဆောင်တွေ တွေ့ဆုံခြင်း အစီအစဉ်တော့ မပါတော့ဘူး။ အယင်အာဆီယံပွဲတွေတုန်းက မခင်ဥမ္မာတို့၊ ကမ္ဘောဒီယားက အတိုက်အခံတို့ကို ၀န်ကြီးချုပ် တွေက မတွေ့လိုဘူးလေ။ သူ့တို့ဒီလူတွေကို မတွေ့ချင်ဘူး၊ အဲဒီလိုပြဿနာတွေ ရှိခဲ့တော့ ပြီးခဲ့တဲ့ အာဆီယံ ကတည်းက ပယ်ဖျက်ခဲ့ပြီးဖြစ်ပါတယ်။ ဗီယက်နမ်နိုင်ငံက ပြောတာကတော့ အားလုံးလာနိုင်တယ်ပေါ့၊ ဒါပေမယ့် သက်ဆိုင်ရာနိုင်ငံ အစိုးရတွေရဲ့ ခွင့်ပြုမှုကို တောင်းကောင်းတောင်းရမယ်လို့တော့ ပြောပါ တယ်” ဟု ပြောသည်။
လာမည့် အာဆီယံအစည်းအဝေးတွင် ပြည်ပအခြေစိုက် မြန်မာအဖွဲ့အစည်းများ တက်ရောက်ခွင့်ရရှိရေးမှာ မသေခြာခြင်းကြောင့် ပြည်ပအတိုက်အခံ အင်အားစုများအနေဖြင့် ဖြစ်လိုသည့် ဆန္ဒများကို အကြိုဆွေးနွေး ခဲ့ခြင်းဖြစ်ကြောင်း ကိုကျော်လင်းဦးက ပြောသည်။
“ထုံးစံအတိုင်းပေါ့ဗျာ အာဆီယံဒေသတွင်း လူအခွင့်အရေး၊ လူကုန်ကူးမှု၊ ရွှေ့ပြောင်းအလုပ်သမားရေးရာ ကိစ္စရပ်တွေ၊ ဒေသတွင်း တစ်ခုလုံးပေါ့နော်၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားတို့မှာလည်း တရားမ၀င်အလုပ် သမား ဘာညာဆိုပြီး ဖမ်းနေကြတာတွေ၊ လတ်တလော ထိုင်းနိုင်ငံအတွင်းမှာရှိတဲ့ နိုင်ခြားသား အလုပ်သ မားတွေကို ဖမ်းဆီးနေတာတွေဆိုတာ မလုပ်သင့်တဲ့ လုပ်ရပ်အဖြစ် နိုင်ငံတကာက စိုးရိမ်နေကြပါတယ်။
တရားမ၀င်တဲ့ အလုပ်သမားဆိုတဲ့ ဝေါဟာရဆိုတာ ရှိကိုမရှိသင့်ဘူး၊ လူတိုင်း ရွေ့ပြောင်း လုပ်ကိုင်နေ ကြတာတွေကို အဓိက စဉ်းစားကြပါတယ်”ဟု ပြောဆိုသွားသည်။
အစည်းဝေးတွင် လူ့အခွင့်အရေးအုပ်စု၊ အလုပ်သမားအရေး ဆိုင်ရာအုပ်စု၊ လူကုန်ကူးမှု ဆိုင်ရာအုပ်စု စသည်ဖြင့် သီးခြားစီလည်း ဆွေးနွေးကြပြီး အာစီယံအစည်းဝေးပွဲကြီး မတိုင်ခင်တွင် နောက်ထပ် ညှိနှိုင်းအစည်းဝေး လုပ်ကြအုံးမည်ဖြစ်ကြောင်း ဦးကျော်လင်းဦးက ဆက်လက်ပြောဆိုသွားသည်။
ကိုကျော်သောင်းမှ ပေးပို့ပါသည်။