7.01.2010

မြန်မာ ယာယီပတ်စပို့ရုံး ရနောင်းတွင်ဖွင့်ပြီ

ဇူလိုင် ၁
ထိုင်းမြန်မာနယ်စပ် ရနောင်းမြို့ ကမ်းနားလမ်း ပေါက်ခေါင်းလှေဒေါက်အနီး ခြံဝင်းကျယ်တစ်ခုတွင် မြန်မာ အလုပ်သမားများအတွက် ယာယီပတ်စပို့ထုတ်ပေးသည့် ၇ုံးတစ်၇ုံးအား ယနေ့ ဖွင့်လှစ်လိုက်သည်။
မြန်မာနိုင်ငံဘက်မှ ကော့သောင်းမြို့နယ်မှူးနှင့် မြန်မာလ၀ကမှ ၀န်ထမ်းသုံးဆယ်ခန့်တို့ ယာယီပတ်စပို့ 
ကို စတင်လုပ်ကိုင်ကြကြောင်း ကိုယ်တိုင် သွားရောက်ခဲ့သူနှစ်ဦးက ပြောပြသည်။
ယာယီပတ်စပို့ လုပ်ကိုင်သည့် ဗီဇာလွမ်း ကုမ္ပဏီ၊ အန်ဒမန်ကုမ္ပဏီနှင့် ဗီဇာအက်စ်ပရက် ကုမ္ပဏီတို့က လာ
ရောက်ပြီး ယနေ့တွင် မြန်မာအလုပ်သမားပေါင်း၂၀၀ ၀န်းကျင်ခန့်လုပ်ကိုင်ပေးခဲ့ကြောင်း အမည်မ
ဖေါ်လိုသည့် ကုမ္ပဏီဝန်ထမ်းတစ်ဦးက ပြောသည်။
ကိုယ်တိုင်သွားရောက် လေ့လာခဲ့သည့် ရနောင်းမြို့က မြန်မာအလုပ်သမား ကိုမောင်က “ရုံးကိုသွားဖို့ အင်္ဂလိပ်/ ထိုင်းဘာသာတွေနဲ့ လမ်းညွှန်ဆိုင်းဘုတ်အငယ်တွေ တော်တော်ရေးထားပါတယ်။ အင်္ဂလိပ်လို ရေးတာ
ထက်၊ မြန်မာစာနဲ့ရေးရင် ပိုကောင်းပါမယ်။ ရုံးကို ခြံဝင်းကျယ်ကျယ်နဲ့ တစ်ခုထဲမှာ မြက်ခင်းပြင်တွေနဲ့ သပ်သပ်ရပ်ရပ် ရုံးလုပ်ထားပါတယ်။ ကျနော်ပဲ မျက်စိရှန်းတာလားတော့ မသိဘူး၊ မြန်မာဘက်က ၀န်ထမ်းတွေ အကုန်လုံး လက်နဲ့ရေးနေတာကိုပဲ တွေ့ခဲ့တယ်။ ကွန်ပျူတာတွေတော့ မမြင်ခဲ့ဘူး။ အလယ်ခုံမှာ TVတစ်လုံးချထားတာ တွေ့ခဲ့ပါတယ်။
မြန်မြန်ဆန်ဆန် လုပ်ပေးနိုင်တော့ အလုပ်သမားတွေအတွက် အချိန်ကုန် သက်သာတာပေါ့ဗျာ”ဟု ပြောသည်။ မဟာချိုင်နှင့် အခြားနေ၇ာများမှ မြန်မာအလုပ်သမားများမှာ ဘတ်ငွေ တစ်သောင်းဝန်းကျင်ခန့် ကုန်ကျနေသော်လည်း ရနောင်းဒေသခံများမှာမူ ဘတ် ၇၀၀နှင့် ဘတ်၁၀၀၀ ၀န်းကျင်ခန့်သာ ကုန်ကျကြောင်း သိရသည်။ နောက်ကိုယ်တိုင် သွားရောက်လေ့လာခဲ့သူ တစ်ဦးက “မြန်မာ အလုပ်သမားတွေအတွက် ကောင်းပါတယ်။ ဒါပေမယ့် ကုန်ကျစရိတ်တွေ များပါတယ်။ work permit အတွက် ဘတ်ငွေ ၁၉၀၀ ကုန်အုန်းမယ်၊ ကျမ္မာရေးအတွက် ဆေးစစ်ခ ၁၉၀၀ ထပ်ကုန်အုံးမယ်။ ဒါတရားဝင်ပါ၊ နောက်အပိုကုန်ငွေတွေ ရှိပါသေးတယ်။ အယင်တုန်းက မြန်မာအလုပ်သမား တစ်ယောက်အတွက် တရားဝင်ဘတ် ၃၈၀၀ ကုန်ကျပါတယ်။ ခု ယာယီ
ပတ်စပို့အတွက် ထပ်မံကုန်ရပါတယ်။ မဲဆောက်ကိုသွားတဲ့ လူတွေ၊ ချင်းမိုင်ကို သွားတဲ့လူတွေ ပိုက်ဆံပေးရ
တယ်လည်း ကြားပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် မြန်မာအလုပ်သမားတွေ လုပ်သမျှ ပိုက်ဆံတွေ၊ နေထိုင် အလုပ်လုပ်ကိုင်ခွင့် ကိစ္စတွေနဲ့ အားလုံးနီးပါး ကုန်ကျနေကြရပါတယ်၊ မလုပ်ရင် နေထိုင်လို့ မရဖြစ်မှာမို့လို့ လုပ်ရတာပါ”ဟု ပြောသည်။
ရနောင်းမှ မြန်မာနိုင်ငံအတွင်းသို့ ပြန်ခဲ့သည့် အလုပ်သမားများက ရနောင်းလ၀ကတွင် (re-entry) အတွက် ဘတ်ငွေတစ်ထောင်ပေးရပြီး မြန်မာဘက်တွင် ကျပ်ငွေ၅၀၀ပေးရကြောင်း အခြားမည်သည့် အခက်အခဲမှ မရှိကြောင်း ပြောပြကြသည်။
မေလ၁၀ ရက်နေ့က ထိုင်းအလုပ်သမားဝန်ကြီးဌာန အကြီးအကဲ နိုင်စုန်ဖ၀ျူးခွန်၊ ရနောင်း ဒုမြို့ နယ်မှူး
နိုင်ကီလိုဝပ်ဖုန်နနှင့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ ဦးအောင်သင်းနှင့်အဖွဲ့တို့ ရနောင်းမြို့တွင် စည်းဝေး ဆုံးဖြတ်ခဲ့ကြခြင်းကို လက်တွေ့အကောင်အထည် ဖေါ်လိုက်ခြင်းဖြစ်သည်။
အဆိုပါရုံးတွင် ထိုင်းဝန်ထမ်းဦးရေ ၂၀ ၀င်ရောက် လုပ်ကိုင်မည်ဖြစ်ပြီး နေ့စဉ် မြန်မာအလုပ်သမား ၈၀၀ အတွက် ယာယီပတ်စပို့ လုပ်ကိုင်ပြီးစီး နိုင်မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံဘက်က ခန့် မှန်းထားသည်။ အကယ် ၍ ရနောင်းရုံးတစ်ခုတည်းနှင့် ပြီးစီးနိုင်မည်မဟုတ်ပါက မဲဆောက်၊နှင့်မယ်ဆိုင်မြို့ တို့ တွင် မြန်မာနိုင်ငံသား စီစစ်ရေးရုံးများ တိုးမြှင့်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူက ပြောဆိုခဲ့သည်။
ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်တွင် ထိုင်းနိုင်ငံအတွင်း နေထိုင်အလုပ်လုပ်ကိုင်ခွင့်(ဘတ်) လုပ်ကိုင်ထားသည့် မြန်မာ အလုပ်သမား ၁၀၇ ၉၉၉၁ ယောက်ရှိခဲ့သည်။ ယခု ယာယီပတ်စပို့ လုပ်ကိုင်ရန် ဖေါင်ဖြည့် တင်ထားသူပေါင်း ၈၃၃၀၁၃ ယောက်၊ ယာယီပတ်စပို့ ရပြီးသူပေါင်း ၉၄၀၀၀နှင့် မရသေးသူပေါင်း ၇၃၉၉၀၀ရှိသည်။ လာရောက် မှတ်ပုံမတင်သည့် သူပေါင်း ၂၄၆ ၉၇၈ ယောက်ကျနေသေးသည်။ အဆိုပါ တရားမ၀င် နေထိုင်သည့်သူများအား ပြည်ထဲရေးဌာနနှင့် လူဝင်မှုကြီးကြပ်ရေး ဌာနတို့က ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ထိုင်းလ၀ကမှ ပြောသည်။
ဇွန်လကုန်အပတ်က ဘန်ကောက်အပါအ၀င် ထိုင်းနိုင်ငံအနှံအပြားတွင် စာရွက်စာတမ်း မပြည့်စုံသည့် မြန်မာ အလုပ်သမားနှင့် နိုင်ငံခြားသား အလုပ်သမားများ ထောင်ချီပြီး ဖမ်းဆီပြန်ပို့ ခဲ့သည်။ ယာယီပတ်စပို့ လုပ်ငန်းစဉ်အတွင်း အခက်အခဲများနှင့် အချိန်ကြာမြင့်မှု အပါအ၀င်၊ ကုန်ကျငွေများခြင်းများ တို့ကြောင့် ယခု အကောင်အထည် ဖေါ်နေသည့် ယာယီပတ်စပို့ လုပ်ငန်းစဉ်မှာ နှစ်ဆယ်ချီ လုပ်ကိုင်သော်လည်း ပြီးစီးသည့် အဆင့်သို့ ရောက်ရှိမည်မဟုတ်ကြောင်း အလုပ်သမားအရေး သုံးသပ်သူအချို့ကပြောသည်။
နေထိုင်ခွင့် (ဘတ်)မရှိသည့် မြန်မာ အလုပ်သမားများကမူ ဘတ်အသစ်လုပ်ပေး၇န် အထူး မျှော်လင့်နေကြောင်းလည်း သိရှိရသည်။
ကိုကျော်သောင်းမှ ပေးပို့ပါသည်။