အနှစ်နှစ်ဆယ်ဆီသို့
“အနှစ်နှစ်ဆယ်မျှ တိုင်းပြည်အတွက် လုပ်လာပြီးနောက် ကျွန်တော်သည် ကိုယ့်ကိုယ်ပြန်၍ ကြည့်လိုက်သောအခါ ကြိုးတိုက်ထဲသို့ ရောက်နေသည်ကို တွေ့ရလေသည်။”
အထက်ပါ စာပိုဒ်မှာ ဗိုလ်မှုးချစ်ကောင်း ရေးခဲ့သည့် အနှစ်နှစ်ဆယ် စာအုပ်၏ အဖွင့် စာပိုဒ်ပင် ဖြစ်ပါသည်။ ၁၉၈၈ခုနှစ် လူထုအုံကြွမှုကြီးမှ စခဲ့သော စစ်အာဏာရှင် ဆန့်ကျင်ရေးနှင့် ဒီမိုကရေစီ ရရှိရေး လှုပ်ရှားမှုများ၏ ကာလသည်လည်း လာမည့် ဩဂုတ်လ (၈)ရက်နေ့တွင် အနှစ်နှစ်ဆယ် တင်းတင်းပြည့်တော့မည် ဖြစ်ပါသည်။
အနှစ်နှစ်ဆယ်ကြာ တိုက်ပွဲခရီးရှည်ကြီးထဲမှာ ကျဆုံးသူတွေလဲ ကျဆုံးကုန်ကြရပါပြီ။ ကိုဖုန်းမော် တို့လို သမိုင်းဝင်ခဲ့သူတွေ ရှိသလို၊ နအဖမီးသဂြိုလ် စက်တွေထဲမှာ လူမသိသူမသိ ပြာကျခဲ့ရ သူတွေ၊ တောတောင်တွေထဲမှာ တိုက်ပွဲဖြစ်ရင်း ငှက်ဖျား နှိပ်စက်ရင်းဖြင့် ခေါင်းချခဲ့ရသူတွေ၊ နအဖရဲ့ စစ်အကျဉ်းထောင်ထဲမှာ နှိပ်စက် ညှင်းပန်းမှုတွေကို အံတုကြံ့ကြံ့ခံရင်း ကျဆုံးခဲ့ရသူတွေ ယခုတိုင် အကျဉ်းထောင်များထဲတွင် ဒူးထောက်အညံ့ မခံပဲ ဆက်လက် တိုက်ပွဲဝင်နေသူတွေ ရှိနေ သလို အချို့လဲ လူသားချင်းစာနာတဲ့ ကမ္ဘာ့နိုင်ငံအနှံ့အပြားကို ရောက်ရှိနေကြပြီး အချို့ကလည်း နယ်စပ်ဒေသတွေမှာပဲ အားခဲလို့ ရပ်တည် ရုန်းကန်နေကြဆဲ တိုက်ပွဲဝင်နေကြဆဲပင်၊ ပြည်တွင်းရှိ ရဲဘော်များကလည်း ဟိုပုန်းဒီခိုနဲ့ အလံမလှဲ စတမ်း တိုက်ပွဲဝင်နေကြဆဲပင်။ ထိုအင်အားစုများ ကြောင့်လဲ ဒီမိုကရေစီတိုက်ပွဲရဲ့ အရှိန်အဟုန်ဟာ အဆက်မပြတ် ဆက်လက် ဖြစ်ပေါ်နေတယ် လို့လဲ ဆိုနိုင်ပါတယ်။
ကျွန်တော်ကိုယ်တိုင်သည်ပင် နှစ်နှစ်ဆယ်အတွင်း ဘဝပေါင်းစုံကျင်လည်ရင်းမှ Migrant ကျောင်းလေး တခုမှာ အနာဂတ်ရဲ့ မျိုးဆက်သစ် လူငယ်တွေကို ပညာသင်ပေးရင်း ဘဝကို ရုန်းကန်နေရဆဲပါ။
နေ့စဉ်နံနက် ကျောင်းတက်ချိန်တိုင်း ကျောင်းရှေ့ အလံတိုင်မှာ ထိုင်းအလံကိုတင်၊ ထိုင်းနိုင်ငံတော်သီချင်းကို သီဆိုနေကြရတဲ့ ခလေးငယ်တွေကို ကြည့်ရင်းပင် “ဩော် ဘယ်တော့ များမှ ငါတို့ခလေးတွေ ကိုယ့်အမိမြေပေါ်မှာ ခြေချလို့ အမိနိုင်ငံတော် အလံကို အလေးပြုခွင့် ရကြမှာလဲ” လို့ တွေးရင်း အမြဲကြေကွဲခဲ့ရပါတယ်။
တကယ်တွေးကြည့်တော့လဲ ဒီကလေးတွေကမှ အေးချမ်းစွာ ပညာသင်ခွင့် ရနေပါသေးတယ်။ နာဂစ်မုန်တိုင်းကြောင့် ကျောင်းပါ ပျောက်ခဲ့ရတဲ့ကလေးတွေ၊ မတရားကြီးမြင့်နေတဲ့ ကုန်ဈေးနှူန်းနဲ့ အလှူငွေအမျိုးမျိုးတွေကြောင့် ကျောင်းတောင် မတက်နိုင်တော့တဲ့ ကလေးတွေက ပြည်တွင်းမှာ အများကြီးပါ။ ဒီလိုဘဝတွေ မပြီှးဆုံးနိုင်သေးတဲ့ တာဝန်တွေနဲ့ အတူ ကျွန်တော်တို့ (၈၈)မျိုးဆက် ကျောင်းသားတွေဟာလည်း အသက်လေးဆယ်တန်းတွေ ရောက်လာခဲ့လို့ နောက်မျိုးဆက် ကျောင်းသားလူငယ်တွေက မပြီးသေးတဲ့ တာဝန်တွေကို ဆက်လက် ယူနေကြရပါပြီ ။
ကျွန်တော်တို့တွေ ဘယ်အထိ ခရီးပေါက်ခဲ့ပါပြီလဲ?
အမြင်မှာတော့ တပြည်လုံးမှာ မကြာခဏဆိုသလို ကန့်ကွက်ဆန္ဒ ပြမှုတွေဖြစ်လို့ တကမ္ဘာလုံးက ဝိုင်းဝန်း ကန့်ကွက်ရှုံ့ချကြလို့ နအဖဟာ အကျဉ်းအကျပ်မျိုးစုံနဲ့ ကြုံတွေ့နေရတယ်လို့ ဆိုနိုင်ပါတယ်။
တကယ်ကော ကျွန်တော်တို့ အနိုင်ရနေတယ်လို့ ယူဆနိုင်ပါသလား ?
အဆင့်ဆင့် အလျော့ပေးလာခဲ့တယ်လို့ ယူဆတယ်ဆိုရင် နအဖရဲ့ ရိုးဖြောင့်တဲ့ လိုက်လျောမှု တခုလေမျုား တွေ့ကြပါသလား။ ၁၉၈၈ ခုနှစ်စက်တင်ဘာလ အာဏာသိမ်းပြီးတဲ့ အချိန်က နိုင်ငံရေးပါတီ ဖွဲ့ခွင့်ပေးမယ် ရွေးကောက်ပွဲ လုပ်ပေးမယ်၊ အနိုင်ရမယ့် လူကို အာဏာလွှဲပေးပြီး စစ်တပ်ဟာ စစ်တန်းလျားပြန်ရုံပဲလို့ ဦးစောမောင်ပြောခဲ့တာကို မှတ်မိကြဦးမှာပါ။
တကယ်တန်းကျတော့ ရှိသမျှ နိုင်ငံရေးပါတီတွေကို အမျိုးမျိုးသပ်ရှိုဖြိုခွဲ၊ နိုင်ငံရေးပါတီ တွေရဲ့ အရေးပါတဲ့ ခေါင်းဆောင်တွေကို ဖမ်းပြီးမှ ရွေးကောက်ပွဲ ကျင်းပ ပေးခဲ့တာပါ။ ချည်ပြီးတုတ်ပြီး အပိုင်တွက်ထားတဲ့ ရွေးကောက်ပွဲမှာ ပြည်သူလူထုတရပ်လုံးက NLDကို တခဲနက် ထောက်ခံလိုက်တဲ့ အခါကျမှ ပြူးတူးပြဲတဲဖြစ်ပြီး ဦးစောမောင်ကို ဖြုတ်ချလို့ ဦးသန်းရွှေနဲ့ အစားထိုးတာပါ။
တနည်းဆိုရင် ဦးစောမောင် ပြောချင်တာပြောခဲ့တာတွေကို နောက်လူတွေ တာဝန်ခံမှာ မဟုတ်ဘူးဆိုတဲ့ သဘောပါ။ ကိုယ်ပြောတဲ့ စကားတောင် ကိုယ်တာဝန်မယူနိုင်တဲ့ လူတွေက သူတို့ကိုယ် သူတို့ အစိုးရလို့ ဆိုချင်ကြပါသေးတယ်။
နောက်တခါ ROAD MAP (၇)ချက်ဆိုတာကို ဦးခင်ညွန့်က ရေးဆွဲပြီး အမျိုးသား ညီလာခံကို ကျင်းပလို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲကြပြန်ပါတယ်။ ရပ်လိုက် သွားလိုက်နဲ့ အချိန်ဆွဲ လုပ်လာတဲ့ အဲဒီညီလာခံတောင် မပြီးသေးဘူး အချင်းချင်း စားခွက်လုရင်း ဦးခင်ညွန့် ပြုတ်သွားပြန်ပါတယ်။ သူလုပ်ခဲ့တာတွေ အားလုံးထဲက သူတို့ အကျိုးရှိနိုင်တဲ့ ဟာတွေကလွဲရင် ကျန်တာတွေအားလုံး လှစ်လျှူရှုလိုက် ပြန်ပါတယ်။
အမျိုးသား ညီလာခံကို (၁၅) နှစ်ကြာကျင်းပပြုလုပ် အားရအောင် အချိန်ဆွဲပြီးမှ သူတို့ အလိုကျ ရေးဆွဲထားတဲ့ အခြေခံဥပဒေကို အတည်ပြုဖို့ ရွေးကောက်ပွဲလုပ်ဖို့ ဆိုပြီး ကြေငြာချက်တွေ ထုတ်ပြန်တဲ့အခါ အဲဒါဟာ ကောင်းတဲ့ဘက်ကို ရှေ့ရှုတဲ့ အပြောင်းအလဲလို့ ဘယ်လိုမှ ယူဆစရာမရှိပါဘူး။
(၁) ရွေးကောက်ပွဲလုပ်ခဲ့တယ် “၁၉၈၈ မှ ၁၉၉၀ အထိ ”
(၂) အခြေခံဥပဒေရေးဆွဲ “ ၁၉၉၂ မှ ၂၀၀၇ အထိ” ပြီးမှ
(၃) လူထုဆန္ဒခံယူပွဲနှင့်ရွေးကောက်ပွဲ “၂၀၀၇ မှ ၂၀၁၀ အထိ”ဆိုပြီး န အ ဖ ကတော့ ၂၀၁၀ အထိ အချိန်ဆွဲဖို့ အဆင်သင့် ပြင်ထားပြီးပါပြီ ။
၂၀၁၀ ရွေးကောက်ပွဲပြီးရင်ရော ဘာဖြစ်လာမှာပါလဲ ? အခုလူတွေထဲက အချို့ကို ယူနီဖောင်း ချွတ်ပြီး လွှတ်တော်တက်ခိုင်း၊ နောက်က ကာကွယ်ရေးဦးစီးချုပ်က လိုသလို ကြိုးဆွဲသွားမယ့် စစ်အာဏာရှင်အလိုကျ အစိုးရကိုပဲ ကျွန်တော်တို့ ရကြမှာပါ။ ကုလားကြီးနဲ့ အရာကြီး အခေါ်ဝေါ်သာ ပြောင်းသွားမယ် ဒါကဒါပါဘဲ ။
ကျွန်တော်တို့ဖက်က လက်ရှိအခြေအနေကရောဘယ်လိုပါလဲ ?
ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင် ၊ အပါအဝင် NLD ခေါင်းဆောင်တွေ၊ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုမင်းဇေယျာစတဲ့ ကျောင်းသား ခေါင်းဆောင်တွေ၊ အရှင်ဂမ္မီရတို့လို သံဃာတော်တွေ ၊ လူမျိုးစု ခေါင်းဆောင်တွေ၊ ဒီမိုကရေစီ လှုပ်ရှားတက်ကြွသူတွေ အားလုံး ဖမ်းဆီး ချုပ်နှောင်ခံနေရဆဲပါ။ ဥပဒေမရှိပဲ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် တနှစ် သက်တမ်းတိုးလိုက် ပြန်ပါပြီ။ ဘာများ တုံ့ပြန်နိုင်ပါသလဲ?
ဒီပဲယင်းမှာ အကြမ်းဖက် သတ်ဖြတ်ခံရတဲ့သူတွေ ၊ လူမိုက်မွေးပြီး ရိုက်သတ်ခံရတဲ့ ရဲဘော်တွေ ၊ ထောင်ထဲမှာ မတရားနှိပ်စက်ခံရရင်း လက်လွန် သေဆုံးသွားသူတွေ ၊ အခုပြီးခဲ့တဲ့ စက်တင်ဘာမှာ ရိုက်နှက် သတ်ဖြတ် ၊ ဖမ်းဆီင်္းခံရသူတွေ အတွက်၊ တရားမျှတမှုတွေ ဘယ်မှာပါလဲ ?
ပြီးခဲ့တဲ့ REFERNDUM မှာ ထည့်သမျှ ကန့်ကွက်မဲတွေအားလုံးကို မဲလိမ်ပြီး ဘယ်နိုင်ငံမှာမှ မကြုံစဖူး ရာခိုင်နှုန်း(၉၀) ကျော်နိုင်ပါတယ်လို့ ကြေငြာသွားခဲ့ပြီးပြီ ။အမှန်တရားက ဘယ်မှာပါလဲ? နာဂစ်မုန်တိုင်းမွှေလို့ သိန်းချီသေပြီး သန်းချီ ဒုက္ခရောက်နေရတဲ့ ပြည်သူတွေကို ကူညီချင်ကြသူတွေ အပေါ် အမျိုးမျိုးကန့်သတ်မှုတွေ လုပ်လို့ ဒုက္ခသည်တွေကို ကူညီတဲ့ ပစ္စည်းတွေကို အမျိုးမျိုး အမြတ်ထုတ်နေကြတာ ကျွန်တော်တို့ ဘာများ လုပ်နိုင်ကြပါသလဲ? ကန့်ကွက်ရှုံ့ချရုံမှတပါး အခြားဘာမှ မလုပ်နိုင်ခဲ့ပါ။
ထိုအခြေအနေ အားလုံးအတွက် မည်သူ့တွင် တာဝန်ရှိပါသနည်း?
စီးပွားရေး နယ်ပယ်တွင်တော့ ရှင်းပါသည်။ ကုမ္မဏီကြီးတခုတွင် စီးပွားရေး ပေါ်လစီမှား၍ အရှုံးပေါ် လာခဲ့ပါလျှင် စီမံခန့်ခွဲကြသော CEO နှင့်တကွ ဘုတ်အဖွဲ့အားလုံး နှုတ်ထွက်ကြရုံသာ ရှိပါသည်။ ဥပမာတခု ဆိုရလျှင် ယခုပြုခဲ့သော REFERENDUM တွင် ကျွန်တော်တို့ ပြည်သူလူထုကို မဲရုံကိုသွား၍ ကန့်ကွက်မဲပေးကြပါဟု ဦးဆောင်မှု ပေးခဲ့သည်။ ထိုပေးခဲ့သော ကန့်ကွက်မဲ အားလုံးကို နအဖတို့က မဲလိမ်၍ ထောက်ခံမဲ လုပ်လိုက်ပါသည်။
၉၂ရာခိုင်နှုန်း ကျော်ဆိုသည်မှာ မဲရုံသို့ သွားရောက်မဲပေးသူ အားလုံးနီးပါး ဖြစ်ပါသည်။ ထိုပြည်သူလူထုမဲများ အလိမ်ခံရမှုတွင် မဲရုံသွားခိုင်းသူနှင့် မဲလိမ်သူ နှစ်ဦးတွင် မည်သူပို တာဝန်ရှိပါသလဲ?
သူခိုးကို ခေါင်းပေါင်းပေါင်း၍ တိုက်ပုံနှင့် ချိတ်ပုဆိုးဝတ်ရုံမျှဖြင့် လူကြီးလူကောင်းဟု မည်သူက ယူဆကြပါမည်လဲ? သူတိုက်ပုံတွေ ဘာတွေ ဝတ်ထားတာပဲ စိတ်ချရ ပါတယ်ဟု ပြောသဖြင့် ဂေါပကလူကြီး ခန့်မိသောအခါ ကျမှ ဘုရား အလှူငွေများ ခိုးပြေးသွားသည့်အခါ သူခိုးကို စိတ်ဆိုးရမည်လား၊ ဒါမှမဟုတ် ယုံကြည်စွာ အပ်နှံခိုင်းသူကို အပြစ်တင်ရပါမည်လား? သို့သော် တိုက်ပွဲဝင်နေကြသော ယခု အခြေအနေမှာတော့ ဘယ်သူကိုမှ အပြစ်မပုံချနိုင်ပါ၊ ဖြစ်လာသော အခြေအနေ ပေါ်တွင် အကောင်းဆုံး မည်သို့ ဆက်လက် လုပ်ဆောင်မည်ကှို စဉ်းစားရန်သာ ရှိပါသည်။
လူထုလှုပ်ရှားမှူများနှင့် တာဝန်ခံမှူ
လူထုတိုက်ပွဲများ အရှိန်မြှင့်တင်ကြသည့် အခါ အထိအခိုက် အရှအနာများစွာ ရှိပါသည်။ ရိုက်နှက်သတ်ဖြတ် ဖမ်းဆီးခံရသူများအတွက် တရားမျှတမှု ဖြစ်စေရန် ကြိုးစား ဆောင်ရွက်ပေးရ န်လှုံ့ဆော်သူတို့မှာ တာဝန်ရှိသလို၊ လှုပ်ရှားမှုများ ကြောင့် နေမရသဖြင့် ထွက်ပြေး တိမ်းရှောင်လာရသူများ အတွက် တာဝန်ယူ ရန်မှာလည်း လှုံ့ဆော်သူတို့ တာဝန်ပင် ဖြစ်ပါသည်။
ပေးဆပ်ခဲ့ရသော အသက်များ၊ ဘဝများစသည့် အရင်းအနှီးများ အတွက် တိုက်ပွဲကို ဆက်လက် အရှိန်အဟုန်မြှင့်ပြီး အောင်ပွဲရသည်အထိ တိုက်ပွဲဝင်ရန်မှာလည်း လှုံ့ဆော်သူများ၏ တာဝန်ပဲဖြစ်ပါသည်။ သို့မှသာ ယုံကြည်စွာ အသက်ပေး၊ ဘဝပေး တိုက်ပွဲဝင်ခဲ့သူတို့ အတွက် တာဝန်ကျေပါလိမ့်မည်။ ဤနေရာတွင် နိုင်ငံရေး ခေါင်းဆောင်များကို အလေးအနက်တင် ပြချင် ပါသည်။
နိုင်ငံခြား သွားချင်သဖြင့် ဆန္ဒဝင်ပြခဲ့သူ ဟူ၍ မရှိပါဟု ကျွန်တော်ရဲရဲကြီး ဆိုရဲပါသည်။ နိုင်ငံခြားသွားချင်သဖြင့် ဒီရောက်မှ ဆန္ဒပြခဲ့ဖူး သူလိုလို ရောယောင် ဟန်ဆောင်သူတို့တော့ ရှိချင်ရှိပါလိမ့်မည်။ ပြည်တွင်း၌ နေကြသူများသည် ထိုကိစ္စများကို မသိကြပါ။
လွတ်ရာနယ်မြေ ရောက်မှ ဘာနိုင်ငံရေး လှုပ်ရှားမှုမှ လုပ်ခွင့်မရကြပဲ တတိယ နိုင်ငံသွားသည့် တံခါးတပေါက်သာ ဖွင့်ထားပေးသည့် အနေထားမျိုးသည် မဖြစ်သင့်ဟု ဆိုချင်ပါသည်။ သွားချင်သူတွေ သွားကြသလို နိုင်ငံရေး ဆက်လုပ်ချင်သူတွေလည်း ရှိကြပါသည်။သို့သော် ဒီနေရာတွင် ဘာရွေးချယ်ခွင့်မှ မရပါ။
လုအမျိုးမျိုး အထွေထွေကို စီစစ်ဆောင်ရွက်ရန်၊ ထိမ်းသိမ်း စောင့်ရှောက်ရန် အတွက် ကြီးမားသော အခက်အခဲများ ရှိခဲ့မည်ဆိုသည်မှာ အသေအချာပင် ဖြစ်ပါသည်။ သို့သော် ထိုအကြောင်းပြချက် တခုတည်းဖြင့် လက်ပိုက်ကြည့် မနေသင့်ပါ။ ရှေ့ဆက်တိုက်ပွဲများတွင် ထိုသို့သော အခြေအနေများ ဆက်လက် ကြုံတွေ့ရန် ရှိပါဦးမည်။ အလေးအနက်ထား စဉ်းစားရမည့် အချက်ဖြစ်ပါသည်။
ကျွန်တော်တို့ ဘာလုပ်နိုင်ပါသလဲ?
တိုက်ပွဲကာလ နှစ်သက်တမ်း ရှည်လာတာနှင့်အမျှ အထိအခိုက် အရှအနာ အဆုံးအရှုံးတွေက များလာပါသည်။ အခြေအနေ ပြောင်းလဲနိုင်တဲ့ နိုင်ငံရေးတိုက်ပွဲ၊ လူထုတိုက်ပွဲများကို ပြင်ဆင်တဲ့အခါ ပြီးခဲ့တဲ့ အမှားတွေကို ပြန်သုံးသပ် ရှောင်ရှားရင်း အဆုံးသတ် တိုက်ပွဲကို ဘယ်လိုပြင်မလဲဆိုတာ နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍကို ယူထားသူများမှာ ကြီးလေးတဲ့ တာဝန်ရှိနေပါတယ်လို့ ဆိုချင်ပါတယ်။
ရန်သူတွင် လက်နက်အာဏာ ငွေကြေး လူအင်အားစသည်ဖြင့် ပြည့်စုံသည်မှာ မှန်ပါသည်။ နောက်တခါ နာဇီလို၊ ဖက်ဆစ်လို မိမိအမျိုးသားရေးကို ရှေ့တန်းတင် သူမျိုးပင် မဟုတ်ပဲ မိမိကိုယ်ကျိုး စီးပွားမှလွဲ၍ ဘာမှ မစဉ်းစားသည့် လိုအပ်လျှင် ဇတ်တူသားစားရန်ပင် ဝန်မလေး သည့် အာဏာရှုး စစ်အာဏာရှင်ဖြစ်ပါသည်။
ထိုအာဏာရှင်မျိုးကို ခေါင်းလေး ဝင်ပါရစေဦးဆိုသည့် ကုလားအုတ်ပုံပြင် ဇာတ်လမ်းမျိုးဖြင့် ချဉ်းကပ်လျှင် ခေတ်သစ် ကုလားအုတ် ပုံပြင်ထဲကလို အသားပေါ်ခံရရုံသာ ရှိပါသည်။ ထိုလူအမျိုးအစားတွေကို ခဏတဖြုတ် အသုံးကျချိန်တွင် သုံး၍ မလိုချိန်မှာ ချနင်းပစ်လိုက်မှာ အသေအချာပါ။ ရှေ့က ကြိုးစားခဲ့ဘူးသူများကို ကြည့်ပါ။ ဇတ်တူသားစားသည့် သာဓကများကို ကြည့်ပါ။ လက်ရှိ ဝံသာနုNLDလို လူမျိုးတွေ၊ အေးလွင်တို့လို လူမျိုးတွေ၊ ငါးမင်းဆွေတို့လို လူမျိုးတွေ စသည့် ဖော်လံဖား လူတန်းစားများပင် ဘယ်လောက်ခံမည်လဲ ဆိုတာကို စောင့်ကြည့် ပါဦး။
သို့သော် အင်အားကြီးမားသည် ဆိုတိုင်း ကြောက်စရာမဟုတ်ပါ။ လူထု ထောက်ခံမှူမရသော ဘယ်လို မတရားအစိုးရများမှ ရေရှည် မတည်တံ့နိုင်ပါ။ ခိုင်မာသော နိုင်ငံရေး ဦးဆောင်မှူ နောက်တွင် ပြည်သူလူထုများ ညီညွတ်စွာ လိုက်ပါ ဆောင်ရွက်ကြရန်သာ လိုပါသည်။
ဥပမာတခု တင်ပြလိုပါသေးသည်။ တောထဲတွင်အင်အား ကြီးမားလှပါသည် ဆိုသော တောဆင်ရိုင်း အုပ်လိုက်ကြီးပင် တောခွေး ကျင်ငယ်ရည်နံ့ ရသည်နှင့် တဆတ်ဆတ် တုန်အောင် ကြောက်ကြရှာပါသည်။ ဆင်နှင့် တောခွေးများ အကောင်ချင်း ယှဉ်လျှင် နှိုင်းစရာပင် မရှိပါ။
သို့သော် တောခွေးများ၏ ညီညွတ်ခြင်းကို ကြောက်ကြခြင်း ဖြစ်ပါသည်။၎င်းတို့သည် ဆင်ဖြစ်စေ၊ ကျားဖြစ်စေ ၊ မည်သည့် သတ္တဝါဖြစ်စေ တိုက်ခိုက် သတ်ဖြတ်ရန် ဝန်လေးခြင်းမရှိပါ။ သူတို့ သတ်ကွင်းအတွင်း ဝင်လာသည့်အခါ ကျင်ငယ်ရည်ပန်းသည့် အကောင်ကပန်း၊ ရှေ့ကဝင်သည့် အကောင်ကဝင်၊ နောက်ကဆွဲသည့် အကောင်ကဆွဲ၊ အပေါ်မှ ခုန်ချသည့် အကောင်ကချ၊ ရေဆီမရောက်အောင် လမ်းလွှဲသည့် အကောင်က လွှဲဖြင့် နောက်ဆုံး ဆင်ကြီး ဘုန်းဘုန်းလဲကျမှ အောင်သေအောင်သား စားကြပါသည်။
သူတို့တွင် မတိုက်ခိုက်ခင်မှာ ဆင်သေရင် ဘယ်အပိုင်းကိုမှ ငါကယူမယ် ဆိုပြီး ကြိုတင် ဝေပုံချ ထားခြင်းလဲ မရှိပါ။ ငါက အုပ်စုခေါင်းဆောင်မို့ ဝမ်းတွင်းသားတွေကို ငါ့သားသမီးတွေ အတွက် ယူသွားမယ်ဆိုတဲ့ ခေါင်းဆောင်မျိုးလဲမရှိပါ။ ငါကတော့ အန္တရယ်များတဲ့ နှာမောင်းနေရာမှာ နေရလို့ သူကတော့ အနောက်ကပဲ ဝင်ဆွဲလို့ စသည်ဖြင့်လဲ မကွဲပါ။ ဆင်ကောင်ကြီးမှ မသေသေးခင် စားအိုးစားခွက်တွေ ကြိုပြင်ထားတဲ့ အကောင်တွေလဲ မရှိပါ။ တိုက်ပွဲမှာ အချောင်ခိုနေပြီး ဆင်သေချိန်ကျမှ ခေါင်းပေါ် တက်ထိုင်တတ်တဲ့ အကောင်မျိုးလဲ မရှိပါ။ ဒီတိုက်ပွဲမှာ ဆင်ကြီးမသေလို့ စိတ်ဆိုးသွားရင်ငါတော့ မလွယ်ဘူးဆိုပြီး စိတ်ဆိုးအောင် မလုပ်ပဲ နေတဲ့ အကောင်လဲ မရှိပါ။
သူတို့သိသည်မှာ သူတို့ သတ်ကွင်းပြင်ထားသည့် နေရာသို့ ဝင်လာသည့် မည်သည့် သားကောင်မဆို အပြီးအပြတ် ချေမှုန်းစားသောက်ပြီး မျိုးဆက်ကို ထိန်းသိမ်းရန်သာ ဖြစ်ပါသည်။ အရိုင်းဥပဒေမှာတော့ တောခွေးတွေကို သူတို့ရဲ့ စုစည်း ညီညွတ်မှုကြောင့် တောဘုရင်ဆိုတဲ့ အကောင်ကြီးတွေတောင် ဖိန့်ဖိန့်တုန်အောင် ကြောက်ကြရပါသည်။ ကျွန်တော်တို့ဟာ တောခွေးတွေထက် အဆပေါင်းများစွာ အသိဥာဏ် မြင့်မားသော လူသားများ ဖြစ်ကြပါသည်။ မြန်မာပြည်ရဲ့ များစွာသော ပြည်သူလူထုက နအဖကို လက်မခံဘူး ဆိုတာ ၁၉၉၀ပြည့် ရွေးကောက်ပွဲနဲ့ သက်သေပြပြီးပါပြီ။ ငြိမ်းချမ်းစွာ ဆန္ဒဖေါ်ထုတ်တဲ့ နည်းလမ်းများစွာနဲ့ သက်သေပြခဲ့ပြီးပါပြီ။
၂၀၀၇ စက်တင်ဘာလက ဖြစ်ပွားခဲ့တဲ့ သံဃာတော်များနဲ့ ကျောင်းသား ပြည်သူများရဲ့ ရွေဝါရောင် တော်လှန်ရေးကြီးဟာ ကမ္ဘာသိပါ။ နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း မြန်မာပြည်သူတွေနဲ့ တသားတည်းရှိတဲ့ အကြောင်း ဆန္ဒတွေ ထုတ်ဖေါ်ပြခဲ့ပြီး ဖြစ်ပါတယ်။
မဖြစ်လာနိုင်သေးတဲ့ ကုလသမဂ္ဂတပ်ကြီးတွေ၊ အမေရိကန်တပ်ကြီးတွေ ဝင်လာဖို့ကို စိတ်ကူးမယဉ်တာ ပိုကောင်းပါတယ်။ ကိုယ့်အားကိုယ်ကိုးပြီး ကျွန်တော်တို့ တကယ်ညီညွတ်ဖို့သာ လိုပါသည်။
အနှစ်နှစ်ဆယ်မှသည်
အနှစ်နှစ်ဆယ် ပြည့်တော့မယ့် အချိန်မှာ ပြည်သူလူထုတွေ အတွက် အလိုအပ်ဆုံးအရာကို ပြောရမယ်ဆိုရင် အရည်အသွေးပြည့်ဝတဲ့ ခေါင်းဆောင်မှုနဲ့ ပီပြင်တဲ့ နိုင်ငံရေး ဦးဆောင်မှုဟာ အရေးတကြီး လိုအပ်နေပါတယ်။ အဲဒီနောက်က ဒီမိုကရေစီအရေး လှူပ်ရှားသူအားလုံးရဲ့ ညီညွတ်မှုနဲ့ လူထုအင်အား ပေါင်းစပ် လိုက်မယ်ဆိုရင် မအောင်မြင်စရာ မရှိဘူးလို့ ဆိုချင်ပါတယ်။
အတွေ့အကြုံ၊ အတွေးအခေါ် ကြီးမားတဲ့ ကျွန်တော်တို့ရဲ့ နိုင်ငံရေး ဦးဆောင် ပုဂ္ဂိုလ်များဟာ ပိုပြီးမြင်နိုင် ဦးဆောင်နိုင်မယ်ဆိုတာ ယုံကြည်ပါတယ်။ ကျွန်တော်တို့မှာ ဒေါ်အောင်ဆန်းစုကြည် တို့လို မြန်မာသိ ကမ္ဘာသိ လူထု ခေါင်းဆောင်တွေ ရှိပါတယ်။ ဒါပေမယ့် အဲဒီ လူထု ခေါင်းဆောင်တွေ ချမှတ်ထားတဲ့ နိုင်ငံရေး ဦးဆောင်မှူ လမ်းကြောင်း အတိုင်း သူတို့ ဖမ်းဆီး ခံနေရချိန်မှာ ဆက်လက် အကောင်အထည် ဖေါ်ပေးမယ့်၊ ဦးဆောင်မှူပေးမယ့် ခေါင်းဆောင် ကောင်းတွေ လိုပါတယ်။
စက်တင်ဘာ အရေးအခင်း ပြီးကာစမှာ အမေရိကန်လူမျိုး မိတ်ဆွေတဦးက ကျွန်တော့်ကို မေးဘူးပါတယ်။ စက်တင်ဘာ အရေးတော်ပုံကြီး ဘာလို့ အခြေမှုန်းခံရလဲ ဆိုတာနဲ့၊ ဘယ်လို အခြေအနေမျိုးဆိုရင် အနိုင်ရနိုင်မလဲ ဆိုတာပါ။
သူမေးတဲ့ စိတ်ဝင်စားစရာ မေးခွန်းတွေကို ဖေါ်ပြပေးချင်ပါတယ်။
(၁) သံဃာ့နာယက အဖွဲ့ခေါင်းဆောင်တွေ ပူးပေါင်းလာရင် အနိုင်ရနိုင်မလား?
(၂) အခြားဘာသာရေး ခေါင်းဆောင်များ ပူးပေါင်းပါဝင်လာရင် အနိုင်ရနိုင်မလား?
(၃)စစ်တပ်က ပူးပေါင်းလာမယ်ဆိုရင် အနိုင်ရနိုင်မလား? အနိုင်ရနိုင်မယ် ဆိုရင် ဘယ်အဆင့် လောက်ထိ ပူးပေါင်း ဆောင်ရွက်မှုလိုမလဲ၊ ဥပမာ အောက်ခြေ အဆင့် အထိလား၊ စစ်ဗိုလ်အဆင့်လား၊ ဒုဗိုလ်မှုးကြီးအဆင့်လား၊ ဒါမှမဟုတ် လက်ရှိ အုပ်ချုပ်ရေးပိုင်း ထဲက တယောက်ယောက် ပါဝင်ပူးပေါင်းဖို့ လိုလားစတဲ့ မေးခွန်းတွေပါ။
ကာယကံရှင်ဖြစ်တဲ့ ကျွန်တော်တို့ တတွေဟာ ဒီထက်မက ကိုယ့်ကိုကိုယ် မေးခွန်းတွေ ထုတ်ဖို့ လိုပါလိမ့်မယ်။ ဘဝတွေ အသက်တွေနဲ့ ရင်းရတဲ့ တိုက်ပွဲတွေအတွက် အပြန်ပြန် အလှန်လှန် သုံးသပ်ဖို့ လိုပါလိမ့်မယ်။
ကျွန်တော့်အနေနဲ့ အချုပ်ဆိုရရင်တော့ ပီပြင်တဲ့ နိုင်ငံရေး ဦးဆောင်မှုနဲ့ လူထုအင်အား (ဆရာလူထုဦးစိန်ဝင်း စကားနဲ့ပြောရရင် PEOPLE POWER) နဲ့ ညီညွတ်မှုသာ အဆုံးသတ်တိုက်ပွဲကို အဆုံးအဖြတ်ပေးလိမ့်မယ် ဆိုတာပါပဲ။
ဘယ်လို အသွင်မျိုးနဲ့ လူထုတိုက်ပွဲလဲ၊ ဘယ်အတိုင်းအတာ အထိ တိုက်ကြမလဲ ဘယ်လိုပုံစံမျိုးနဲ့ ဖေါ်ဆောင်ကြမလဲ ဆိုတာကိုတော့ နိုင်ငံရေးဦးဆောင်သူတွေ ဆုံးဖြတ်ပေးရမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူတွေက သူတို့အတွက် ဒီမိုကရေစီ ဖေါ်ဆောင်ဆောင်ပေးနိုင်မယ်လို့ ယူဆသူတွေကို သူတို့ဆန္ဒနဲ့ ရွေးချယ်ထား ပြီးသားပါ။ ပြတ်သားတဲ့ မူတရပ်နဲ့ အတူ လူထုကို ဦးဆောင်ကြ စေချင်ပါတယ်။
အနှစ်နှစ်ဆယ်မှသည် အဆုံးသတ် တိုက်ပွဲဆီသို့ ကျွန်တော်တို့ ဦးတည်မလား? အနှစ်နှစ်ဆယ်မှသည် အင်ဖန်နတီဆီသို့ ဦးတည်မလား? ဆိုတာ ရွေးချယ်ကြဖို့ အချိန်ကျ ရောက်ပါပြီလို့ တင်ပြလိုက်ရပါတယ်။
ဤဆောင်းပါးကို ၂၀၀၈ခုနှစ် ဂျွန်လ ၃၀ရက်နေ့က ဤဘလော့တွင် ဖေါ်ပြခဲ့ပြီးဖြစ်ပါသည်။
D-Wave