8.03.2008

စာရေးဆရာ ဗေဒင်ဆရာ မင်းသိင်္ခင်္ကွယ်လွန်မြန်မာပြည်ကောင်းဖို့နီးပြီဟု မကွယ်လွန်ခင်ပြောခဲ့



၁ သြဂုတ် ၂၀၀၈

စာရေးဆရာ ဗေဒင်ဆရာ မင်းသိင်္ခ အသက် (၇၀) နှစ်သည် ယနေ့နံနက် (၆) နာရီက ရန်ကုန်မြို့ သုခ ကမ္ဘာ အထူးကုဆေးခန်း၌ နှလုံးသွေးကြောရပ် ရော ဂါဖြင့် ကွယ်လွန်သွားသည်ဟု ၎င်း၏ တပည့်သား ချင်းများက ပြောသည်။
နှလုံး၊ သွေးတိုး၊ ဆီးချို ရောဂါများ ခံစားနေရသူ မင်းသိင်္ခသည် ဇူလိုင် (၄) ရက်က ဆေးရုံတက် ရောက်ကုသခဲ့ရပြီး ဆီးကြောပိတ်ကာ ခြေထောက် ဖြတ်ရမည့် အခြေအနေနှင့် ကြုံတွေ့ခဲ့ရသော်လည်း ကျန်းမာရေး ပြန်ကောင်းလာကာ (၁၅) ရက်နေ့ကမှ ဆေးရုံမှ ပြန်ဆင်းလာခဲ့သည်။
မင်းသိင်္ခ၏ တပည့်ရင်းတဦးဖြစ်သူ မင်းသိမ်းခိုင်က “ဆေးရုံကနေ ပြန်ဆင်းလာပြီးတော့ ခြံကို ပြန်ရောက်လာတယ်။ မနေ့က မနက်ကမှ ထူးထူးဆန်းဆန်း စကားတွေပြောတယ်။ ငါ ထွက်တော့ မယ်တဲ့။ ငါ့အခန်းထဲကို ပို့တဲ့။ အခန်းထဲ ရောက်တာနဲ့ ငါပြီးပြီတဲ့။ အဲလို့ပြောပြီး အခန်းထဲ ၀င်သွား တယ်။ ဒီနောက် ရုတ်တရက် အခြေအနေဆိုးလာလို့ မနေ့ကမနက်က ဆေးခန်းကို ပို့လိုက်တာ။ (၁) ရက်ပဲကြာတယ် နှလုံးရပ်ပြီး ဆုံးသွားတာ” ဟု ခေတ်ပြိုင်သို့ ပြောသည်။
မင်းသိင်္ခသည် မှော်ဘီမြို့နယ် မရမ်းတလင်းကျေးရွာရှိ အယူတော်မင်္ဂလာခြံဝင်းအတွင်း၌ နေထိုင် ကာ ဗေဒင်၊ လက္ခဏာ၊ ဂမ္ဘီရ ပညာရပ်များကို တပည့်တပန်းများစွာဖြင့် ဟောကြားပေးနေသူဖြစ်ပြီး ထင်ပေါ်ကြော်ကြားသူတို့အတွက် နာမည်အပေးကောင်းသူတဦးဖြစ်သည်။
အိန္ဒိယနိုင်ငံ ကာလကတ္တား တက္ကသိုလ်က ပေးအပ်သည့် ရိုးရာဗေဒင်ပညာ ပါရဂူဘွဲ့နှင့် မြန်မာမင်း (၁၂၂) ပါး၏ကံကြမ္မာ ကျမ်းစာအုပ်ဖြင့် နက္ခတ်ဗေဒပါရဂူဘွဲ့ (၂) ခုရရှိထားပြီး ဆုသွားရောက် လက်ခံ မရယူခင် ကွယ်လွန်သွားခြင်းဖြစ်သည်။
ဆရာမင်းသိင်္ခသည် ရှစ်လေးလုံးအရေးအခင်းတွင် လူထုနှင့်အတူ တက်ကြွစွာ ပါဝင်ခဲ့ပြီး စစ်အစိုးရ ကို ဝေဖန်တိုက်ခိုက်သည့် ဟောပြောမှုကြောင့် အာဏာသိမ်း န၀တ စစ်အစိုးရ၏ ထောင်ဒဏ်အနှစ် (၂၀) ချမှတ်ခံခဲ့ရသော်လည်း နှစ်ပြည့်မနေရခင် ပြန်လွတ်လာခဲ့သည်။
မြန်မာ့နိုင်ငံရေး အခြေအနေနှင့် ပတ်သက်၍ ဆရာမင်းသိင်္ခ၏ ပြောကြားချက်ကို ၎င်း၏ တပည့် ဖြစ်သူ ဆရာ ဇင်ယော်နီက “မြန်မာနိုင်ငံ ကောင်းခါနီးပြီ။ အဲဒါကို သူမီချင်သေးတယ်၊ ကြည့်ချင် သေးတယ်ဆိုတဲ့စကားမျိုး သူပြောပါတယ်။ လွန်ခဲ့တဲ့ (၁) လ၀န်းကျင်လောက်က ပြောသွားတာ” ဟုပြောသည်။
မင်းသိင်္ခသည် မနုစာရီ ၀တ္ထုဖြင့် စာပေလောကသို့ ၀င်ရောက်ခဲ့ပြီး မကွယ်လွန်ချိန်အထိ ဗေဒင်ကျမ်း စာအုပ်များအပါအ၀င် လုံးချင်းစာအုပ်ပေါင်း (၁၀၀) ကျော် ရေးသားထုတ်ဝေခဲ့သည်။ ၁၉၇၆ ခုနှစ်တွင် 'မနုစာရီ' လုံးချင်းဝတ္ထုကြီးကို စတင်ထုတ်ဝေခဲ့သည်။ ကောင်းမွန်စွာ အောင်မြင်မှု မရရှိခဲ့ပေ။ သို့သော် ဒုတိယအကြိမ် ရိုက်နှိပ်သောအချိန်၌ အောင်မြင်မှု အကြီးအကျယ်ရရှိခဲ့သည်။ 'ဆားပုလင်းနှင်းမောင်' လုံးချင်းဝတ္ထုများ တအုပ်ပြီးတအုပ် ထွက်လာခဲ့သည်။
မြန်မာစာဖတ်ပရိသတ်များအတွက် 'ဆားပုလင်းနှင်းမောင်' သည် မြန်မာရှားလော့ဟုမ်း ဖြစ်လာ ခဲ့သည်။ မင်းသိင်္ခ၏ အခြားလူကြိုက်များသော ဇာတ်လိုက်များမှာ 'ပုဏ္ဏားဘကွန်း' နှင့် စနေမောင်မောင်' တို့ဖြစ်သည်။
၎င်းကွယ်လွန်ချိန်၌ ဇနီးဟောင်း ဒေါ်အေးအေးနှင့် သားတဦးတို့ ကျန်ရစ်သည်။ ၎င်း၏ ဈာပနကို သြဂုတ် (၅) ရက်နေ့တွင် ရေဝေးသုသာန်၌ ဂူသွင်းသင်္ဂြိုဟ်ရန် အစီအစဉ်ရှိ ကြောင်းသိရသည်။ ။

မင်းသိင်္ခ
ဆားပုလင်းနှင်းမောင်ကို ဖန်တီးခဲ့သူ စာရေးဆရာကြီး မင်းသိင်္ခသည် အသက် ၇၀ အရွယ် သြဂုတ် ၁ ရက်၊ ၂၀၀၈ ခုနှစ်တွင် ကွယ်လွန်သွားပြီ ဖြစ်သည်။ စာရေးကောင်း၊ စကားပြောကောင်းပြီး စိတ်ကူးယဉ် ၀တ္ထုများကို တကယ်ရှိလေဟန် ဆက်ဟပ် ဖန်တီးခဲ့သူ အနုပညာ မှော်လက်ပိုင်ရှင် မင်းသိင်္ခမှာ နက္ခတ် ဗေဒင် ဟောပြောရာတွင်လည်း တမူထူးခြားစွာ ဂိုဏ်းတခု ထူထောင်နိုင်ခဲ့သူ ဖြစ်သည်။သူ၏ ထူးထူးခြားခြား လုပ်ဆောင်ချက်များက ဝေဖန်ခံရမှုများနှင့် လွတ်ကင်းသည်တော့ မဟုတ်ပါ။ ၁၉၈၈ ခုနှစ် ၈၈၈၈ အရေးတော်ပုံတွင် ထင်ရှားသော ဦးဆောင်မှုကြောင့် ဖမ်းဆီး ထောင်ကျခံခဲ့ရဖူးသည်။ ထောင်မှ လွတ်မြောက်လာပြီးနောက် နကတ် ဗေဒင် ဟောပြောမှုကို အားစိုက် လုပ်ဆောင်ခဲ့ပြန်ရာ ထင်ရှားလာပြန်သည်။ သူ၏ နောက်ပိုင်း စာအရေးအသားများတွင်လည်း ဗေဒင်ပညာရပ်ဆိုင်ရာများ လွန်ကဲခဲ့သည်။ ထို့နောက် ဂန္ဓာရီ လှည့်လည်သည်ဆိုကာ ထိုစဉ်အခါက တန်ဖိုးကြီးကားဖြင့် နိုင်ငံအ၀ှမ်း လှည့်လည်ပြီး ဘာသာရေး ကိစ္စများ လုပ်ခဲ့သည်။ သေဆုံးသည်အထိ မှော်ဘီမြို့နယ် မရမ်းသလင်းခြံတွင် နေထိုင်သွားခဲ့ပြီး ဗေဒင် သင်ကြားမှုများ လုပ်ခဲ့သည်။မင်းသိင်္ခဟု ခေါ်တွင်လာမည့် မောင်အောင်ထွန်းကို ဇွန် ၂၅ ရက်၊ ၁၉၃၉ ခုနှစ်တွင် အဖ ပန်းချီဆရာကြီး ဦးစံရှိန်နှင့် အမိ ဒေါ်တင်တင်တို့မှ မွေးဖွားခဲ့ပြီး မွေးချင်းမောင်နှမ ၇ ဦးအနက် အကြီးဆုံးသား ဖြစ်သည်။ရန်ကုန်မြို့ စိန်ပေါကျောင်းတွင် စတင် ပညာသင်ကြားခဲ့ပြီး အေဗီ ကောလိပ်ကျောင်းတွင် ဆယ်တန်းအထိ သင်ယူခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် စစ်တပ်တွင် ၀င်ရောက် အမှုထမ်းခဲ့ပြီး ငါးနှစ်ကြာသော အခါ ထွက်ခဲ့ရာ တပ်ကြပ်ကြီး အောင်ထွန်းဟုလည်း သိကြသည်။ ဆီစက် ညစောင့်ဘ၀၊ စပါးအင်စပက်တော် ဘ၀၊ ဆန်စက် မန်နေဂျာဘ၀ တို့ဖြင့် ကျင်လည်ခဲ့ပြန်သည်။ ၁၉၇၆ ခုနှစ်တွင် ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် ဗေဒင်ဆရာဘ၀ကို စတင် ထူထောင်ခဲ့ပြီး တချိန်တည်းမှာပင် မင်းသိင်္ခ ကလောင်အမည်ဖြင့် စာရေးသားခဲ့ရာ ဆားပုလင်းနှင်းမောင် ၀တ္ထုများဖြင့် လူသိများခဲ့သည်။ကမ္ဘာကျော် စာရေးဆရာကြီး ဆာအာသာ ကိုနင်ဒွိုင်း Sir Arthur Ignatius Conan Doyle ၏ ရှားလော့ဟုမ်း Sherlock Holmes လိုပင် မင်းသိင်္ခမှာ ကိုနှင်းမောင်ကို ဖန်တီးပြီး မြန်မာနိုင်ငံ၏ ဆာအာသာ ကိုနင်ဒွိုင်း ဖြစ်တော့သည်။ စာအုပ်ပေါင်း ၁၀၀ ကျော်ရေးသားခဲ့ပြီး မနုစာရီ၊ ပုဏ္ဏားဘကွန်း၊ စနေမောင်မောင် ၀ထ္ထုများမှာ ပရိတ်သတ်များအကြား စွဲထင် ကျန်စေခဲ့သည်။၁၉၇၈ ခုနှစ်တွင် ရန်ကုန်မြို့တွင် ဗေဒင်ဟောခြင်းကို မိတ်ဆက်ခဲ့သည်။ နိုင်ငံရေးကြောင့် ထောင်ကျရာ ထောင်အတွင်း လူငယ်များကို သူ၏ ဗဟုသုတ ပြောကောင်းသူ တယောက်အဖြစ် သိခဲ့ကြသည်။ ထောင်မှလွတ်ပြီးနောက် ၁၉၉၇ ခုနှစ် မတ်လ ၂၅ ရက်နေ့ သန်းခေါင်ယံအချိန်မှစကာ လုပ်လက်စအလုပ်များ ရပ်တန့်ပြီး ဂန္ဓာရီ ထွက်ရာ သုံးနှစ် ကြာမြင့်ခဲ့သည်။ ၂၀၀၉ ခုနှစ်အတွက် အိန္ဒိယနိုင်ငံ၊ ကာလကတ္တား တက္ကသိုလ်က ချီးမြှင့်သည့် နက္ခတဗေဒ ပါရဂူဘွဲ့ကို "မြန်မာမင်း (၁၂၂) ပါး၏ ကံကြမ္မာ" ကျမ်းစာအုပ်ဖြင့် ရရှိထားသူလည်း ဖြစ်သည်။