9.09.2010

ခေါင်ကယ်ပိုက်စက်ရုံ အလုပ်သမားများ ယာယီပတ်စပို့နှင့် Work Permit အခွင့်အရေးတောင်းဆို

စက်တင်ဘာ ၉
ထိုင်း/လာအို နယ်စပ်တွင်ရှိသော ရေလုပ်ငန်းသုံး ပိုက်စက်ရုံတွင် မြန်မာအလုပ်သမား ၆ဦးအား အလုပ် ထုတ်ပယ်ရာမှ ရာချီသော အလုပ်သမားများ မိမိအခွင့်အရေးအတွက် တောင်းဆန္ဒပြမှု ၂ရက် ဆက်တိုက် ဖြစ်ပေါ်နေသည်။
DECHAPANICH FISHING NET FACTORY LTD PART အမည်ရှိစက်ရုံတွင် ယမန်နေ့က အမျိုးသမီး ၂ယောက်နှင့် အမျိုးသား၎ဦးတို့အား ၇.၉.၂၀၁၀နေ့ နေ့လည်၁၂နာရီခန့်တွင် အလုပ်ထုတ်ပယ်ကြောင်း အလုပ်သမားနံပါတ်၊ အမည်၊ အခန်းနံပါတ်တို့အား ရေးပြီး အလုပ်ရုံ ရုံးခန်းတွင် မြန်မာစာဖြင့် ရေးကပ်ထားသည်။ အဆိုပါ အလုပ်ထုတ်ပယ်ကြောင်း ရေးထားသည့် စာရွက်တွင် ညနေ၅ရီတွင် အလုပ်ရုံ အတွင်းမှ ထုတ်ပယ်ထားသည့် အလုပ်သမားများ ထွက်ခွာသွားရမည်ဖြစ်ကြောင်း ရေးသားထားသည်။
Photobucket
အလုပ်ထုတ်ခံရသည့် အလုပ်သမားများ
အလုပ်သမား ခေါင်းဆောင် ကိုသီဟ က “ ကျနော်တို့ လက်ထဲမှာ တစ်ပြားမှမရှိဘူး။ လမ်းစရိတ်လည်း မရှိ ဘူး၊ အလုပ်ထုတ်မယ် ဆိုတာကို ကြိုသိရင်လည်း တစ်မျိုးပေါ့နော်။ ခုဟာက နေ့လည် ၁၂နာရီ ထမင်း စားချိန်မှာ စာကပ်တယ်။ ညနေ၅နာရီမှာ စက်ရုံက အပြီးထွက်ခွာပေးရမယ် ဆိုတော့ ကျနော်တို့လည်း တော်တော်အခက်ကြုံ သွားတာပေါ့နော်။ ကျနော့်လည်း အဆင့်ဆင့် စုံစမ်းတော့ ဘန်ကောက်က အလုပ် သမားအရေး လုပ်နေတယ်ဆိုတဲ့ ဦးကျော်သောင်းဆိုသူကို အကူအညီတောင်းတယ်၊ အဲဒီဦးလေးလည်း ချက်ချင်းဆိုသလို ကူညီဆောင်ရွက်လိုက်တာ ညနေ၄နာရီမှာ ကျနော်တို့ လုပ်အားခ ကျန်ငွေတွေ အားလုံးကို ရတယ်။ ဆ၀ါဒီကန်ရုံးက လာရောက်ပြီးတော့ အလုပ်ရုံကလူကြီးကို ကျနော်တို့ အတွက် ပတ်စပို့ တွေကို ပေးဖို့ လာရောက် ပြောကြားသွားခဲ့တယ်” ဟု ပြောသည်။
နံနက် ၈နာရီကျော်တွင် စက်ရုံတာဝန်ရှိသူများက အလုပ်ထုတ်လိုက်သည့် အလုပ်သမားများအတွက် ယာယီ
ပတ်စပို့နှင့် Work Permit တို့ကို ပေးအပ်ခဲ့သည်။ ယာယီပတ်စပို့တွင် အပြာရောင်မင်ဖြင့် Cencel ဟုရေး
ထိုးထားသည်။ Work Permit တွင်မူ နာမည်နှင့် လူမှာ တခြားစီဖြစ်နေသည်ကို တွေ့ရှိခဲ့ရသည်။ ထိုင်း နိုင်ငံရောက် မြန်မာနိုင်ငံသားများ အသင်းက အလုပ်သမားများထံမှ လိုအပ်သော သတင်း အချက်အလက် အထောက်အထားများကို ဖုန်းကင်မရာဖြင့် ရယူခဲ့ပြီးနောက် ဆက်သွယ် ဆောင်ရွက်နေသော ဖန်င အခြေစိုက် FED ၊ ချင်းမိုင်အခြေစိုက် MAPနှင့် ခေါင်ကယ် အခြေစိုက် အလုပ်သမား အရေး ဆောင်ရွက် သည့် အဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးနှင့် ဆာဝဒီကန်မှ တာဝန်ရှိသူတို့ ညှိနှိုင်းခဲ့ကြသည်။
Photobucket
နာမည်နှင့်လူ အလွဲလွဲအမှားမှား ဖြစ်နေပြီး Cancel ဟု မှင်ဖြင့်အရေးခံရသည့် အလုပ်သမားလက်မှတ်များ
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အသင်းမှ စည်းရုံးရေးနှင့် အမျိုးသမီးရေးရာ ဌာနမှူး ဒေါ်သက်သက်ဦးက “ကျမတို့ ဒီစက်ရုံက ကိစ္စကို စနစ်တကျဖြစ်အောင် စီစဉ်ပြင်ဆင်နေတာ လပေါင်း အတော်ကြာပြီ။ ရှင်းရှင်း ပြောရရင် အောက်တိုဘာလ ၁၀ရက်နေ့မှာ တနှစ်ပြည့်မယ့် အလုပ်သမား၂၀၀ ကိစ္စကို ယာယီပတ်စပို့ ကိုင်ဆောင်ရေးအတွက် ဥပဒေဘောင်အတွင်းက လုပ်ဖို့အတွက် ANM လို့ခေါ်တဲ့ အလုပ်သမား ကွန်ယက်မှာ တင်ပြပြီးဖြစ်ပါတယ်။ ဒီလိုစီစဉ်နေတုန်းမှာပြီးခဲ့တဲ့ ၇ ရက်နေ့က ကိုသီဟတို့ ၆ယောက် အုပ်စုကို အလုပ်ထုတ်လိုက်တော့ မမျှော်လင့်ပဲ အရေးပေါ် ဖြစ်သွားတယ်။ စက်ရုံက လုပ်ပုံက အယင်တုန်းကလို လုပ်ချင်သလို လုပ်လို့ရမယ်ထင်လို့ လုပ်လိုက်တာ၊ ကျမတို့အဖွဲ့က ပြင်ဆင် စောင့်ဆိုင်း နေပြီး ဖြစ်တော့ သူတို့ပေးလာတဲ့ ယာယီပတ်စပို့ စာအုပ်မှာ အလုပ်ရုံက cancel ဆိုပြီး ရေးထားတယ်။ ထိုင်း နိုင်ငံမှာ အလုပ်ကိုင်ခွင့်ကဒ်မှာ ဓါတ်ပုံတခြား ကဒ်မှာပါတဲ့ နာမည်က တခြား ဖြစ်နေတယ်”ဟု ပြောသည်။
အလုပ်သမားများအား ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအသင်း BATသို့ ဓါတ်ပုံများပေးပို့ခဲ့ပြီး အတု အစစ်ကို ခွဲခြားပြီး ပြန်လည်ပြီး လိုအပ်သည်သည်များကို ဆက်လက်ညွှန်ကြားခဲ့သည်။
၈ရက်နေ့ ညဥ့်၁၁နာရီခန့်တွင် စက်ရုံအတွင်း ထိုင်းရဲများ လာရောက်ဖမ်းဆီးမည် ဆိုသောကြောင့် မြန်မာ အလုပ်သမားများမှာ မအိပ်ရဲ ဖြစ်နေကြသဖြင့် BAT အဖွဲ့မှ ဖုန်းကွန်ဖရင့်လုပ်ပြီး အလုပ်သမားအား အလုပ် ပြန်ဆင်းရန်၊ မစိုးရိမ်ရန်၊ စက်ရုံအတွင်းတွင် စုစုစည်းစည်း နေထိုင်ရန်နှင့် လိုအပ်သည်များကို ပြောဆို ခဲ့သည်။ သို့ရာတွင် အလုပ်သမားများမှာ ယာယီပတ်စပို့ ကိုင်ဆောင်ခွင့်မရရှိခြင်း၊ ရပြန်တော့လည်း နဂိုအတိုင်း ရရှိခြင်းမရှိ ဖြစ်နေခြင်းတို့ကြောင့် အလုပ်ကို ဆက်လက်လုပ်ကိုင်လိုစိတ် မရှိကြတော့ပေ။
ယနေ့ နံနက်ပိုင်းက ချင်းမိုင်အခြေစိုက် MAP ဖေါင်းဒေးရှင်းမှ တာဝန်ရှိသည့် မြန်မာဝန်ထမ်း တစ်ဦးနှင့် ထိုင်းဝန်ထမ်း တစ်ဦးတို့က သွားရောက်ခဲ့သည်။ အလားတူ ခေါင်ကယ် ကျမ္မာရေး အင်ဂျီအိုမှ အရာရှိနှင့် BAT အဖွဲ့သား၃ဦးတို့ တွေ့ဆုံပြီး လိုအပ်သည်များကို စက်ရုံအလုပ်သမားများနှင့် ဆာဝါဒီကန် (အလုပ် သမား လူမှုဖုံလုံရေးဌာန)မှ အရာရှိတို့အား အပြန်အလှန် တင်ပြ အကူအညီ တောင်းခံနေခဲ့သည်။ တချိန်တည်းတွင် MAP အဖွဲ့မှ တာဝန်ရှိသူများက အလုပ်ရုံမှ တာဝန်ရှိသူများနှင့် တွေ့ ဆုံခြင်း၊ အလုပ်မဆင်းပဲ ဆန္ဒပြနေသော အလုပ်သမားများအား မေးမြန်းမှတ်သားခြင်းများကို လုပ်ဆောင်နေသည်။
ယနေ့ညနေ ၆နာရီ သတင်းရေးသားနေချိန်အထိ အဆိုပါ စက်ရုံအတွင်းမှ ပြဿနာများမှာ လိပ်ခဲတင်းတင်း
ဖြစ်ဆဲရှိသည်။
ဆန္ဒပြနေသော အလုပ်သမားများအား ထိုင်းအလုပ်သမား  ဥပဒေအရ ၃ရက်ဆက်တိုက် အလုပ်မဆင်းပါက
အလုပ်မှ ထုတ်ပယ်မည်ဖြစ်ကြောင်း စာကပ်ထားသည်။ အဆိုပါ အလုပ်ရုံတွင် စက်ရုံမှ တရားဝင် ထုတ်ပြန်သော စာရင်းအရ မြန်မာအလုပ်သမား၂၀၁၀ဦးရှိသည်။ ယခင်က ရာပေါင်းများစွာသော အလုပ်သမားများအား မလုပ်လိုလျှင် ထွက်သွား မည်သို့သော အထောက်အထားမှ မရရှိပဲ ထွက်သွားရသည် ချည်းဖြစ်သည်။ စက်ရုံ အလုပ်သမားကဒ်ပြား အမှတ် ၀၀၀ ၀၀၇ စိုးပိုင်ဦးဆိုသည့် အလုပ်သမားအား မတရား ဖိနှိပ်ခံနေရသူများအား စုစည်းခေါင်းဆောင်နေကြောင်း အပြစ်ရှာခဲ့သည်။ ပြီးခဲ့သည့် ၂၀၁၀ နှစ်ကုန်ပိုင်းက လက်ထိပ်ခတ်ပြီး ခေါင်းကို အ၀တ်အိပ်ဖြင့်စွပ်ကာ ကြောက်လန့်အောင် ရိုက်နှက်မောင်း ထုတ်ခဲ့သည်။ ထိုသူမှာ အသက်မသေပဲ ထွက်ပြေးလွတ်မြောက်လာပြီး ယခုအခါ မဟာချိုင်တွင် အလုပ် လုပ်ကိုင်နေပြီဖြစ်သည်။
ယခု အလုပ်သမားများ ကြုံတွေ့နေရသည့် ခေါင်ကယ် ပိုက်စက်ရုံနှင့်၊ ထိုင်း/မလေးရှားနယ်စပ် ဟတ်ယိုင်မြို့ CMC ငါးသေတ္တာရုံတို့အပြင် လဘူရီနှင့် ထိုင်းနိုင်ငံ အခြားနေရာများသို့ သောင်းပေါင်း များစွာ သော လူများကို ယာယီပတ်စပို့ လုပ်ပေးလျှက် အလုပ်သမားများအား ပို့ဆောင်ပေးနေသူမှာ မဲဆောက်မြို့မှ အဘိုင်ကြီးဆိုသည့် အကြီးစား လူကုန်ကူးသူဖြစ်ကြောင်း အလုပ်သမားများ ပြောပြချက်အရ သိရှိရသည်။
ယခုကဲ့သိုပသော အလားတူ ဖြစ်ရပ်ပေါင်းများစွာ ပေါ်ပေါက်နေသော်လည်း ယာယီပတ်စပိုပ လုပ်ငန်းစဉ် မသမာမှုအတွင်း တိုက်ရိုက်ပါဝင် ပတ်သက်နေသူများအား ထိုင်းနှင့် မြန်မာအစိုးရတို့က ထိရောက်စွာ အရေးယူနိုင်ခြင်း မရှိသေးချေ။ ယာယီပတ်စပို့ လုပ်ငန်းစဉ်များအတွင်း မသာမာမှုနှင့် လိမ်လည်မှုတို့အား တိုင်းကြားရန် ဌာနတစ်ခု ဖွင့်လှစ်ပေးဖို့  ထိုင်းအခြေစိုက် လူထုအခြေပြု လူ့အဖွဲ့ အစည်းများက တောင်းဆို တင်ပြ ထားသော်လည်း ထိုင်းအစိုးရက ယနေတိုင် ဖွင့်လှစ်ထားခြင်းမရှိသေးပေ။ ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမားများ သုံးသန်းဝန်းကျင်ရှိကြောင်း အလုပ်သမားအရေး လုပ်ကိုင်သူများက ခန့်မှန်း ထားကြသော်လည်း ယာယီပတ်စပို့ လုပ်ကိုင်သူများ သိန်းကဏန်းသာ ရှိသေးသည်။ ထိုင်းအစိုးရသည် ယာယီ ပတ်စပို့ လုပ်ကိုင်မှု နည်းပါးသည်ကို အပြစ်တစ်ခုအဖြစ် ထင်မြင်ယူဆပြီး တရားဝင် နေထိုင် အလုပ်လုပ်ကိုင်ခွင့် စာရွက်စာတမ်း မပြည်စုံသူများကို ဖမ်းဆီးပြန်ပို့ရန် အထူးစီမံချက်ချ ဖမ်းဆီး နေဆဲဖြစ်သည်။ ယာယီပတ်စပို့ လုပ်ငန်းစဉ်အတွင်း အားနည်းချက် အားသာချက်များအား ထိုင်းအစိုးရ တာဝန်ရှိသူများအား ထိုင်းအခြေစိုက် အဖွဲ့အစည်း ပေါင်းစုံတို့က ထောက်ပြပြောဆိုသည်ကို လျှစ်လျှူရှုဆဲ ဖြစ်သည်။
ကိုကျော်သောင်းမှ ပေးပို့လာပါသည်။