7.15.2008

ပါမောက္ခ Mr. Noam Chomsky ၏မြန်မာနိုင်ငံဆိုင်ရာ ကောက်နုတ်ချက် - (၁၅-၇-၀၈)

အမေရိကန်နိုင်ငံ မက်ဆာချူးဆက်စက်မှုတက္ကသိုလ် ပါမောက္ခ Mr. Noam Chomsky နှင့် ထိုင်းနိုင်ငံ ဘန်ကောက်ပို့စ်သတင်းစာ မေးမြန်းခန်းမှ မြန်မာနိုင်ငံဆိုင်ရာ ကောက်နုတ်ချက် - (၁၅-၇-၀၈)
အသက် (၈၀) တန်း ရှိနေပြီဖြစ်သည့် ပါမောက္ခ Mr. Avram Noam Chomsky သည်ဘာသာဗေဒပညာရှင်၊ အတွေးအခေါ်ပညာရှင်၊ နိုင်ငံရေးလှုပ်ရှားသူ၊ စာရေးဆရာ၊ ကထိကစသည့် ဂုဏ်ပုဒ်များနှင့်ကျော်ကြားသူဖြစ်သည်။ သူ၏ စာတန်းများ၊ သဘောတရား အယူအဆများကြောင့် နိုင်ငံတကာတက္ကသိုလ် ပညာတတ်အသိုင်းအ၀န်းနှင့်သိပ္ပံပညာ အသိုင်းအ၀န်းတို့တွင် ကျော်ကြားသည့် ပညာရှင်တဦးဖြစ်သည်။
မြန်မာနိုင်ငံ ဗီယက်နမ်စစ်နှင့် လူသားအနာဂတ်ဆိုင်ရာ ကိစ္စများနှင့်ပတ်သက်ပြီး ပါမောက္ခMr.Noam Chomsky အားထိုင်းနိုင်ငံ ဘန်ကောက်ပို့စ်သတင်းစာက မေးမြန်းချက်ကို ဇူလိုင်(၁၄)ရက်ထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြထားသည်။ ထိုမေးမြန်းချက်များထဲမှ မြန်မာနိုင်ငံနှင့် ပတ်သက်သည့် အပိုင်းကို ကောက်နုတ် ဘာသာပြန်ထားခြင်းဖြစ်သည်။
မေး - ၁၉၆၂ ခုနှစ်မှာ မြန်မာပြည်ကို စစ်အစိုးရ အာဏာသိမ်းစေမယ့် လှုပ်ရှားမှုတွေမှာ အမေရိကန် အစိုးရအနေနဲ့ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်လှုပ်ရှားခဲ့တယ်လို့ ဆရာ ပြောခဲ့တယ်နော်။ ကျနော်တို့နားမလည်တဲ့ ဇာတ်ကွက်တို့၊ နောက်ကြောင်းတို့က ဘာတွေပါလဲ။ ယူကေနိုင်ငံက မြန်မာပြည်မှာ အကြီးအကျယ်ရင်းနှီးမြှုပ်နှံတာတို့၊ စောစောပိုင်းမှာ အမေရိကန်က လက်နက်ရောင်းတာတို့၊ မကြာသေးခင်က စစ်အစိုးရကို အစ္စရေးက လက်နက်ရောင်းတာတို့လိုမျိုးတွေရဲ့အကျိုးဆက်က ဘာတွေများဖြစ်မလဲ။ စစ်အစိုးရကို ရေနံနဲ့ပတ်သက်ပြီး ရှယ်ဗရွန် ရေနံကုမ္ပဏီက ဒေါ်လာတွေ သန်းပေါင်းများစွာ ထောက်ပံ့ပေးနေတာမျိုးရဲ့ အကျိုးဆက်ကရော ဘာပါလဲ။ဖြေ - ၁၉၅၀ ပတ်ဝန်းကျင်လောက်က မြန်မာအစိုးရဟာ အရွေးချယ်ခံအစိုးရအဖွဲ့နည်းနည်းထဲက အစိုးရဖြစ်ပြီး ကြားနေ၀ါဒ ကျင့်သုံးလိုတဲ့သဘောရှိတယ်။ အဲဒီအချိန် အိုင်ဆင်ဟောင်ဝါ အမေရိကန် အစိုးရကလည်း အာရှနိုင်ငံတွေကို စစ်အေးတိုက်ပွဲထဲ ဆွဲသွင်းဖို့ အားသွန်ခွန်စိုက်ကြိုးပမ်းနေတယ်။ အဲသလို အကြမ်းဖက်လုပ်ရပ်၊ အစိုးရ ဖြုတ်ချရေးလုပ်ရပ်တွေ ခြေလှမ်းကျယ်ကျယ်နဲ့ လုပ်နေမှုရဲ့ အစိတ်အပိုင်း တရပ်အနေနဲ့ ၀ါရှင်တန်အစိုးရဟာ လက်နက် ပြည့်ပြည့်စုံစုံကိုင်ဆောင် ထားတဲ့ တရုတ်ဖြူတပ်ဖွဲ့တွေကို တရုတ်နိုင်ငံတွင်း နယ်စပ်စစ်ဆင်ရေးတွေလုပ်ဖို့မြန်မာပြည် မြောက်ပိုင်းကို သွင်းပါလေရော။ ဒီကိစ္စကို မြန်မာဘက်ကတားဖို့ အစွမ်းကုန်ကြိုးစားတယ်။ ဒါပေ မယ့် တားလို့မရဘူး။ တရုတ်ဖြူတွေက မငြိမ်မသက်ဖြစ်နေတဲ့ မြန်မာပြည်မြောက်ပိုင်းက တိုင်းရင်း သား သောင်းကျန်းသူတွေကို လက်နက်နဲ့ အထောက်အပံ့တွေ ပေးတယ်။ ဒီတော့ အပြန်အလှန် အနေနဲ့ နောက်ဆုံး မြန်မာနိုင်ငံမှာ စစ်တပ်လက်ထဲ အာဏာရောက်သွားပြီးနောက်ဆုံး ၁၉၆၂ ခုမှာ အာဏာသိမ်းတဲ့ထိ ဖြစ်ခဲ့ပါတယ်။ အစိုးရဖြုတ်ချရေး လုပ်ရပ်ကို နိုင်ငံခြားရေးမူဝါဒအဖြစ် အော်ဒ ရေးနဲ့ ဂျော့ခ်ျကဟင်တို့က ဒီကိစ္စကို ဆွေးနွေးကြတယ်။ ဂျော့ခ်ျကဟင်က နာမည်ကျော် အရှေ့ တောင်အာရှ ပညာရှင်တွေထဲမှာ တယောက်အပါအ၀င်ပဲ။ အမေရိကန်ပြည်ထောင်စုက ပညာရေး စည်းမျဉ်းကို တည်ထောင်သူလို့တောင် တင်စားပြောနိုင်သူဖြစ်တယ်။ ခင်ဗျားပြောခဲ့တဲ့ အမေရိကန်၊ ယူကေနဲ့အစ္စရေးတို့ လုပ်ဆောင်ချက်တွေရဲ့ အကျိုးဆက်တွေကတော့ မြန်မာစစ်အစိုးရကိုပိုပြီး အင်အားတောင့်တင်းသွားစေတာပေါ့။ အဲဒီကိစ္စတွေကို အထူးကျွမ်းကျင်သူတွေနဲ့နိုင်ငံရေးလှုပ်ရှားသူတွေကလွဲပြီး အမေရိကန်မှာ အစီရင်ခံခဲ့တာမျိုးလည်းမရှိခဲ့ဘူး။ လူမသိခဲ့ဘူး။ ဘာဖြစ် လို့လည်းဆိုတော့ အမေရိကန်တွေက “ငါတို့ပဲကောင်းတယ်”၊“သူများတွေဆိုးတယ်” ဆိုတဲ့ အယူဝါဒစွဲနဲ့ အကဲပိုပို ကြားဝင်စွက်ဖက်တတ်လို့ပဲ။ ဒီအယူဝါဒဟာတကယ်လည်း ပြည်နယ် တိုင်းရဲ့ ၀ါဒဖြန့်ချိရေးစနစ် အုတ်မြစ်ပဲလေ။
မေး - မြန်မာနိုင်ငံမှာလူထုအုံကြွမှုကြီးဖြစ်မယ်ဆိုရင် အောင်မြင်နိုင်မယ့် အနေအထားမျိုးရှိလား။ဒါမှမဟုတ် စစ်ဗိုလ်ချုပ်တွေအနေနဲ့ အာဏာကို စွန့်လွှတ်လို့ အကျိုးအမြတ်မရှိတဲ့အတွက် ဆူပူအုံကြွတဲ့သူတွေ အသတ်ခံရမယ်လို့ ထင်လား။ဖြေ - ကျနော်ဒီမေးခွန်းကို ပိုင်ပိုင်နိုင်နိုင် ဖြေရလောက်အောင်လည်း သေသေချာချာ မသိဘူး။ဒါပေမယ့် အခုအချိန်မျိုးမှာတော့ အသတ်ခံရမယ်လို့ ထင်တာပဲ။ တဖက်က ကြည့်မယ်ဆိုရင်လည်း စစ်ခေါင်းဆောင်တွေလည်း အသက်တွေရလာပြီဆိုတော့ သူတို့အာဏာကိုပွန်းပဲ့စေမယ့်ထင်ရှား တဲ့ ဖီဆန်ရေး အင်အားစုတွေ စစ်တပ်ထဲမှာ ပေါ်လာနိုင်ပါတယ်။
မေး - ဂျော့ခ်ျဘုရှ်နဲ့ ဇနီးလော်ရာတို့က မြန်မာပြည်တွင်းပြောင်းလဲရေးအတွက် တောင်းဆိုနေတဲ့အပေါ်မှာ မရိုးသားတဲ့အချက်များတွေ့မိလား။ ဆိုင်ကလုန်းလွန်ကာလဒုက္ခခံနေရတဲ့ မြန်မာပြည်သူတွေကိုယ်စား အမေရိကန်သမ္မတဘုရှ်လုပ်ရပ်တွေဟာ အီရတ်တို့ အာဖဂန်နစ္စတန်တို့ကို ကျူးကျော်တာမျိုးဆိုတာထက် လူ့ကျင့်ဝတ်အရတရားမျှတရေးကို ပိုပြီးဇောင်းပေးတယ်လို့ ထင်ပါသလား။ဖြေ - ဘုရှ်က ယုံကြည်မှု နက်ရှိုင်းတဲ့ ခရစ်ယာန်တယောက်အဖြစ် ဟန်ပြရတာ သဘောကျတဲ့လူမျိုး။ ခရစ်တော်ရဲ့အဟောတွေကိုလည်း သူလေ့လာရင် လေ့လာခဲ့မှာပါ။ လေ့လာခဲ့မယ်ဆိုရင်ခရစ်တော်အဟောမှာ ကြောင်သူတော်ဆိုတဲ့ နာမည်ကျော် အဓိပ္ပာယ်ဖွင့်ဆိုချက်ကို သူသိမယ်။အဲဒီ ဖွင့်ဆိုချက်ကို သူ့ခေါင်းထဲမှာ ကောင်းကောင်းမှတ်ထားတာဖြစ်မယ်။ ဘုရှ်မောင်နှံအနေနဲ့သူတို့မှာ ရိုးသားမှုဆိုတာ ရှိနေရင် ရိုးသားမှုကို ပြနိုင်မယ့်နည်းလမ်းတွေ အများကြီး ရှိနေတယ်ဆိုတာ တွေးကြည့်လို့ရတာပဲ။ ဆဒ္ဒမ်ဟူစိန်အနေနဲ့ဟာလက်ဘ်ဂျာမှာ ကာ့ဒ်လူမျိုးတွေကို ဓာတ်ငွေ့ပေး သတ်တာထက် ငတ်မွတ်နေတဲ့ကလေးတွေကို ငွေကြေးနည်းနည်းပါးပါး ထောက်ပံ့မယ်ဆို လူ့ကျင့်ဝတ်အရ ပိုပြီး ဆီလျော်တာပေါ့လေ။ နာဂစ်နဲ့ အီရတ်၊ အာဖဂန်အရေးတွေမှာလည်းအလားတူ ဖြစ်ရပ်တွေ ရှိနေတာကို တွေ့ရတယ်။
မေး - မြန်မာနိုင်ငံမှာ ပြည်တွင်းအုံကြွမှု အောင်မြင်သွားမယ်ဆိုရင် တရုတ်နိုင်ငံက ဘယ်လို တုံ့ပြန်မယ်လို့ ထင်ထားလဲ။ဖြေ - တရုတ်နိုင်ငံကတော့ စစ်အစိုးရ ပြုတ်သွားတာကို သည်းခံနေမယ်လို့ယူဆရတာပဲ။ ကြိုဆိုတာမျိုးတောင် ဖြစ်နိုင်တယ်။ လက်ရှိအာဏာရှင်စစ်အစိုးရ တက်လာအောင် အာဏာသိမ်း လှုပ်ရှားမှုတွေမှာ အမေရိကန်အစိုးရရဲ့ အရေးပါတဲ့ ကဏ္ဍရှိခဲ့ဘူးတယ်။ ဒါပေမယ့် အဲဒီအချက်ကလက်ရှိအခြေအနေမှာ ဘယ်အတိုင်းအတာအထိအရေးပါနေလည်းဆိုတာတော့ကျနော်မသိဘူး။
မေး - မြန်မာစစ်ဗိုလ်ချုပ်တွေရဲ့ အမူအကျင့်တွေ၊ စိတ်ဝင်စားမှုတွေ၊ မြန်မာပြည်သူတွေအတွက်ဘယ်လိုဟာတွေက အဆင်ပြေသွားစေနိုင်မလဲ ဆိုတာတွေကို ထဲထဲဝင်ဝင် ပြောပြနိုင်တာများရှိမလား။ဖြေ - စစ်ဗိုလ်ချုပ်တွေ သူတို့အတွက်တော့ ကောင်းနေတာပဲလေ။ အာဏာစွန့်လွှတ်လိုက်ရလို့လည်း သူတို့ ဘာမှအကျိုးမရှိဘူးလေ။ အာဏာကို အကြမ်းပတမ်း သုံးတဲ့အတွက်လည်း အန္တရာယ် ကြီးကြီးမားမား မရှိပါဘူး။ တပ်တွင်း အာဏာဖီဆန်မှု မပေါ်မချင်း ဒီတိုင်းသွားနေမှာပါပဲ။အကြမ်း မဖက်ဘဲ အစုလိုက် အပြုံလိုက် ဆန္ဒပြကြတယ်ဆိုတာ ဖိနှိပ်သူရဲ့ ကိုယ်ချင်းစာတရားအပေါ်မှာ အခြေခံတယ်လေ။ အကြမ်းမဖက်ဘဲ ဆန္ဒပြတယ်ဆိုတာလည်း အောင်မြင်ခဲပါတယ်။တခါတလေ ကျတော့လည်း မျှော်လင့်မထားတဲ့ နည်းလမ်းမျိုးတွေနဲ့ အောင်မြင်တတ်ပြန်တယ်။ဒီလို ကိစ္စရပ် မျိုးနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေကလည်း လူ့အဖွဲ့အစည်းနဲ့ လူ့အဖွဲ့အစည်းမှာရှိတဲ့ အလွှာ အသီးသီးရဲ့ တကိုယ်ရေ အသိပညာပေါ်မှာ အခြေခံမှဖြစ်မယ်။
မေး - စစ်အစိုးရကလည်း တော်တော်ကြောက်ဖို့ကောင်းတဲ့အတွက် ဗိုလ်ချုပ်တွေကလည်း နိုင်ငံရဲ့ သဘာဝ အရင်းအမြစ်တွေကို ကိုယ်ကျိုးစီးပွားအတွက် ခိုးဝှက်တယ်။ လူသတ်မှုတွေ ကျူးလွန် တယ်။ နိုင်ငံရေး အကျဉ်းချမှုတွေ၊ အဓမ္မ လုပ်အားပေးခိုင်းစေတာတွေ ရှိတယ်ဆိုရင် ခံရတဲ့ပြည်သူတွေက လက်နက်ကိုင် ပုန်ကန်ထကြွကြတာကို လူ့ကျင့်ဝတ်အရ မျှတတယ်လို့ ပြောနိုင် ပါသလား။ဖြေ - ကျနော့်အမြင်ပြောရရင်တော့ ကန့်သတ်ချက်တခုနဲ့ မျှတတယ်လို့ ပြောနိုင်ပေါ့။ ခံစားနေရတဲ့ ပြည်သူတွေအတွက် နောက်ဆက်တွဲ ကြုံရမယ့် ပြဿနာတွေကို လက်နက်ကိုင် အုံကြွမှုက သတိထား အကဲဖြတ်သွားရမှာဖြစ်ပါတယ်။ ပြည်သူတွေ ထကြွတာ သင့်တော်တယ်လို့တော့ကျနော် ထင်တယ်။ ဒါပေမယ့် ပြည်သူတွေကို အစုလိုက် အပြုံလိုက် အသတ်ခံဖို့ စတေးကြလို့ကျနော် ပြောချင်တာ မဟုတ်ဘူးနော်။ ခေါင်းဆောင်ပိုင်းတွေကို လုပ်ကြံသတ်ဖြတ်တာမျိုးကလည်း လူသတ်သမားတွေကို သတ်တာ သင့်တော်ရဲ့လားဆိုတဲ့ မေးခွန်းမျိုးနဲ့ အရမ်းတူတယ်။သူတို့တွေကို အကြမ်းမဖက်တဲ့နည်းလမ်းနဲ့ ဖမ်းဆီးတာမျိုးဆိုရင်တော့ ဖြစ်နိုင်ချေရှိတယ်။ ဒါကိုသူတို့က သေနတ်ဆွဲပစ်မယ်ဆိုရင်တော့ မိမိကိုယ်ကိုယ် ခုခံကာကွယ်ပိုင်ခွင့်အနေနဲ့ သူတို့ကိုပြန်ပစ်သတ်ရတာ သဘာဝကျတယ်။ တခြားရွေးစရာလမ်းလည်း မရှိတော့ဘူးဆိုရင်ပေါ့လေ။

No comments:

Post a Comment