၁၄ သြဂုတ် ၂၀၀၈ | ||
![]() မယ်လဒုက္ခသည်စခန်း | ဒုက္ခသည်စခန်းများတွင် လူသစ်များအား ဒုက္ခ သည်အဖြစ် အသိအမှတ်ပြု မှတ်ပုံတင် ပြုလုပ် ပေးရန်ရှိသော်လည်း လူတိုင်းရရှိနိုင်မည့် အနေအထားမရှိကြောင်း မယ်လဒုက္ခသည် စခန်း၏ ဒု-ဥက္ကဋ္ဌက ပြောသည်။ စခန်းဒု-ဥက္ကဋ္ဌ စောထွန်းထွန်းက “လူသစ်တွေ မှတ်ပုံတင်တဲ့ကိစ္စ အောက်တိုဘာ၊ နိုဝင်ဘာ လောက် မှာဖြစ်မယ်။ လက်ရှိ မယ်လစခန်းမှာ လူသစ်စာရင်းကို ချုပ်လိုက်တာ (၁၃,၀၀၀) ရှိတယ်။ ဒီစာရင်း ကို UNHCR ကို ပို့လိုက်ပြီး ဖြစ်တယ်။ အဲဒီလူတွေကို ဓာတ်ပုံရိုက် လူတွေ့ စစ်ဆေးပြီးရင် အဆင့်သုံးဆင့်ခွဲမှာ ဖြစ်တဲ့ အတွက် လူတိုင်းရဖို့တော့ မလွယ်ဘူး” ဟု ခေတ်ပြိုင်သို့ ပြောသည်။ | |
အာဏာပိုင်အဆင့်ဆင့်၏ စစ်ဆေးမေးမြန်းချက်အရ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခံရမည့်သူ၊ ဆိုင်းငံ့ခြင်းခံရမည့်သူ၊ ဒုက္ခသည်ဖြစ်ရန် စံမမီ၍ ပြန်ပို့ခံရမည့်သူဟူ၍ သုံးဆင့်ခွဲခြားမည်ဖြစ်သည်။ ကရင်ဒုက္ခသည်ကော်မတီ (KRC) ရုံးမှ တာဝန်ရှိသူတဦးက “လူသစ်တွေကို မှတ်ပုံတင်ပေးမယ် ဆိုတာ ဟုတ်ပါတယ်။ ဒါပေမယ့် စခန်းအားလုံးကို တပြိုင်တည်း လုပ်ပေးမှာတော့မဟုတ်ဘူး” ဟု အဆိုပါကိစ္စအား အတည်ပြုပြောကြားသည်။ မယ်လဒုက္ခသည်စခန်းတွင် (၂) နှစ်ကျော် အထောက်အထားမဲ့ နေထိုင်သူ စောတကူးက “ရပ်ကွက် မှူးလာပြောတယ်။ ဒီတခါ ပေါ်ပေါ်ထင်ထင် နေလို့ရပြီး အရင်လို ပုန်းစရာ၊ ရှောင်စရာ မလိုတော့ ဘူးလို့ ပြောတယ်။ ကရင်နဲ့ဗမာတိုက်တာ ကျနော်တို့ရွာလည်း မီးလောင်လို့ ရွာပါပျောက်သွားပြီး မအေးချမ်းတဲ့ အရပ်မှာ တကယ်နေစရာမရှိလို့ ဒီကိုရောက်လာရတာပါ” ဟု ပြောသည်။ ထိုင်းမြန်မာနယ်စပ်တွင် မယ်လ၊ အုန်းဖျန်၊ နို့ဖိုး၊ ထမ်းဟင်၊ ဘန်တုံယမ်း၊ မယ်ရာ မို၊ မယ်လာအူး စသည့် ကရင်ဒုက္ခသည်စခန်း (၇) ခုရှိပြီး KRC ၏ နောက်ဆုံးစာရင်းအရ ဒုက္ခသည် (၁၂၀,၃၃၄) ဦး ရှိသည်ဟု သိရသည်။ မဲဆောက်မြို့မြောက်ဘက် ကီလိုမီတာ (၆၄) အကွာတွင်ရှိသည့် မယ်လဒုက္ခသည်စခန်းသည် အကြီးဆုံး ဒုက္ခသည်စခန်းဖြစ်ပြီး လက်ရှိဒုက္ခသည် (၄၀,၀၀၀) ခန့် နေထိုင်လျက်ရှိသည်။ ။ |
New eczema tool could benefit millions of patients
11 minutes ago
No comments:
Post a Comment