8.05.2008

လော်ရာဘုရှ်၏ မဲဆောက်ခရီးစဉ် အကျိုးရှိလိမ့်မည်ဟုဒေသတွင်းရှိ မြန်မာနိုင်ငံသားများ မျှော်လင့်

အမေရိကန်သမ္မတကတော် လော်ရာဘုရှ်၏ ထိုင်း-မြန်မာ နယ်စပ်ခရီးစဉ်သည် ဒေသတွင်းရောက် မြန်မာနိုင်ငံသားများအားလုံးအတွက် အကျိုးရှိသော ခရီးစဉ်ဖြစ်လိမ့်မည်ဟု မျှော်လင့်ကြောင်း ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီ (အန်စီယူဘီ) က ပြောကြားသည်။

အန်စီယူဘီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်သိဏ်းက “မယ်တော်ဆေးခန်းနဲ့ မယ်လဒုက္ခသည် စခန်းကို အမေရိကန်လို အင်အားကြီးနိုင်ငံက တာဝန်အရှိဆုံးပုဂ္ဂိုလ်ရဲ့ ဇနီး လော်ရာဘုရှ် လာရောက်လေ့လာမှု ပြုတယ်ဆိုတာ ဒီမိုကရေစီခေါင်းပါးတဲ့ တိုင်းပြည်က လူထုတွေရဲ့ ခံစား ချက်တွေကို သူတို့ နားလည်ခံစား သိရှိတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ပြဆိုလိုက်တာ ဖြစ်တယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။

မစ္စလော်ရာဘုရှ်သည် ယခုလ (၇) ရက်တွင် ထိုင်း-မြန်မာနယ်စပ် မဲဆောက်သို့ လာရောက်မည် ဖြစ်ပြီး မယ်လဒုက္ခသည်စခန်းနှင့် မယ်တော်ဆေးခန်းသို့ လာရောက်ကြည့်ရှု လေ့လာမည် ဖြစ်သည်။

ယခုကဲ့သို့ အမေရိကန်သမ္မတ၏ ဇနီးဖြစ်သူ လာရောက်ခြင်းအားဖြင့် မြန်မာနိုင်ငံတွင် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ နိုင်ငံရေး အကျပ်အတည်းများကြောင့် ဒုက္ခရောက်ကာ ထိုင်းနိုင်သို့ ရောက် လာကြသည့် မြန်မာပြည်သူများ၏ အခြေအနေမှန်ကို သိရှိသွားနိုင်သည်ဟု ဦးမြင့်သိဏ်းက ပြောသည်။

၎င်းက “အဲဒီကနေတဆင့် သူ့ရဲ့အကူအညီတွေကို ရရှိနိုင်တယ်။ သိန်းနဲ့ ချီပြီး ရောက်ရှိနေတဲ့ မြန်မာတွေနဲ့ပတ်သက်တဲ့ ထိုင်းနိုင်ငံဆိုင်ရာ လုံခြုံရေးကိစ္စတွေ၊ ထိုင်းအာဏာပိုင်တွေက မြန်မာ နိုင်ငံသားတွေအပေါ်မှာ အဓမ္မဖမ်းဆီးတာတွေ၊ မတော်မတရား လုပ်တာတွေနဲ့ ပတ်သက်ပြီးတော့ တစုံတရာ လျှော့ပါးသွားမယ့် အထောက်အကူ ဖြစ်နိုင်လောက်တဲ့ အခြေအနေမျိုးတွေ ဖြစ်လိမ့် မယ်လို့ မျှော်လင့်တယ်” ဟု ပြောသည်။

တရားဥပဒေစိုးမိုးရေးအရ မှန်မှန်ကန်ကန် ပြုမူဆက်ဆံသည့်အနေအထားမျိုး ဖြစ်လာလိမ့်မည် ဟုလည်း မျှော်လင့်ကြောင်း၊ မြန်မာ့ဒီမိုကရေစီရေးတိုက်ပွဲအတွက် သက်ဆိုင်ရာ ထိုင်းနိုင်ငံရှိ အာဏာပိုင်များနှင့်လည်း ပူးပေါင်းကူညီမှုများ လုပ်ပေးလိမ့်မည်ဟု ယုံကြည်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

မယ်လဒုက္ခသည်စခန်းရှိ ဒုက္ခသည်တဦးကမူ “လော်ရာဘုရှ်တို့လို အဆင့်တွေလာတာ ကျနော် တို့အတွက် တန်ဖိုးကြီးတယ်။ ဒီမှာ ဘယ်လို နေထိုင်စားသောက်ရသလဲ၊ ဒုက္ခသည်တွေ အနေ အထားနဲ့ အခက်အခဲတွေကို သူ မျက်မြင်ကိုယ်တွေ့ မြင်သွားမယ်ဆိုရင် ကျနော်တို့ကျေနပ်ပါတယ်” ဟု ပြောသည်။

သမ္မတဘုရှ်၏ တောင်ကိုးရီးယား၊ ထိုင်းနှင့် တရုတ်နိုင်ငံ ပေကျင်းအိုလံပစ် ဖွင့်ပွဲအခမ်းအနားတို့သို့ သွားရောက်လည်ပတ်မည့် တပတ်ကြာ အာရှခရီးစဉ်အတွင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ရောက်ရှိသည့်အခါ သမ္မတကတော်က နယ်စပ်သို့ သွားရောက်ရန် အစီအစဉ် ရှိခြင်းဖြစ်သည်။

သမ္မတကတော် နယ်စပ်ရောက်ရှိနေချိန်တွင် သမ္မတဘုရှ်သည် မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူ (၉) ဦးနှင့် ဘန်ကောက်မြို့တွင် မြန်မာ့အရေး ဆွေးနွေးမည်ဟုလည်း သိရသည်။ ။

No comments:

Post a Comment