9.30.2008

လူငယ် ဘလော့ဂ်ဂါ နေဘုန်းလတ် ထပ်မံရုံးထုတ် စစ်ဆေး

အာဏာပိုင်များ အင်းစိန်အကျဉ်းထောင်တွင် ဖမ်းဆီး ထိမ်းသိမ်းထားသည့် လူငယ် ဘလော့ဂ်ဂါ နှင့် စာရေးဆရာ တဦးဖြစ်သူ ကိုနေဘုန်းလတ်အား အင်းစိန်ထောင်အတွင်းရှိ တရားရုံးတွင် ထပ်မံ ရုံးထုတ် စစ်ဆေးခဲ့သည်။

ဇူလိုင်လဆန်းပိုင်းမှ ကိုနေဘုန်းလတ်ကို စတင်ရုံးထုတ် စစ်ဆေးခဲ့ရာ စွဲဆိုထားသည့် ဥပဒေ ပုဒ်မများထဲမှ နိုင်ငံတော် လုံခြုံရေးကို ထိခိုက် ပျက်ပြားစေရန် လှုံ့ဆော်မှု ဥပဒေ ပုဒ်မ ၅ဝ၅ (ခ) အား ယနေ့ ထပ်မံ စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

"ဗဟန်းမြို့နယ် ရဲစခန်းမှ ရဲတဦးက တရားလို အနေနဲ့ သက်သေထွက်တယ်။ သားကို ဆန္ဒပြပွဲမှာ ပါဝင်တယ်လို့ ပြောတယ်။ ဘာသက်သေ အထောက်အထားမှ မရှိဘဲနဲ့ ထွက်ဆိုနေတယ်။ တကယ်လို့ ဓါတ်ပုံ သက်သေတို့ ပြနိုင်တယ် ဆိုရင်လည်း တမျိုးပေါ့နော်" ဟု ကိုနေဘုန်းလတ် မိခင် ဒေါ်အေးသန်းက ပြောသည်။

ကိုနေဘုန်းလတ်အား စတင် ရုံးထုတ်ခဲ့သည့် ဇူလိုင်လ ဆန်းပိုင်းမှ စတင်ကာ အင်းစိန် အကျဉ်းထောင် သီးသန့်ခန်းတွင် ထားရှိကာ လမ်းလျောက်ခွင့် မရကြောင်း ကိုနေဘုန်းလတ် မိခင်က ယခုလိုဆက်၍ ပြောသည်။

"သူက တယောက်တည်းနေရတော့ စိတ်မကောင်း ဖြစ်နေတယ်။ တိုက်ပိတ်ထားသလို ဖြစ်နေတယ်။ မောင်ဝိတ် ကလည်း တခန်းရှိတယ်။ ဒါပေမဲ့ သူက လမ်းလျှောက်ထွက်လို့ ရတယ်။ ကိုဇာဂနာနဲ့ သားက လမ်းလျှောက်ခွင့်လည်း မရဘူး။ လူငယ်ဆိုပေမဲ့ ကျန်းမာရေးအတွက် ကြာတော့ စိုးရိမ်နေတယ်" ဟု ကိုနေဘုန်းလတ်၏ မိခင်က ပြောသည်။

ဇန်နဝါရီ ၂၉-ရက်နေ့တွင် ဖမ်းဆီး ထိမ်းသိမ်းခံခဲ့ရသည့် ကိုနေဘုန်းလတ်အား အစိုးရ သို့မဟုတ် နိုင်ငံတော် လုံခြုံရေးကို ထိခိုက် ပျက်ပြားစေရန် လှုံ့ဆော်မှု ဥပဒေ ပုဒ်မ ၅ဝ၅ (ခ)၊ ဗီဒီယိုအက် ဥပဒေ ပုဒ်မ ၃၂ (ခ)၊ ၃၆ နှင့် အီလက်ထရောနစ် အက်ဥပဒေ ပုဒ်မ ၃၃ (က)၊ ၃၈ တို့ဖြင့် ပုဒ်မတပ် တရားစွဲဆိုထားသည်။

အလားတူ ၈၈-မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင် အပါအဝင် ကျောင်းသားခေါင်းဆောင် စုစုပေါင်း ၃၅ ဦးအား ရုံးထုတ် စစ်ဆေးရန် ခေါ်ထုတ်လာစဉ် တဖက် တရားသူကြီးများမှ ကျောင်းသားခေါင်းဆောင်များအား တရားခံ ဟု သုံးနှုံးပြောဆိုခဲ့သည့် အပေါ် ၂ ဖက် စကားများခဲ့ရာ ယနေ့ ရုံးထုတ် စစ်ဆေးခြင်းကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

"သူတို့ကို စပြီးတော့ တရားခံ လို့ပြောတာနဲ့ ကျနော်တို့က စွပ်စွဲခံထားရတာ ဖြစ်တယ်။ စွဲချက်မတင်ဘဲနဲ့ မခေါ်နဲ့ဆိုပြီး စကားများရင်းကနေ ခဏဘဲရုံးထုတ်ပြီးတော့ သိမ်းလိုက်ရတယ်" ဟု ကိုကိုကြီး မိသားစုဝင်တဦးက ပြောသည်။

ထို့အပြင် လောင်စာဆီဈေးနှုံး ကျဆင်းရေး ဆန့်ကျင် ဆန္ဒပြမှုဖြင့် ဖမ်းဆီး ထိမ်းသိမ်းခံထားရသူ ၈၈-ကျောင်းသား ခေါင်းဆောင် ကိုစည်သူမောင် အပါအဝင် စုစုပေါင်း ၇-ဦးကိုလည်း ယနေ့ အင်းစိန်ထောင် အတွင်းရှိ တရားရုံးတွင် ရုံးထုတ် စစ်ဆေးခဲ့သည်။

၈၈-မျိုးဆက်ကျောင်းသားများ အမှုကို လက်ခံ ဆောင်ရွက်ပေးနေသည့် ရှေ့နေများက နိုင်ငံတော် အကြည်ညို ပျက်စေမှု ဥပဒေ ပုဒ်မ ၁၂၄ (က) မထမြောက်သည့်အတွက် အခြားပြစ်မှုများအား တရားရှင်အဖြစ် လွှတ်ပေးရန် ဥပဒေအရ လျှောက်လဲချက် တင်နေကြောင်းလည်း ဗဟိုတရားရုံးချုပ် ရှေ့နေ ဦးခင်မောင်ရှိန် က ယခုလိုပြောသည်။

"အန်ကယ်တို့က ပြစ်မှု ကျင့်ထုံး ဥပဒေ ၂၅၃ အရ တရားရှင် လွတ်ပေးဖို့ နောက်ဆုံး သက်သေ ထွက်ခဲ့တယ်ဆိုတာကို တင်ပြတယ်။ အဲဒီလို စွပ်စွဲတာကို စွပ်စွဲခံရသူတွေအတွက် သိပ်နစ်နာတယ်။ ဒါကြောင့် အဲဒီပြဌာန်းချက်နဲ့အညီ ၁၂၄ အမှုဟာ ပြစ်မှု မမြောက်ဘူး။ ပြန်လွှတ်ပေးရမယ်လို့ လျှောက်လဲချက် တင်တယ်" ဟု သူက ဆက်ပြောသည်။

အာဏာပိုင်များ နိုင်ငံတော် အကြည်ညို ပျက်စေမှု ဥပဒေ ပုဒ်မ ၁၂၄ (က) မှ ပြောင်းလိုက်သည့် ပုဒ်မများမှာ ၅ဝ၅ (ခ)၊ ၁၄၃၊ ၁၄၅၊ ၂၉၅ (က)သို့ ပြောင်းလဲ လိုက်ခြင်း ဖြစ်ပြီး၊ ပြစ်မှု မြောက်မည်ဆိုပါက အနည်းဆုံး ထောင်ဒဏ် ၂ နှစ်မှ အများဆုံး ၈ နှစ်အထိ ပြစ်ဒဏ်ကျခံနိုင်ကြောင်း သိရသည်။

No comments:

Post a Comment