9.11.2008

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအင်းဂရစ် ဘတ်တန်ကုတ် ပြောဆို


ဘီတန်ကုတ် နဲ့ ဘန်ကီမွန်း ကုလသမဂ္ဂရုံးချုပ်တွင် သတင်းစာရှင်းလင်းပွဲ  ပြုလုပ်စဉ်၊အင်္ဂါ စက်တင်ဘာ ၂၀၀၈။ (အေပီ)
ဘတ်တန်ကုတ် နဲ့ ဘန်ကီမွန်း ကုလသမဂ္ဂရုံးချုပ်တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်စဉ်
အင်္ဂါ စက်တင်ဘာ ၂၀၀၈။ (အေပီ)

ရန်ကုန်မြို့ နေအိမ်မှာ အကျယ်ချုပ် ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ဒီထက်ပို ကြိုးပမ်း လုပ်ဆောင်ဖို့ လိုနေသေးကြောင်း တချိန်က ကိုယ်တိုင် ကိုလံဘီယာက သူပုန်များ၏လက်တွင် (၆) နှစ်ကြာ အကျဉ်းသား အဖြစ်နဲ့ နေထိုင်ခဲ့ရသူ မစ္စ အင်းဂရစ် ဘတ်တန်ကုတ် (Ingrid Betancourt) က ပြောဆို လိုက်ပါသည်။ နယူးယောက်ခ် ကုလသမဂ္ဂ ဌာနချုပ်ရုံးတွင် အင်္ဂါနေ့က ပြုလုပ်သောအကြမ်းဖက်ဝါဒ၏ သားကောင် ဖြစ်ကြရသူများ အတွက် ကမ္ဘာနဲ့အ၀န်း ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးသည့် အခမ်းအနားတွင် အတွင်းရေးမှူးချုပ် ဘန် ကီမွန်း နဲ့ အတူ တက်ရောက်စဉ် ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် အလေးထား ပြောဆို သွားခြင်းဖြစ်သည်။

“အထူးသဖြင့် ကျမ ဒီအချိန်အခိုက်အတန့်မှာ ဒေါ်အောင်ဆန်းစုကြည် ကို အမှတ်ရမိနေပါတယ်။ သူဟာ မကြာခင်ကစလို့ စတင် အစာငတ်ခံ ဆန္ဒပြနေပါတယ်။ သူ့အတွက် သေခြင်းတရားဟာလည်း အမြဲလို ရှိနေတာပါ။ ကျမတို့ အနေနဲ့ သူ့အတွက် အမြန်ဆုံး အဖြေရှာရပါမယ်။ အရေးတကြီး လုပ်ကိုင် ဆောင်ရွက်ရပါမယ်။”


“ဒေါ်အောင်ဆန်းစုကြည် ဟာ ကျမ အကျဉ်းကျခံခဲ့ရသလို ထောင်ကျနေတာပါ၊ အခုဆိုရင်လည်း အစာငတ်ခံ ဆန္ဒပြတာကို စတင်လိုက်ပါပြီ။ ကျမတို့အားလုံး သူ့အတွက် စိုးရိမ်ပူပန်မိပါတယ်။ ကျမတို့ သူ့ကို တွေ့ဖို့၊ စကားပြောဆိုနိုင်ဖို့ လိုပါတယ်။ ကျမတို့ သူ့ကို အားပေးထောက်ခံမှုရှိနေတယ်၊ တသွေးတည်း တသားတည်း ရှိနေပါတယ် ဆိုတဲ့ သတင်းစကားကို မှာကြားနိုင်ဖို့လည်း လိုပါတယ်။ ဒါတွေအားလုံးထက် အရေးကြီးတာကတော့ ကျမတို့ သူ့ကို မေ့လျော့မထားဘူး ဆိုတာ သူသိအောင် လုပ်ဖို့ပဲ ဖြစ်ပါတယ်။”

ပြင်သစ်-ကိုလံဘီယာ နှစ်နိုင်ငံသူ မစ္စ ဘတ်တန်ကုတ် သည် ကိုလံဘီယာ ရဲ့ သမ္မတအဖြစ် ရွေးချယ်ရန် ကြိုးပမ်းနေစဉ် ၂၀၀၂ ခုနှစ်တွင် ကိုလံဘီယာနိုင်ငံ၏ လက်ဝဲ၀ါဒီ FARC သူပုန်များ၏ ပြန်ပေးဆွဲ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး ယခုနှစ် ဇူလိုင်လထဲတွင်မှ ပြန်လည် လွတ်မြောက်လာသူဖြစ်သည်။ အထက်လွှတ်တော် အမတ်ဟောင်းလည်းဖြစ် သလိုအဂတိလိုက်စားမှုများကို ဆန့်ကျင် လှုပ်ရှားသူလည်းဖြစ်သည်။မစ္စ ဘတ်တန်ကုတ် က ဒေါ်အောင်ဆန်းစုကြည် အတွက် သူ့အနေနဲ့ ကြိုးပမ်းဆောင်ရွက် သွားဦးမည်ဟု ကုလသမဂ္ဂ ဌာနချုပ်ရုံးမှာ ရောက်နေစဉ် သတင်းထောက်များကို ပြောခဲ့ပါသည်။

“သူလွတ်မြောက်လာမယ့် အချိန်ကာလ ရောက်တဲ့အထိ ကို ကျမတို့ ဒီထက်ပို လုပ်နိုင်တာတွေ ရှိပါတယ်။ သူ ပြန်လွတ် မလာသေးပဲ ရှိနေတာဟာ ကျမတို့ လုပ်ဆောင်သင့်သလောက် မလုပ်ကြသေးလို့ပဲ ဖြစ်ပါတယ်။ ကျမတို့သာ လိုအပ် သလောက် လုပ်ခဲ့ကြမယ်ဆိုရင် သူအခုဆို ပြန်လွတ်နေလောက်ပါပြီ။”ဟုပြောဆိုသွားခဲ့ပါသည်။


No comments:

Post a Comment