10.16.2008

အန်အယ်လ်ဒီ လူငယ် (၁၀၀) ကျော်နုတ်ထွက်



အန်အယ်လ်ဒီ လူငယ် (၁၀၀) ကျော် နုတ်ထွက်

၁၆ အောက်တိုဘာ ၂၀၀၈။ ။
အန်အယ်လ်ဒီဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ လူငယ်ဆိုင်ရာ ဆုံးဖြတ်ချက်ကို သဘောမတူသည့် အတွက် ရန်ကုန်တိုင်း (၁၁) မြို့နယ်မှ အန်အယ်လ်ဒီ လူငယ် (၁၀၀) ကျော်ယနေ့ အဖွဲချုပ်သို့ နုတ်ထွက်လွှာ တင်သွင်းခဲ့ကြသည်။

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်လူငယ်လုပ်ငန်းအဖွဲ့ဝင်များက နုတ်ထွက်လွှာတင်သွင်းချိန်တွင် မြို့နယ်လူငယ်များ၏ သဘောထား ကိုပါ အန်အယ်လ်ဒီသို့ တင်သွင်းခဲ့သည်ဟု တွံတေးမြို့နယ်မှ ကိုနေခြည်ဝင်းက ပြောသည်။ ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားဆန္ဒနှင့် လူငယ်အများစု၏ ဆန္ဒသဘောထား မပါဘဲ လူငယ်အတွင်း မည်သည့်ပြုပြင်ပြောင်းလဲမှုကိုမျှ လက်ခံမည်မဟုတ်ဟု အဆိုပါ သဘောထားထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းသို့နုတ်ထွက်ရာတွင် ပါဝင်သည့် လူငယ်တဦးဖြစ်သူ ကိုနေခြည်ဝင်းက “ကျနော်တို့ အကြိမ်ကြိမ် တင်ပြခဲ့ပါတယ်။ လူငယ်အများစုရဲ့ သဘောထားမပါဘဲ ဖွဲ့စည်းရေး ပြုပြင်ပြောင်းလဲရေးတွေကို ဆက်ပြီးပြုလုပ်မယ်ဆိုရင် နုတ်ထွက် မယ်ဆိုတာ ကြိုတင်အသိပေးခဲ့ပါတယ်။ အဲဒီလို တင်ပြခဲ့ပေမယ့် ကျနော်တို့ကို အခုကြေညာချက်ထွက်သည်အထိအောင် မည်သည့်သဘောထားမှ တင်ပြခွင့်မပေးခဲ့ပါဘူး။ ဒါကြောင့်လည်း ကြိုတင်အသိပေးထားတဲ့အတိုင်း အခုလို နုတ်ထွက် တာပါ” ဟု ရှင်းလင်းပြောကြားသည်။

သို့သော် အန်အယ်လ်ဒီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်ရွှေနှင့် ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ပိုင်ခွင့်ပေးထားသည့်အတွက် ၎င်းတို့နှစ်ဦး ထုတ်ပြန်သည့်အမိန့်ကို လိုက်နာသင့်ကြောင်း အန်အယ်လ်ဒီ အလုပ်အမှုဆောင်တဦးဖြစ်သူ ဦးလွန်းတင်က ပြောသည်။

“၁၉၉၅ ခုနှစ် အမျိုးသားညီလာခံကနေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နုတ်ထွက်လာပြီးနောက်မှာ အထွေထွေအတွင်း ရေးမှူး ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်ပင်ပြီး ရှေ့ဆက်ပြီး အာဏာပိုင်တွေရဲ့ ဘယ်လိုဖိဆီးနှိပ်စက်မှုမျိုးကို ခံရဦး မလဲဆိုတာ မသိနိုင်တာကြောင့် အဲဒီကတည်းက အကောင်းဆုံးကို မျှော်လင့်ပြီး အဆိုးဆုံးအတွက်ကိုလည်း ပြင်ဆင်တဲ့ အနေနဲ့  ဥက္ကဋ္ဌနဲ့ အထွေထွေအတွင်းရေးမှူးကို လုပ်ပိုင်ခွင့်အာဏာ အပ်နှင်းခဲ့တယ်။ ဒီအာဏာဟာ စစ်ရေးအရ ပြောရမယ်ဆိုရင် အမိန့်ပေးနိုင်တဲ့ အာဏာပင်ဖြစ်တယ်။ ဒီ (၂) ယောက်ဟာ စစ်တပ်မှာဆိုရင် အမိန့်ပေးနိုင်သူ (ကွန်မန်ဒါ) များပင်ဖြစ်တယ်။ သူတို့ ပေးလာတဲ့အမိန့်ဆိုရင် လက်ခံပြီးဆောင်ရွက်ပေးရမှာ ဖြစ်သလို အမိန့်ကို မလိုက်နာသူတွေကိုလည်း အရေးယူရမှာဖြစ်တယ်။ အခုလည်း ဥက္ကဋ္ဌအနေနဲ့ သူ့ကိုပေးထားတဲ့ လုပ်ပိုင်ခွင့်အာဏာအရ စီမံဆောင်ရွက်ခဲ့တာဖြစ်တာကြောင့် ကျနော်တို့အနေနဲ့ လိုက်နာရမှာဖြစ်တယ်” ဟု ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်လုပ်ငန်းများ ဖော်ဆောင်ရေးကိစ္စနှင့် ပတ်သက်ပြီး အန်အယ်လ်ဒီအဖွဲ့ချုပ်က အောက်တိုဘာ (၁၅) ရက်နေ့စွဲဖြင့် ညွှန်ကြားချက်တရပ် ထုတ်ပြန်ခဲ့သည်။ ထိုညွှန်ကြားချက်တွင် လူငယ်လုပ်ငန်းများ ဖော်ထုတ်ရေးတာဝန်ခံအသစ်များကို တာဝန်ပေးပြီး ယခင်ကရှိခဲ့သည့် အထက်မြန်မာပြည်၊ အောက်မြန်မာပြည် လူငယ်ပြန်လည်ဖွဲ့စည်းရေး တာဝန်ခံများကို ပယ်ဖျက်ကြောင်း ဖော်ပြထားသည်။

လူငယ်လုပ်ငန်းများ ဖော်ထုတ်ရေးတာဝန်ခံအသစ်များကို တာဝန်ပေးသည့်ကိစ္စမှာ လူငယ်အများစု သဘောထားကို မယူဘဲ ဆုံးဖြတ်သည်ဆိုသည့် စွပ်စွဲချက်ဖြင့် ရန်ကုန်တိုင်း (၁၁) မြို့နယ်မှ အန်အယ်လ်ဒီ လူငယ် (၁၀၀) ကျော်နုတ်ထွက်ခဲ့ခြင်းဖြစ်သည်။


No comments:

Post a Comment