10.15.2008

၂၀၁၀ ရွေးကောက်ပွဲကို ထောက်ခံနေခြင်းမဟုတ်ဟု UN ငြင်းဆို

၂၀၁၀ ရွေးကောက်ပွဲကို ကုလသမဂ္ဂက သွယ်ဝိုက် ထောက်ခံနေသည်ဆိုသည့် စွပ်စွဲချက် မဟုတ်မမှန်ကြောင်း ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ အီဘရာဟင် ဂမ်ဘာရီက ယမန်နေ့ လန်ဒန်မြို့ထုတ် ဂါးဒီးယန်း သတင်းစာ အယ်ဒီတာ့ထံပေးစာ၌ ငြင်းဆိုလိုက်သည်။

ပြီးခဲ့သည့်လ (၂၆) ရက်ထုတ် ဂါးဒီးယန်း သတင်းစာပါ Fearless, and not forgotten အမည်ရှိ ဆောင်းပါး၌ ဆောင်းပါးရှင် ကိတ်အာလန်က မစ္စတာဂမ်ဘာရီ၏ မြန်မာနိုင်ငံခရီးစဉ်အပေါ် ပြစ်တင်ဝေဖန် ရေးသားခဲ့သည့်အပေါ် မစ္စတာဂမ်ဘာရီက ယခုကဲ့သို့ ပြန်လည်တုံ့ပြန်ချေပလိုက်ခြင်းဖြစ်သည်။

ကုလသမဂ္ဂနှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံအကြံပေးအဖြစ် ၎င်း၏ အားထုတ်မှုများကို ဆောင်း ပါးရှင်က တလွဲပုံဖော်တင်ပြနေကြောင်း၊ မြန်မာနိုင်ငံ၏ ၂၀၁၀ ရွေးကောက်ပွဲနှင့် အတည်ပြုထားပြီးဖြစ်သော ချို့ ယွင်းအားနည်းချက် အလွန်များသည့် အခြေခံဥပဒေကို ကုလသမဂ္ဂအထူး အကြံပေးပုဂ္ဂိုလ်က သွယ်ဝိုက် ထောက်ခံနေသည်ဟု ဆောင်းပါရှင် ကိတ်အာလန်၏ ရေးသားချက် မှန်ကန်မှု မရှိကြောင်း မစ္စတာ ဂမ်ဘာရီက ပေးစာတွင် ဖော်ပြထားသည်။

မစ္စတာဂမ်ဘာရီနှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်တို့သည် မြန်မာနိုင်ငံ၏ မည်သည့် နိုင်ငံရေးလုပ်ငန်းစဉ်၌ မဆို အများယုံကြည် လက်ခံရမည်၊ အားလုံးပါဝင်ရမည်၊ ပွင့်လင်းမြင်သာမှုရှိရမည် ဆိုသည့်မူကို အမြဲတမ်းခိုင်ခိုင်မာမာ ပြောဆိုကြောင်းနှင့် မြန်မာအစိုးရကို ထိုသို့လုပ်ဆောင်ရန် အကြံပေးမှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့သော်လည်း ယခုအထိ ဆောင်ရွက်ခြင်းမရှိသေးကြောင်း ပေးစာတွင် ဆက်လက် ဖော်ပြထားသည်။

အတွင်းရေးမှူးချုပ်ရုံး၏ အခန်းကဏ္ဍသည် အခြေခံဥပဒေနှင့် ရွေးကောက်ပွဲတို့မှတဆင့် အပြန်အလှန်နားလည် မှုရှိပြီး တွေ့ဆုံဆွေးနွေးလာစေရန် သက်ဆိုင်သူအားလုံးနှင့် ညှိနှိုင်းပေးရန်ဖြစ်ကြောင်း၊ ကုလသမဂ္ဂ အထွေထွေ ညီလာခံဆုံးဖြတ်ချက်အရ အတွင်းရေးမှူးချုပ်က မြန်မာကို ကျွမ်းကျင်မှု အကူအညီပေးရန် ကမ်းလှမ်းထား ကြောင်း၊ မည်သည့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံမဆို ရွေးကောက်ပွဲနှင့်စပ်လျဉ်းသည့် နည်းစနစ် အကူအညီ တောင်း ခွင့်ရှိကြောင်း၊ တွေ့ဆုံဆွေးနွေးမှုဖြစ်ပေါ်လာရေး ဆွဲဆောင်ရန် အခြေအနေနှင့် လိုအပ်ချက်တို့ အပေါ်လိုက်၍ ကုလသမဂ္ဂက ပံ့ပိုးနိုင်ကြောင်းလည်း မစ္စတာဂမ်ဘာရီက ဆက်လက်ရေးထားသည်။

ထို့အပြင် အထွေထွေညီလာခံက ပေးထားသည့် လုပ်ပိုင်ခွင့်အရ နိုင်ငံတကာအသိုင်းအ၀န်း၏ပံ့ပိုးမှုဖြင့် အတွင်း ရေးမှူးချုပ်နှင့် ၎င်းတို့အနေဖြင့် အားလုံးပါဝင်သည့် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့် အရေးများ လေးစားလိုက်နာလာစေရေးအတွက် မြန်မာနိုင်ငံရှိ အဖွဲ့အစည်းအားလုံးနှင့်အတူ တတ်အားသရွေ့ ဆက်လက်ကြိုးပမ်းမည်ဟုလည်း ၎င်း၏ ပေးစာတွင် ရေးသားထားသည်။

မစ္စတာဂမ်ဘာရီသည် ပြီးခဲ့သည့် သြဂုတ်လက မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ပြီး ထိုခရီးစဉ်အတွင်း ၂၀၁၀ ရွေး ကောက်ပွဲ၌ ကုလသမဂ္ဂက ကျွမ်းကျင်မှု နည်းပညာအကူအညီပေးရေးကမ်းလှမ်းချက် အပါအ၀င် အချက် (၅) ချက်ကို မြန်မာစစ်အစိုးရထံ တင်ပြ တောင်းဆိုခဲ့သည်။

No comments:

Post a Comment