မြန်မာနိုင်ငံ အထက်ပိုင်းရှိ စစ်တပ်လေ့ကျင့်ရေး စခန်းတခုတွင် ထိန်းသိမ်းထားခြင်း ခံရသည်ဟု ဆိုသော ကလေးစစ်သားတဦး လွတ်မြောက်ရေးအတွက် မြန်မာဝန်ကြီးများနှင့် တွေ့ဆုံ ပြောကြားမည် ဖြစ်ကြောင်းဖြင့် ILO ဆက်သွယ်ရေးရုံးက အင်္ဂါနေ့က ပြောကြားပါသည်။ ဤပြောဆိုချက်သည် လူ့အခွင့်အရေး လှုပ်ရှားသူများက ILO ရုံးသို့ တိုင်တန်းခဲ့ပြီးနောက် ပေါ်ထွက်လာခြင်း ဖြစ်သည်။
မြန်မာစစ်တပ်အတွင်းသို့ သွတ်သွင်းခြင်း ခံရသည်ဟုဆိုသော အသက်မပြည့်သေးသူ ကလေးတဦးအတွက် ရန်ကုန်ရှိ ILO ရုံးသို့ တိုင်တန်းနိုင်ရန် ယင်းကလေး၏ မိသားစုအား မြန်မာပြည်အလယ်ပိုင်း ပဲခူးမြို့မှ လူ့အခွင့်အရေး တိုက်ပွဲဝင်သူ ဦးအေးမြင့်က အင်္ဂါနေ့က ကူညီ ဆောင်ရွက်ပေးခဲ့ပါသည်။
“ကျနော် ဒုတိယတာဝန်ခံ အရာရှိနဲ့ တွေ့ခဲ့ပါတယ်။ ဒီအရာရှိ အမျိုးသမီးက တိုင်ကြားစာကို လက်ခံထားလိုက်ပြီး၊ သူတို့ ရုံးအနေနဲ့ ဒီကလေး ပြန်ခေါ်နိုင်ဘို့အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနက လူတွေနဲ့ တွေ့ဆုံဆွေးနွေးသွားမယ်လို့ သူမက ပြောကြားခဲ့ပါတယ်” ဟု ဦးအေးမြင့်က ILO ဒုတိယ ဆက်ဆံရေးအရာရှိ Piyammal Pichaiwongse နှင့် တွေ့ဆုံအပြီး ပြောပါသည်။
Mrs. Pichaiwongse သည် အဆိုပါ ကလေးစစ်သားကို အောက်တိုဘာလ ၁၈ ရက်နေ့က လေ့ကျင့်ရေးစခန်းတွင် သွားရောက် တွေ့ဆုံခဲ့သည့် အမဖြစ်သူ မတင်ဌေးကိုလည်း တွေ့ဆုံ မေးမြန်းမှုများ ပြုလုပ်ခဲ့ပါသည်။
“သူမ Pichaiwongse က မတင်ဌေးရဲ့ ပြောဆိုချက်တွေကို ရေးမှတ်ယူထားပြီး၊ သူ့မောင်ကို အိမ်ပြန်ခေါ်နိုင်ရေး အတွက် သူတို့လုပ်နိုင်တာအားလုံး လုပ်ပေးပါမယ်လို့ ပြောလိုက်ပါတယ်” ဟု ဦးအေးမြင့်က ဆက်လက် ပြောဆိုပါသည်။
သို့သော် သဘောထား ထင်မြင်ချက် ပြောကြားရန်အတွက် ILO ရုံးဆက်ဆံရေးအရာရှိ စတီဗင်မာရှဲလ် (Steven Marshall) ကို ဆက်သွယ်ရာ ချက်ချင်း ဆက်သွယ်၍ မရခဲ့ပါ။
ကလေး၏ အမဖြစ်သူ မတင်ဌေး၏ ပြောကြားချက်အရ စက်ဘီးပေါင်၍ သူ့အမေက ရိုက်လိုက်သည့်အတွက် ဇွန်လတွင် အဆိုပါ သူ့မောင်သည် ရန်ကုန်မြို့ မြောက်ဘက် မိုင် ၅ဝ အကွာ ပဲခူးတိုင်း ဖဒိုမြို့ရှိ နေအိမ်မှ ထွက်ပြေးသွားခဲ့သည်ဟု ဆိုပါသည်။
“၃ လလောက်ကြာမှ သူတပ်စခန်းတခုမှာ ရောက်နေပြီဆိုတဲ့ ကျမမောင်ဆီက စာရတယ်” ဟု မတင်ဌေးက အစောပိုင်းက ပြောကြားခဲ့ပါသည်။
ဤစာရလျှင် မတင်ဌေးနှင့် မိသားစုသည် စစ်ကိုင်းတိုင်း ဝန်းသိုမြို့နယ် အရာတော်အခြေစိုက် စစ်လေ့ကျင့်ရေးစခန်းရှိရာ ခလရ ၁၁၁ သို့ သူမမောင်နှင့် တွေ့ဆုံပြီး တပ်မှထွက်ခွင့်ပေးဘို့ အထက်အရာရှိများထံ မေတ္တာရပ်ခံရန် ချက်ချင်း လိုက်သွားခဲ့ကြပါသည်။
သူမ၏မောင် အသက်မပြည့်သေးကြောင်း ကျောင်းသား မှတ်ပုံတင်၊ ကျောင်းမှ ထောက်ခံစာ၊ ရဲစခန်းနှင့် ရယက ထောက်ခံစာတို့ကို တင်ပြခဲ့သော်လည်း လေ့ကျင့်ရေး တပ်မှ အရာရှိများက တပ်မှ ထွက်ခွင့်မပြုခဲ့ကြောင်း မတင်ဌေးက ပြောပါသည်။
အထက်အရာရှိများက “လေးလသင်တန်းက ပြီးတော့မှာမို့ သူ တပ်ကထွက်လို့ မရဘူး” ဟု သူတို့ မိသားစုကို ပြန်ပြောခဲ့ကြောင်း မတင်ဌေးက ပြောပါသည်။
ဤသို့တပ်မှ အရာရှိများက တိုတိုပြတ်ပြတ် ငြင်းပယ်လိုက်ပြီးနောက် မတင်ဌေးနှင့် သူမ၏ မိသားစုသည် ILO သို့ တိုင်တန်းနိုင်ရန်အတွက် ဦးအေးမြင့်ထံသို့ ချဉ်းကပ်ခဲ့ကြသည်။
“ကျောင်းသားမှတ်ပုံတင်၊ ရယက ရဲစခန်းနဲ့ သူ့ကျောင်းအုပ်ကြီးဆီက ထောက်ခံစာတွေအပါအဝင် အထောက်အထား စာရွက်စာတမ်းတွေ အားလုံးကို ကျနော်တို့ တင်ထားခဲ့ပြီးပြီ” ဟု ဦးအေးမြင့်ကပြောသည်။ ILO ၏ ကြားဝင် ဆောင်ရွက်မှုအပြီးတွင် ဤကလေး တပ်စခန်းမှ ထွက်ခွါလာနိုင်လိမ့်မည်ဟု အကောင်းဘက်မှ မျှော်လင့်ကြောင်းဖြင့် သူကပြောပါသည်။
How cocaine and corruption led to the indictment of Maduro
25 minutes ago

No comments:
Post a Comment