1.11.2009

ခိုင်ချိန်ပေါင်၏ အလစ်အငိုက် ဖြတ်ထုံးများ

အွန်လိုင်းစစ်ပွဲနှင့် ခိုင်ချိန်ပေါင်

ကမ္ဘာလုံးဆိုင်ရာ အွန်လိုင်းစစ်ပွဲကြီးသည် မြန်မာဒီမိုကရေစီရေးလှုပ်ရှားသူ တချို့၏ တဦးကိုတဦး အပြစ်တင် ဝေဖန်မှုများ၊ တဦးမျက်နှာ တဦး ချစ်ကြည်စွာ သဲနှင့်ပက်မှုများ၊ တဦးနှင့်တဦး ပုဆိုးဆွဲချွတ် သိက္ခာချ ကြည်စားနေမှုများ၊ တဦးဖိနပ် တဦးတက်နင်း နေမှုများကြောင့် ဖြစ်ပွားလာရသည် ဆိုလျှင် မှားမည်မထင်။ ခေတ်မှီ အိုင်တီ နည်းပညာများကို တီထွင်ခဲ့ကြသည့် ဥာဏ်ကြီးရှင်များပင် ရှိုက်ကာရှိုက်ကာ ငိုကြွေး နေရလေပြီ။

၎င်းတို့၏ငိုကြွေးမှုများကြောင့် နိုင်းမြစ်ကြီး၏ မြစ်ရေမှာ စိုးရိမ်ရေအမှတ်သို့ရောက်ရှိကာ အီဂျစ်အစိုးရမှ နိုင်ငံတကာသို့ အရေးပေါ် အကူအညီ တောင်းခံလိုက်တော့သည်။ UN အတွင်းရေးမှုး ဘန်ကီမွန်းမှ ကုလသမဂ္ဂအရေးပေါ် ညီလာခံ ခေါ်ယူလိုက်ရာ… UN အရေးပေါ် ညီလာခံမှ အမေရိကန်သမ္မတ ဂျော့ဘုရှ်ကို ဤအရေးကိစ္စအား ဖြေရှင်းပေးရန် တာဝန်ကို ကန့်ကွက်မဲ မရှိပဲ ထောက်ခံလိုက်ပါသည်။ ဘုရှ်မှ ဤအရေးပေါ်ကိစ္စကို စစ်ရေးနည်းဖြင့် ဖြေရှင်းရာ အောင်မြင်မှု လုံးဝမရှိပဲ အမေရိကန်စီးပွားရေး ပျက်ကပ်ကြီးပါ ဖြစ်ပေါ်လာပြီး ကမ္ဘာ တစ်ဝှမ်းလုံးပါ မျှဝေ ခံစားနေရ ပါတော့သည်။

ဇန်နဝါရီ လထဲ၌ အမေရိကန်သမ္မတအသစ် အိုဘားမားကို ဂျော့ဘုရှ်မှ လုပ်ချင်တာလုပ်ပြီး ဖြစ်ချင်တာဖြစ်ပုံစံဖြင့် လွှဲပြောင်းပေးရပါတော့မည်။ အိုဘားမား အစိုးရအဖွဲ့ရဲ့အသစ်စက်စက် နိုင်ငံခြားရေး ဝန်ကြီးလောင်း ဟီလာရီကလင်တန်မှ သူမ ဒီပြဿနာကို ဖြေရှင်း ပေးနိုင် ကြောင်း ကြေငြာလိုက်ပါသည်။

ထို့နောက် ဟီလာရီကလင်တန်နှင့် အဖွဲ့သည် ထိုင်းနိုင်ငံမဲဆောက်မြို့ ဈေးနား၊ နတ်စင်လမ်းထဲရှိ ပေါင်ချိန်ရုံးခန်းသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါတော့သည်။ ပေါင်ချိန်ခမြာမှာ တရုပ်ဈေးကွက် စီးပွါးရေးတွင် ဈေးကောင်းရသဖြင့် ခိုင်ဖုန်းမြို့မှ သူ့ တရားရုံးကို ရောင်းပြီး နောက်ထပ် တရားရုံး မဝယ်နိုင် တော့သဖြင့် အခြေအနေအရ မဲဆောက်ဈေးထဲသို့ ရွေ့လာခဲ့ရရာ ကံအကြောင်းမလှစွာဖြင့် ကျောင်းဆရာ ခိုင်ချိန်ပေါင်နှင့် အိမ်နီးနားချင်း လာဖြစ်နေပါသည်။

ပေါင်ချိန်ရုံးခန်း၏ ထောင့်နား၌ ပိတ်စကန့်လန့်ကာဖြင့် ကာထားသော တလလျှင် ဘတ် ၅၀၀ သာ ပေးရသည့် အခန်းကျဉ်းလေးတွင် နေသည့် ခိုင်ချိန်ပေါင်မှာ တလလျှင် ထောက်ပံ့ကြေး ၂၂၅၀ (မှတ်ချက်-ဒေါ်လာမဟုတ်ပါ) ရရှိသူ ကျောင်းဆရာ ဖြစ်ပြီး။ ငွေကြေး ပြတ်လပ်သည့် အခါတိုင်း ရှိသည့် အဟောင်းအမြင်း ပစ္စည်းလေးများကို ချိန်တွယ်ရောင်းချလိုက်၊ ပေါင်လို့ ရတာလေးကို ပေါင်သုံးလိုက် လုပ်နေရာမှ နာမည်အရင်းပျောက်၍ ခိုင်ချိန်ပေါင် အမည်ရလာခြင်း ဖြစ်သည်။ ပေါင်ချိန်တို့အဖွဲ့ ငွေယားလေးရွှင်နေသဖြင့် ကာရာအိုကေ သွားလိုက်၊ မာဆတ်သွားလိုက် လုပ်နေကြရာ ၄င်းတို့ မရှိသည့်အချိန် အမှုသည်လာတိုင်း ခိုင်ချိန်ပေါင်မှ ပုံမှားရိုက်ကာ အလစ်အငိုက် ဖြတ်ထုံးများဖြင့် အများပြည်သူကို ကူညီနေသူလည်း ဖြစ်သည်။

ထိုအနှီ ခိုင်ချိန်ပေါင်သည် နံနက်ခင်းမှ သုံးလိပ်နှစ်ဘတ်ဖြင့် ဝယ်ထားသော နောက်ဆုံးလက်ကျန် သုခိတာ ဖက်ကြမ်းတိုလေးကို ဖွာလျှက် စွန့်ခွာသွားသော ချစ်ဇနီးလေးကို သတိရလျှက် ရှိနေချိန်တွင် ရုံးရှေ့မှ အသံများကြားရသဖြင့် တရားသူကြီးပေါင်ချိန် ထိုင်သော ခုံတွင် ခပ်တည်တည်ဖြင့် ဝင်ထိုင် နေလိုက်ပါသည်(ထုံးစံအတိုင်း ပေါင်ချိန်မှာ ဘယ်အလေလိုက် နေမှန်းမသိပါ)။

ခိုင်ချိန်ပေါင်……ကျောင်းမှတိုလာသော စာရွက်ဖိသည့် ဖန်တုံးဖြင့် စာပွဲကိုထု၍

“အမှုအကြောင်း ပြောစမ်း”

ဟီလာရီ….“ကျမဒီကိုရောက်လာရခြင်း အကြောင်းက အွန်လိုင်း နိုင်ငံရေးသမားတွေ စတဲ့ ဇတ်လမ်းကနေ…အခုဖြစ်လာတဲ့ ကမ္ဘာ့စီးပွား ပျက်ကပ်ကြီး ကို ဖြေရှင်း ပေးစေလိုတာပါ ဆရာကြီး” ဟုအစချီကာ ဖြစ်စဉ်များကို ဇာတ်ကြောင်းပြန်နေရာ ခိုင်ချိန်ပေါင်က မှင်သေသေဖြင့် နားထောင်နေပါသည်။

ဟီလာရီ…..“ဒီကိစ္စဟာ တကမ္ဘာလုံးအတွက် အင်မတန်မှအရေးကြီးတဲ့ ကိစ္စဖြစ်လို့ ဆရာကြီး

အနေဖြင့် ကမ္ဘာသူ ကမ္ဘာသားအရေးကိုကြည့်ပြီး ဆုံးဖြတ်ချက်ချပေးလိုပါတယ်

ဆရာကြီး”

ခိုင်ချိန်ပေါင်………….“ဒီလိုအဖြစ်မျိုးတွေရှိသကိုး” ….ဒုံး(စာပွဲကိုထုလျှက်) “အမိန့်ချမယ်…အားလုံးနာခံကြ”

“အာကာသထဲ လွှတ်တင်ထားတဲ့……..ဆက်သွယ်ရေး ဂြိုလ်တု အားလုံးကို…လေဆာရောင်ခြည်နဲ့…ပစ်ချစေ..”

ထိုသို့ပြောင်မြောက်စွာ အမိန်ချပြီး ပေါင်ချိန်၏ လုပ်ထုံးလုပ်နည်းအတိုင်း လှည့်အထွက်တွင် ဝဲစရာ ဝတ်ရုံစ မရှိသဖြင့် ဝတ်ထားသော နှစ်ခြမ်းကွဲ ပုဆိုးကြီးကို (ပေါင်ချိန်ကဲ့သို့ အောက်ခံ ဘောင်းဘီတို မပါပဲနှင့်) ဝဲလိုက်ရာ ဟီလာရီကလင်တန်ခမြာ ဝမ်းသာလုံးဆို့သွား လေသည်လား မသိ သတိလစ်လျှက် ကျန်ခဲ့ ပါလေ တော့သည်။

နောက်ဆက်တွဲ ရရှိသော သတင်းများအရ ဟီလာရီ ကလင်တန်သည် နှလုံးရောဂါ ပြင်းထန်လာသဖြင့် မယ်တော် ဆေးခန်း၏ အစီအစဉ်ဖြင့် အမေရိကန်သို့ ပြန်ပို့ လိုက်ရကြောင်း သိရပါသည်။

ဆရာကြီးအောင်ခိုင်မှ မှတ်တမ်းရေးသားပြုစုသည်။

1 comment:

  1. Hi!! Your blog are very ingenius and nice. I hope follow my blog.

    ReplyDelete