2.01.2009

အနှစ်(၆၀)ပြည့် ကရင်တော်လှန်ရေးနေ့ အခမ်းအနား

Photos of 60th Karen Revolution Days

ဖေါ်ပြထားသော ဓါတ်ပုံများကို http://saffrontoward.blogspot.com မှပိုင်ဆိုင်ပါသည်။ မည်သူမဆို ကူးယူအသုံးပြုနိုင်ပြီး ကျွန်တော်တို့ ဘလော့မှ ကူးယူဖေါ်ပြကြောင်းကိုသာ ဖေါ်ပြပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်။
ငါးမိနစ်ခန့် ပဲ့ချိတ်လှေ စီး၍ သောင်ရင်းမြစ်ကို ဖြတ်အပြီး ကျွန်တော်တို့ စီးလာသည့် လှေက ကျောက်စရစ် သဲဆန်ဆန် သောင်စပ်တွင် ထိုးဆိုက်သွားသည်။ အခြားသူများ ဆင်းရန်ပြင်ဆင်နေချိန်တွင် ကျွန်တော်ကတော့ ခံစားမှုတခုဖြင့် ထိုမြေပြင်ကို တပ်မက်စွာ ကြည့်နေမိသည်။ ထိုမြေကို ကျွန်တော် နင်းခွင့်မရခဲ့သည်မှာ ကြာခဲ့ပြီ။ ပထမ ခြေတလှမ်း ချအပြီး ထိုမြေတဆုတ်ကို ကောက်ယူ နမ်းရှိုက်မိသည်။ မြေကြီးသည် မြေကြီးသာ ဖြစ်သော်လည်း ထိုမြေကတော့ ကျွန်တော့်အတွက် လွတ်လပ်သော ရနံ့ တို့ဖြင့် မွှေးပျံ့နေသလိုပင်။

ဒါသည် ကျွန်တော်တို့မြေ၊ ကျွန်တော်တို့၏ အမိမြေပင် မဟုတ်ပါလား။ မြေပုံပေါ်တွင် ကြည့်ပါက သောင်ရင်းမြစ်နှင့် မြင့်မားသည့် တောင်တန်းကြီးကြားတွင် မျဉ်းလေးတကြောင်း ပမာဏမျှသာ မြင်ရ ပေလိမ့်မည်။ သို့သော် ဒါကျွန်တော်တို့ ပိုင်သောမြေ ၊ လွတ်လပ်မှုနှင့် တရားမျှတမှုတို့ကို ကိုယ်စား ပြုသည့်မြေ၊ ကျွန်တော်တို့၏ လွတ်မြောက်နယ်မြေပင်။

အပေါ်ဘက် တောင်ကုန်းကို အတက်တွင် လက်နက် ကိုင်ဆောင် ထားသူများကို မြင်နေရသည်။ ကျွန်တော့် ရင်ထဲတွင် ကြောက်ရွံ စိုးထိတ်စိတ်က တစိုးတစိမျှပင် ဖြစ်မလာပါ။ ထိုလက်နက်များက ပြည်သူတို့ကို ဖိနှိပ်သည့် လက်နက်များမဟုတ်။ တရားမျှတ သော ခုခံကာကွယ်စစ်ကို ကိုယ်စားပြုမှု၊ တန်းတူညီမှုနှင့် လူအခွင့်အရေး များကို ကာကွယ်မှု အတွက်သာဖြစ်ပြီး ဖိနှိပ်ရန် အတွက် ကိုင်ဆောင်ထားခြင်းမဟုတ်၍ စိုးရွံ့နေရန် မရှိပါ။

ထိုင်းနယ်စပ် ဒေသနှင့် နေရာအနှံအပြားမှ လာကြသူများ၏ မျက်နှာများပေါ်တွင် ထိုလွတ်လပ်သော အမိမြေပေါ် ခြေချခွင့်ရသည့် အတွက် ပျော်ရွင်ကြည်နူးမှုများကို အထင်းသားမြင်နေရသည်။ သောင်းကျော်သော လူအုပ်ကြီး အတွက် ပေးရန် နေရာထိုင်ခင်း လုံလောက်မှုမရှိ၊ အလျှင်မှီကြွေးမွေးရန် အတွက်ပင် တက်သုတ်ရိုက် နေကြရသည်။ မြေပေါ်မှာ ဖြစ်သလို နေရာယူထားသူများ ကောက်ရိုးခင်းကာ လဲလျှောင်းနေကြသူများ ၊ ရိုးရာဝတ်စုံများ ဝတ်ဆင်ထားသော ဒုံးအဖွဲ့များ၊ ရေလှိုင်းကြီးလို ဆက်ကာ ဆက်ကာ အဆက်မပြတ် လာနေကြ သူများ ဖြင့် ပြည့်ကျပ်လျှက် ရှိနေသည်။ အားလုံး၏ ရင်ထဲတွင် ထိုနေရာတွင် ပြုလုပ်မည့် အခမ်းအနားကို မည်သည့် အခြေအနေမျိုးဖြင့်မဆို ပါဝင်ဆင်နွဲရန်ကိုသာ စိတ်ဝင်စားနေကြသည်။ ထိုအခမ်းအနားသည်ကား ကရင့် တော်လှန်ရေးနေ့ပင် ဖြစ်ပါတော့သည်။

၁၉၄၉ခုနှစ်က စတင်ခဲ့သည့် ကရင်အမျိုးသား တော်လှန်ရေးကြီးသည် ယခု ဇန်နဝါရီလ ၃၁ရက်တွင် နှစ် ၆၀ တင်းတင်းပြည့် ခဲ့ပြီ ဖြစ်သည်။ ကရင် တမျိုးသားလုံးအတွက် -
`` တရားမျှတမှု၊ လွတ်လပ်မှု၊ တန်းတူရည်တူရှိမှု၊ ငြိမ်းချမ်းမှု ´´
များအတွက် တိုင်ပွဲ ဝင်လာခဲ့သော တော်လှန်ရေးကြီးသည် ၁၉၈၈ခုနှစ် အရေးတော်ပုံကြီးနောက်ပိုင်းမှ စ၍ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်သော တော်လှန်ရေး အင်အားစုကြီး အဖြစ်ထင်ရှားစွာ ပြောင်းလဲလာခဲ့သည်။ ယခုအခါ ကရင့်အမျိုးသား တပ်မတော်သည် ဒီမိုကရေစီ တော်လှန်ရေးအတွက် ကြီးမားသော ခံတပ်ကြီး တခုအဖြစ် ခိုင်မာစွာ ရပ်တည်နေဆဲပင် ဖြစ်သည်။

ထိုနှစ် (၆၀) ပြည့် ကရင့်တော်လှန်ရေးနေ့အခမ်းအနားကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA) ထိန်းချုပ်ရာ တပ်မဟာ (၇) နယ်မြေတွင် ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာ့ဒီမိုကရေစီ မဟာမိတ် အင်အားစုများ အပါအဝင် တိုင်းရင်းသားအဖွဲ့အစည်း အသီးသီးတို့က တက်ရောက်ခဲ့ကြသည်။ ကရင့် တော်လှန်ရေး စတင်ချိန်ကတည်းက ပါဝင်ခဲ့သော တပ်မှုးဟောင်းကြီးများ စစ်ပွဲအတွင်း ခန္ဓာကိုယ် အစိတ်အပိုင်း များကို ပေးဆပ်ခဲ့ကြသော ရဲဘော်ဟောင်းများလည်း အသီသီး တက်ရောက်ကြသည်။

အဆိုပါအခမ်းအနားတွင် ကရင်အမျိုးသား အစည်းအရုံး(KNU) ဒုဥက္ကဋ္ဌ ပဒိုဒေးဗစ်သာကဘောက ၂၀၁၀ တွင် စစ်အစိုးရ ပြုလုပ်မည့် ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း သတင်းထောက် များအား ပြောကြား ခဲ့သည်။

“ကျနော်တို့အနေနဲ့က ၂၀၁၀ ရွေးကောက်ပွဲကို မလုပ်ဖို့၊ နအဖက သူရဲ့အာဏာ ဆက်လက်တည်မြဲရေးအတွက် ပုံစံတမျိုးနဲ့ လုပ်ဆောင်ခြင်းဖြစ်တယ်၊ ကျနော်တို့အနေနဲ့က လုံးဝ လက်မခံပါဘူး၊ အစကတည်းကလဲ သူတို့ လမ်းပြမြေပုံတခုလုံးကို လက်ခံ ခဲ့တာမဟုတ်ပါဘူး၊ အဓိကက ကျနော်တို့ ဒီ တွေ့ဆုံဆွေးနွေးရေးကို အတိုက်အခံ အင်အားစုတွေအားလုံးနဲ့ လုပ်ပြီး ဆွေးနွေးဖို့ ဖြစ်ပါတယ်” ဟု ပဒိုဒေးဗစ်သာကဘောက ပြောသည်။

ကရင်တော်လှန်းရေး ဖြတ်သန်းခဲ့ရပုံနှင့်ပတ်သက်၍ အောင်မြင်မှုများကို ကြည့်မည်ဆိုပါက ယနေ့တိုင် အားကောင်းနေလျှက်ရှိနေ သေးကြောင်း ၎င်းက ဆက်ပြောသည်။

“ဖဆပလ လက်ထပ်ကတည်းက နှစ်နှစ်အတွင်းချေမှုန်းမယ်တို့ ဘာတို့ သူတို့ပြောလာခဲ့တာ အခုချိန်ထိ ကရင့်တော်လှန်ရေးဟာ ရှိမြဲရှိနေတုန်း အားကောင်းလျှက်ပဲ ရှိနေပါတယ်၊ နိုင်ငံရေးဟာလည်း အားကောင်းလာပါတယ်၊ ဖဆပလလည်း ပြုတ်ကျသွားပြီ၊ ပထစအစိုးရလဲ ပြုတ်ကျသွားပြီ၊ နေဝင်း မဆလအစိုးရလဲ ပြုတ်ကျသွားပြီ၊ နောက် နအဖကလဲ သူတို့အတွင်းမှာတင် ပြဿနာ တက်ပြီ” ဟု သူက ပြောသည်။

ကရင့်တော်လှန်ရေးသည် ကရင်လူထုတရပ်လုံးနှင့်အတူ မြန်မာပြည်သူများအားလုံး၏ တော်လှန်ရေးဖြစ်ပြီး ပြည်တွင်းပြည်ပရှိ ကရင် လူထုတရပ်လုံးနှင့် မြန်မာပြည်သူအားလုံး ပူးပေါင်းပြီး နအဖစစ်အာဏာရှင် ပြုတ်ကျရေး၊ ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင် သွားရန်ကို တောင်းဆိုကြောင်း ဇိုယာဖန်းက ပြောသည်။

“ကျမတို့တော်လှန်ရေး မအောာင်မြင်သေးတာက ကျမတို့ ညံ့လို့မဟုတ်သလို ရန်သူကတော်နေလို့လည်း မဟုတ်ပါဘူး၊ တိုင်းရင်းသားတွေရော ဒီမိုကရေစီအင်အားစုတွေရော ဒီထက်ပိုပြီး ပူးပေါင်းလုပ်ဆောင်ဖို့ လိုမယ်ထင်ပါတယ်၊ လူထုတွေကိုလဲ ထိထိရောက်ရောက် စည်းရုံးဖို့လိုတယ်၊ နိုင်ငံတကာအဖွဲ့အစည်းတွေ အစိုးရတွေကိုလဲ ဖိအားပေးဖို့ စည်းရုံးလုပ်ဆောင်ရမယ်” ဟု ၎င်းက ပြောသည်။

ကရင့်အမျိုးသားတပ်မတော်မှ ခွဲထွက်သွားပြီး နအဖနှင့် ငြိမ်းချမ်းရေးလုပ်ထားသည့် ဒီကေဘီအေအဖွဲ့များ ဖြစ်ပေါ်လာခြင်း ကိုကြည့်လျှင် ကရင်လူမျိုးများ စည်းလုံးညီညွတ်မှု အားနည်းနေခြင်းကြောင့်ဖြစ်သည်ဟု ဇိုယာဖန်းက ဆက်ပြောသည်။

KNLA တပ်မှုးတဦးက နှစ်ပေါင်း ၆၀တိုင်တိုင် ယခုလို ရပ်တည်နိုင်ခဲ့တာဟာ ခိုင်မာတဲ့ လမ်းစဉ်နှင့် မှန်ကန်တဲ့ လုပ်ရပ်တွေ ကြောင့်သာ ဖြစ်တယ်။ ကရင်အမျိုးသား တပ်မတော်ဟာ မြန်မာပြည် ဒီမိုကရေစီ တော်လှန်ရေးအောင်မြင်တဲ့ အထိ အားလုံးနှင့် လက်တွဲပြီး မဆုတ်မနစ် တိုက်ပွဲဝင်သွားမည်ဟုပြောပြသည်။

ထို့အပြင် ကရင်အမျိုးသားတပ်မတော်မှ စစ်သည်တဦးက “ကရင့်တော်လှန်ရေး အောင်မြင်မယ်လို့ ယုံကြည်ပါတယ်၊ ဘာကြောင့် ကျနော်တို့ မျှော်လင့်ရတာလဲဆိုတော့ စစ်မှန်တဲ့တရားကို ကိုင်စွဲပြီးတော့မှ ဒီတော်လှန်ရေးကို ဆင်နွှဲတယ်၊ ကျနော် ကရင်စစ်သား တယောက်အနေနဲ့ အမှန်တရားကို ချစ်မြတ်နိုးတယ်၊ အမှန်တရားကို ကိုင်စွဲတိုက်ပွဲဝင်တာကြောင့် လက်နက်ကိုင်တော်လှန်ရေးကို အောင်မြင်မယ်လို့ ယုံကြည်တယ်” ဟု ပြောသည်။

စစ်ဆိုသည်ကား မိနစ်ပိုင်း နာရီပိုင်း ရက်ပိုင်းမျှကြာလျှင်ပင် ခါးသည်းစရာကောင်းလှသည်။ အသက်များ၊ သွေးများ၊ ခန္ဓာကိုယ် အစိတ်အပိုင်းများ အသက်အိုးအိမ် စည်းစိမ်များစွာ ထိုနှစ်၆၀ အတွင်း မရေမတွက် နိုင်အောင် ပေးဆပ်ခဲ့ရပေမည်။ ကျွန်တော် စစ်ကို ခါးသည်းစွာ မုန်းပါသည်။ သို့ရာတွင် တရားမျှတမှုကို ကြမ်းကြုတ် သွေးဆာ အာဏာရှုးနေသူများ ထံမှ လက်ဖြန့်တောင်းနေ၍ မရ။ အာဏာမှလွဲ၍ ဘာမျှ မသိသူများ၏ မျိုးပြုတ်အောင် သတ်ဖြတ်ခြင်းကိုပင် ခံကြရပေလိမ့်မည်။ တရားမျှတမှု အတွက် အနည်းဆုံး ခုခံစစ်တော့ ရှိရပေမည်။ လွန်ခဲ့သော လအနည်းငယ်ကပင် အမေရိကန်အစိုးရက ကရင့်တော်လှန်ရေး တပ်မတော်သည် မိမိတို့ အမျိုးသားများ အတွက် လက်နက်ကိုင်စွဲ သူများသာဖြစ်၍ အကြမ်းဖက် သမားများမဟုတ်ဟု ကြေညာသွားခဲ့သည်။

အာဏာရှင် စနစ်အောက်တွင် လူသားတန်ဘိုးနှင့် လူအခွင့်အရေးများချိုးဖေါက် ခံနေရသည့် တိုင်းရင်းသား လူမျိုးများ အားလုံးနှင့် တမျိုးသားလုံးအတွက် စစ်ကိုမုန်းလျှက် ကျွန်တော်တို့ ဆက်တိုက်ကြရပေဦးမည်။

မြန်မာပြည်၏ ဒီမိုကရေစီနှင့် တန်းတူညီခွင့်များအတွက် တရားမျှတစွာ တိုက်ပွဲဝင်နေသော ကရင့်အမျိုးသား တပ်မတော် အောင်မြင်ပါစေကြောင်း ဆန္ဒပြုလိုက်ပါသည်။
ရွက်စိမ်း
(ဇိုယာဖန်းသည် လုပ်ကြံသတ်ဖြတ်ခြင်း ခံရသည့် KNU အထွေထွေအတွင်းရေးမှုး ဖဒိုမန်းရှာ၏ သမီးဖြစ်ပါသည်။ KNLA တပ်မှူးမှာ တပ်ရင်း(၁၀၁)မှ ဖြစ်ပြီး အခြား Documentary တခုအတွက် အင်တာဗျူး ဖြေထားခြင်းသာဖြစ်၍ အမည်ကို ချန်လှပ်ထား ရခြင်း ဖြစ်ပါသည်။ အကြံပြု ဝေဖန်မှု အတွက် အထူးလေးစား ကျေးဇူးတင်ပါသည်။)

1 comment:

  1. ဇိုယာဖန်း ဆိုတာ ဘယ်သူလဲ ဘာတာဝန်ရှိတဲ့ သူလဲ ဘာလူမျိုးလဲ ဒီအခမ်းအနားမှာပြောတာလား သတင်းထောက်တွေကိုပြောတာလား ရေဒီယိုကပြောတာလား ဖတ်ရတာ မရှင်းလို့ ပါ
    နောက်တခါ ရေးယင် တချက်လောက် ရှင်းရှင်းလင်းလင်းရေးပေးစေချင်ပါတယ်
    တပ်မှုး တဦး ဆိုတဲ့နေရာမှာလည်း နံမည်လေးတော့ ထည့်ယင် သူ့ အတွက် မနစ်နာနိုင်သလို သတင်းအတွက် ပိုပြီး အားကောင်းစေပါတယ်။

    သတင်း အရည်အသွေး ကောင်းမွန်စေရန် ဆန္ဒ ဖြင့် .....

    ReplyDelete