1.20.2009

နာဂစ်ဒဏ်မှ ရုန်းကန် နာလန်ထနေသည့် ကွမ်းခြံကုန်းက အသံများ

၂၀၀၈ခုနှစ် မေလက နာဂစ်မုန်တိုင်းဒဏ် ခံခဲ့ရသော ဒေသများတွင် ကော့မှူးကွန်းခြံကုန်း ဒေသလည်း တခု အပါအဝင်ဖြစ်ခဲ့ ပါသည်။ ယခုအချိန်အထိ ဆိုင်ကလုန်း နာဂစ်ကြောင့် ကြုံတွေ့ ခဲ့ရသော ပျက်စီး ဆုံးရှုံး မှုများမှ ကြီုးစား ရုန်းကန်နေရ မှုများအပြင် စစ်အာဏာပိုင် များနှင့် သူတို့၏ လက်ပါးစေများ၏ အောက်ပါ ဖိနှိပ်မှု များကို ခံစားနေကြရပါကြောင်း ဒေသခံ များ၏ ပြောပြချက်အရ သိရပါသည်။

(၁) သတင်းထဲတွင် ကျွဲနွားများ ဝေငှ လက်တွေ့ကျ ဝယ်ယူရ

ထိုဒေသသည် လယ်ယာစိုက်ပျိုးရေးကို အဓိက ထားလုပ်ကိုင်သည့် ဒေသဖြစ်ရာ အမြန်ဆုံး ပြန်လည် ထွန်ယက် စိုက်ပျိုးနိုင်ရန်အတွက် ဆုံးရှုံးသွားသော ကျွဲနွားများ အတွက် အခမဲ့ ပြန်လည် ဝေငှ ပေးသည်ဟု သတင်းများမှ ကြေညာ ခဲ့ပါသည်။ လက်တွေ့တွင်မူ မြို့နယ် လယ်ယာ ဦးစီးမှုး လွင်ဦးဆိုသူက မြို့နယ် အာဏာပိုင်များ၊ ကျေးရွာ တာဝန်ရှိသူများနှင့် ပေါင်းကာ ကျွဲနွား တကောင် လျှင် ကျပ်ငွေ တသိန်းခွဲ အထိ လယ်သမားများ ထံမှ ကောက်ယူ ခဲ့ကြောင်း ဒေသခံ လယ်သမားများက ပြောပြပါသည်။

ထို့သို့ ပေးဆောင်ခဲ့ရမှုများ ရှိသော်လည်း လက်ရှိ လယ်ယာမြေများ၏ အခြေအနေမှာ ယခင်ကဲ့သို့ အထွက်နှုန်းများ ကောင်းမွန်မှု မရှိသေးခြင်း၊ ကမ္ဘာ့ စီးပွါးပျက် ကပ်ကြောင့် ဆန်ဈေးနှုန်းများ ကျဆင်းခြင်း တို့ကြောင့် စားဝတ်နေရေး အတွက် လွန်စွာ အခက်တွေ့နေရသေးကြောင်း ဒေသခံ လယ်သမားများမှ ပြောပြ ပါသည်။

(၂) အလကား ဝေတယ်ဆိုပြီးမှ ငွေအတင်းပြန်ကောက်နေလို့ တဲ့

နာဂစ်အပြီး ပျက်စီးသွားသော အိမ်များအတွက် တအိမ်ထောင်လျှင် သွပ်ပြား အချပ်နှစ်ဆယ်စီ ဝေခဲ့ရာ ထိုစဉ်က တီဗီ နှင့် ဓါတ်ပုံများရိုက်ကာ ကြေငြာခဲ့ကြ သော်လည်း ယခုအခါ ထိုသွပ်ပြား ဖိုးငွေများကို ပြန်လည် ကောက်ယူ နေသည်ဟု သိရပါသည်။ ထိုငွေကို မပေးနိုင်လျှင် အိမ်မိုးထားသော သွပ်များကိုပင် ပြန်ခွာယူ မည်ဟု ခြီမ်းခြောက်မှုများ ပြုလုပ်နေသဖြင့် လွန်စွာ စိတ်ဆင်းရဲ သောကရောက်နေရကြောင်း အိမ်ရှင်မ တဦးမှ ပြောပြ သွားပါသည်။ ကောက်ခံငွေမှာလည်း ထိုအချိန်က သွပ်ပြားပေါက်ဈေး ထက်ပင် ပိုမို များပြား နေသေး ကြောင်းလဲ ပြောပြသွားပါသည်။

(၃)ကောက်ခံငွေတွေများ စားစရာကရှား

ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အခက်အခဲများစွာကြားက မိမိတို့ဘာသာ ရုန်းကန် နေရသည့်ကြားမှ စားဝတ်နေရေး အတွက် လွန်စွာ အခက်အခဲ ဖြစ်နေရသည့် အခြေအနေ တွင်ပင် ကောက်ခံငွေများက များပြား လွန်းလှသည့်အတွက် ဘယ်လို ရပ်တည်ရမှန်းပင် မသိတော့ ပါကြောင်း အိမ်ထောင်ဦးစီး တဦးမှ ပြောပြသွား ခဲ့ပါသည်။

“ပျက်တဲ့အိမ်တွေကို အကူအညီရမရတော့ မသိပေမယ့် ဓါတ်ပုံရိုက်တင်ပြဖို့ အတွက် ဓါတ်ပုံ ကြေးဆိုပြီး တအိမ်ကို ၃၀၀၀ကျပ်၊ ပုံမှန်လည်း တခါမှ မလာတဲ့ လမ်းမီးတိုင်ကြေးဆိုပြီး တအိမ်ကို ၄၀၀၀ကျပ်၊ နောက် ဒီလောက် အခက်အခဲတွေ ဖြစ်နေရတဲ့ကြားက ပျော်ပွဲရွင်ပွဲ လုပ်ဖို့ ကြေးဆိုပြီး တအိမ်ကို ၄၀၀ကျပ် ဆိုပြီး အမျိုးမျိုး ခြိမ်းခြောက် တောင်းနေကြတာ စားဖို့တောင် ဘယ်လို လုပ်ရမှန်းမသိတဲ့ကြားမှာ အဲဒီကောက်ခံ ငွေတွေက အမျိုးမျိုးဆိုတော့ တခါတခါ နာဂစ်ထဲမှာ သေသွားတာကမှ ကောင်းလိမ့်ဦးမယ်လို့တောင် တွေးမိ ပါတယ်ဗျာ” ဟု အိမ်ထောင်ဦးစီး အမျိုးသားတဦးက ပြောပြသွားခဲ့ပါသည်။

တခုထူးဆန်းသည်မှာ ကွမ်းခြံကုန်းသည် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး လွန်းသီ၏ မွေးရပ် ဇာတိ ဖြစ်ရာ ၄င်း၏ မွေးရပ်ဇာတိ ရွာတွင်မူ ထိုသို့ ကောက်ခံ အတင်းအဓမ္မဆောင်ရွက်မှုများ မရှိကြောင်း သိရပါသည်။

Saffron Reporter

No comments:

Post a Comment