1.07.2009

ဘန်ကောက်မြို့ တွင် ပုလိပ်ယောင်ဆောင်၍ မြန်မာအလုပ်သမားများထံမှ ဖုန်းနှင့် ငွေများလုယူ

ဇန္န၀ါရီ ၇ ရက်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်တွင် ပုလိပ်ယောင်ဆောင်၍ မြန်မာအလုပ်သမားများထံမှ ဖုန်းနှင့် ငွေများ လုယူခံနေရကြောင်း လုယူခံရသော မြန်မာအလုပ်သမားများက ပြောသည်၊

ယခုလ (၆)ရက်နေ့ ညနေ ၄ နာရီခန့်က ဘန်ကောက်မြို့၊ ထူးဘူရီမြို့နယ်၊ ဘန်မကေ့အိုနယ်မြေ၊ စူစ၀ပ်လမ်း ဒါခနောင်နယ်မြေရှိ ၀ပ်တနိုင်ဈေးအတွင်းတွင် ဈေးဝယ်ရန်လာသော မြန်မာအလုပ်သမားသုံးဦးတို့အား ထိုင်းပုလိပ် အယောင်ဆောင်သူတစ်ဦးက လိုက်လံဖမ်းဆီးခဲ့သဖြင့် အလုပ်သမားများ နေအိမ်ခန်းသို့ ထွက်ပြေးလာခဲ့ကြသည်။

သို့ရာတွင် ထိုင်းအမျိုးသမီးတစ်ဦး လိုက်လံပြသသဖြင့် အခန်းတွင် ဖမ်းဆီးမိခဲ့သည်။ လက်ထိပ်ခတ်ပြီးနောက် အလုပ်သမားများကို ပါးရိုက်၊ ခေါင်းကိုထုရိုက်ပြီး ခြေထောက်ဖြင့်ကန်ကျောက်သဖြင့် အလုပ်သမားများမှာ လည်ပင်းနှင့် ခေါင်းတို့တွင် ဒါဏ်ရာအနည်းငယ်ရရှိသွားခဲ့သည်။

ဒါဏ်ရာအများဆုံးရရှိသွားသော အသက်(၂၀)အရွယ်ရှိ ကရင်ပြည်နယ်၊ ဘားအံမြို့နယ် မြိုင်ကလေးမှ မဘူဝါက “ကျမထိုင်းကိုရောက်တာ (၄)နှစ်ကျော်(၅)နှစ်နီးပါးရှိပြီ အိမ်ဖေါ်အလုပ်လုပ်ပါတယ်။ အခုအလုပ်မရှိလို့ သူငယ်ချင်း တစ်ယောက်ဆီမှာ ခဏနေတာပါ။ ဈေးဝယ်ထွက်လာတော့ ပုလိပ်လိုက်ဖမ်းတယ်။ ကျမတို့ထွက်ပြေးတယ်။ ထိုင်းမတစ်ယောက်လိုက်ပြလို့ မိသွားပါတယ်။ လက်ထိပ်ခတ်ပါတယ်။ ကျမကိုလည်ပင်းညှစ်တယ်။ ခေါင်းကိုထုတယ်။ ခြေထောက်နဲ့ကန်တယ်။ ပြီးတော့ ပိုက်ဆံရှာတယ်။ ပိုက်ဆံမရတော့ ဖုန်းတစ်လုံးကိုယူသွားပါတယ်” ဟုပြောသည်။

တစ်ရွာတည်းနေ၊ အသက် ၁၅နှစ်အရွယ် မဇာနီသိန်းနှင့် အသက် ၁၉နှစ်အရွယ် မောင်ကောင်းလီတို့လည်း ရိုက်နှက် ကန်ကျောက် ခံခဲ့ရသည်။

ပုလိပ် အယောင်ဆောင်သူက အဆိုပါအလုပ်သမားသုံးဦးကိုဖမ်းဆီး၍ အိုင်ဒီစီအချုပ်ခန်းသို့ ပို့ဆောင်ပေးခဲ့သဖြင့် အဆိုပါ အလုပ်သမားများမှာ နယ်စပ်ကိုပြန်ပို့ခံရမည်ဖြစ်သည်

အချုပ်ခန်းတွင်အမှုတစ်ခုဖြင့် ရက်ရှည်ချုပ်နှောင်ခံနေရသော မ-------က”ထိုင်းပုလိပ်အစစ်ဆိုရင် လမ်းလျှောက် စကားပြောစက်ပါမယ်၊ ပြီးတော့ ဖမ်းမိတဲ့ နယ်မြေရဲစခန်းမှာ စါရင်းဝင်မယ်၊ ပြီးမှဒီဗဟိုအချုပ်ကြီးကို ပို့တယ်၊ ခုဟာက အဲလို မဟုတ်ဘူး၊ ဒါကြောင့် ပုလိပ် အယောင် ဆောင်သူ ဖြစ်တယ်လို့ ပြောလို့ရပါတယ်၊ ပုလိပ်အတုဖြစ်ဖြစ် အစစ်ဖြစ်ဖြစ်အဖမ်းခံရတဲ့ မြန်မာတွေမှာ ဘတ်မရှိတဲ့ အတွက်နယ်စပ်ကို ပြန်ပို့ခံရမှာပဲ’’ ဟု ပြောသည်။

ယခုလ(၁)ရက်နေ့က ဘန်ကောက်မြို့ ဆူကူဗစ် ၂၆ လမ်းတွင် အိမ်ဖေါ်အလုပ်လုပ်ကိုင်သူ အသက်၂၃ နှစ်အရွယ် ကရင်ပြည်နယ် ဘားအံမြို့အမှတ်(၉)ရပ်ကွက်မှ မဇူလိုင်မိုးသည် ဆူကူဗစ် ၉၃ လမ်းတွင် အလုပ် လုပ်သော သူငယ်ချင်းထံသို့ တက္ကစီ စီး၍သွားစဉ် ကားမောင်းသမားက ဗမာလား၊ ဘတ်ရှိလား၊ ဖမ်းလို့ရတယ်ဟူ၍ ခြိမ်းခြောက်ပြီး မြန်မာပြည်သို့ ပြန်ပို့ရန် ပါသွားသော ဘတ်ငွေ(၆၀၀၀)နှင့် ဖုန်းတစ်လုံးကို လုယက် ယူဆောင်သွားခဲ့သည်။

သူမက "ကျမတစ်ခါမှမကြုံဖူးပါဘူး။ ပိုက်ဆံအိပ်ထဲရှိသမျှ ယူသွားတာပဲ၊ နိုးကီးယားဖုန်းကို ယူသွားပါတယ်။ ဖုန်းကဒ်ကိုတော့ ထုတ်ပေးခဲ့ပါတယ်။ ကျမ ကိုးရီးယားလူမျိုးအိမ်မှာ အိမ်ဖေါ်လုပ်ပါတယ်။ တစ်လ(၆၀၀၀)ရပါတယ်”ဟု ပြောသည်။

လွန်ခဲ့သောနှစ်နှစ်ခန့်က ဘန်ကောက်မြို့တောင်ဘက် ချာချင်ချောင်မြို့မှ ဘန်ကောက်မြို့သို့ အစ်ကိုဖြစ်သူထံသို့ တက္ကစီငှား၍လာခဲ့သော အသက် ၁၅ နှစ်အရွယ် ကရင်တိုင်းရင်းသူလေးတစ်ဦးအား ကားမောင်သူက အဓ္ဓပြုကျင့် ခဲ့သည်။

ထိုင်းနိုင်ငံအတွင်း လာရောက်အလုပ်လုပ်ကိုင်ကြသော မြန်မာအလုပ်သမားများသည် ထိုင်းပုလိပ်အယောင်ဆောင်သူများ၊ လမ်းသရဲများ၊ ကားမောင်းသူများ၏ လုယက်ခြင်း၊ သတ်ဖြတ်ခြင်း၊ အဓ္ဓမပြုကျင့်ခြင်းများ မကြာမကြာ ခံရလေ့ရှိသည်။

No comments:

Post a Comment