1.13.2009

ဘုရားထီးတင်ပွဲတွင် ကလေးငယ်တစ်ဦးထူးဆန်းစွာသေဆုံး


ဇန္န၀ါရီ ၁၃

တနသာင်္ရီတိုင်း ထားဝယ်ခရိုင် သရက်ချောင်းမြို့ နယ်၊အောက်သရက်ချောင်းရွာအနီး ရွာဦးဘုရား ထီးတင်ပွဲတွင် လေပွေ ရုတ်တရက် တိုက်ခတ်၍ ကလေးငယ် တစ်ဦး သေဆုံးခဲ့သည်။

ပြာသိုလပြည့်နေ့ (ဇန္န၀ါရီ ၁၀)ရက်နေ့က အောက်သရက်ချောင်း ရွာဦးဘုရား ထီးတော်တင်ပွဲတွင် နံနက်ပိုင်း ကိုးနာရီ ကျော်ခန့် အချိန်၊ တရားနာပြီးနောက် ဘုရားရင်ပြင်တွင် ဘုရားဖူးများ နားနေကြစဉ်၊ ယာယီအအေး ဈေးဆိုင် အတွင်း အိပ်နေသောတစ်နှစ် လေးလအရွယ် မတင်မိုးခိုင် မှာ လေပွေနှင့်အတူ အုန်းပင်ခန့် မြင့် ပါ သွားခဲ့ပြီး အဆိုပါ ဘုရားခြေတော်ရင်းသို့် အမြင့်မှ အရှိန်ဖြင့် ပြုတ်ကျခဲ့သည်။

အဖွားဖြစ်သူ ဒေါ်သန်းဌေး က အအေးဈေးဆိုင်တွင်း ကလေးငယ်ကို သိပ်ထား၍ ဈေးရောင်းနေစဉ် လေပွေ ရုတ်တရက် ၀င်ရောက်လာပြီး ဆိုင်ခန်းအမိုးနှင့် အတူ ကလေးငယ် လွင့်ပါသွားခဲ့သည် ဟု ဆိုသည်။ ဘုရားဖူး များက ကလေးငယ်ကို လိုက်လံကယ်တင် ၀ိုင်းဖမ်းကြသော်လည်း အမြင့်သို့ ပါသွားခဲ့သည်။

ကလေးငယ်သည် လေထဲတွင် မိနစ်အတန်ကြာဝဲ နေရာမှ ဘုရားခြေတော်သို့ လွင့်ကျလာသောအခါ အရိုးများ ကျိုးကြေသွားပြီး နှာခေါင်းနှင့် ပါးစပ်တို့မှ သွေးများ ယိုစီးခဲ့သည်။ နီးစပ်ရာ ရေငဲ ရွာ ဆေးခန်းသို့ သွားရောက် ကုသခဲ့ သော်လည်း အသက်ပြန်လည်ရှင်သန် ခြင်းမရှိတော့ချေ။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဘန်ဘော် နယ်မြေတွင် အလုပ်နေကြသော မိဘနှစ်ဦးမှာ တစ်ဦးတည်းသော သမီးငယ် အတွက် စိတ်သောက ရောက်နေကြရသည်။ ဖခင်ဖြစ်သူ ကိုသားကြီးက “ကျနော်တို့ လင်မယားနှစ် ယောက် ဘန်ကောက်မှာ အလုပ်လုပ်နေကြပါတယ်။ ကျနော့် ယောက္ခမဆီကို သမီးလေး ငါးလကျော် ကတည်းက ပို့ထားတာပါ။ ဒီဓါတ်ပုံက မကြာခင်က ပို့လိုက်တဲ့ ပုံပါ။

မကြာခင် ကျနော့် သမီးလေးအတွက် ဘုန်းကြီးပင့်ပြီး ဒီက အလှူလုပ်ပြီး အမျှ ဝေပေးပါမယ်’’ ဟု ပြောသည်။ မိခင်ဖြစ်သူ မိခိုင် က”ရွာကဖုန်းဆက်လာတော့အံ့သြမိတယ်။ သမီးလေးအတွက် ၀မ်းနည်း နှမျောမိတယ်၊ ထူးဆန်းလို့ အမေတို့ရွာမှာ တတ်သိသူတွေကိုမေးကြည့်တော့ ဘုရားအစောင့် ခေါ်တယ်လို့ ပြောတယ်။ မနေ့က ဇန္န၀ါရီ(၁၂)ရက် နေ့မှာ သင်္ဂြဟ်တယ်လို့ ဖုန်းဆက်လာပါတယ်၊ သမီးလေး ကောင်းရာလားပါစေလို့ ဆုတောင်း ပါတယ်ရှင်” ဟုပြောသည်။

အောက်သရက်ချောင်းရွာ အနီး ရွာဦးဘုရားမှာ ရှေးဟောင်းဘုရား တစ်ဆူဖြစ်ပြီး ၀ိသမ လောဘသမားများ တို့ က ဌာပနာတိုက်ကို ဖေါက်ယူ၍ ဘုရားမှာ ပျက်စီးနေသည်။ ဒေသခံ အလှူရှင်များက ဘုရားကို ပြန်လည် ပြုပြင် မွမ်းမံပြီး မထမဦးဆုံး အကြိမ် ထီးတော်တင်ပွဲ ကျင်းပခြင်းဖြစ်သည်။

ဘုရားပွဲတော် စသည့်နေ့တွင် ယ္ခုကဲ့သို့ မမျှော်လင့်ပဲ ကလေးငယ်တစ်ဦး သေဆုံးခဲ့ရသဖြင့် ဘုရားဖူးလာ ပရိတ်သတ် များမှာ စိတ်မကောင်း ဖြစ်ကြရသည်။ ပထမဆုံး ပွဲတော် ဖြစ်သဖြင့် အနီးအနားကျေးရွာ ဆယ်ရွာ ကျော်မှ ဒေသခံ ပြည်သူများ လာရောက်ကြသဖြင့် အထူးစည်ကားကြောင်း သိရှိရသည်။

ကိုကျော်သောင်းမှ ပေးပို့ပါသည်။

No comments:

Post a Comment